ကွဲထွက်နေတဲ့ ဖုန်းကြိုးကို တိတ်နဲ့ပတ်ပြီးသုံးရာမှ ဓာတ်လိုက်သေခဲ့တဲ့ ကောင်မလေး


လူတွေဟာ မလိုအပ်တာတွေသာ ၀ယ်မိရင် ၀ယ်မိမယ်၊ လိုအပ်တာတွေကျရင်တော့ တစ်ခါတစ်လေ ၀ယ်ဖို့တောင် တွန့်ဆုတ်နေတတ်ပါတယ်။ ဒီထဲမှာ ဖုန်းအားသွင်းကြိုးတွေလည်း အပါအ၀င်ပါ။ ဖုန်းအားသွင်းကြိုးတွေက ကွဲထွက်လို့ အသစ်ဝယ်ဖို့အချိန်ရောက်နေရင်တောင် လူအများစုက ဒီအဟောင်းကိုပဲ တိတ်နဲ့ပတ်၊ သားရေပင်နဲ့ပတ်ပြီး သုံးတတ်ကြပါသေးတယ်။

အခုဖော်ပြပေးမယ့် ဖြစ်ရပ်လေးကတော့ ဖုန်းအားသွင်းကြိုးဟောင်းနေတာကို အသစ်မ၀ယ်ပဲ တိတ်နဲ့ပတ်သုံးတတ်တဲ့သူတွေအတွက် ထိုင်းနိုင်ငံက သတိပြုစရာဖြစ်ရပ်လေး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနေ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ မကြာသေးခင်ကပဲ ဖုန်းအားသွင်းကြိုးကတဆင့် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း worldofbuzz သတင်းဌာနအရ သိရပါတယ်။

သူမဟာ ကြိုးတွေဖွာထွက်နေတဲ့ ဖုန်းအားသွင်းကြိုးကို တိတ်နဲ့ ကပ်ပြီး ဆက်အသုံးပြုနေခဲ့တာပါ။ သူမအသုံးပြုနေရင်းနဲ့ပဲ ၄င်းကပ်ထားတဲ့ တိတ်ကလည်း ကွဲထွက်နေတာကြောင့် အဲ့ဒီကနေတဆင့် ဓာတ်လိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကောင်မလေးနာမည်ကတော့ နုန်ယင်းဖြစ်ပါတယ်။ သေဆုံးပုံကတော့ သူမရဲ့ ဓာတ်စီးနေတဲ့ ဖုန်းအားသွင်းကြိုးဟာ သူမအိပ်နေတဲ့ သံကုတင်ကို သွားထိနေခဲ့တာပါ။ ဒါကြောင့် ကောင်မလေးဟာ အိပ်နေတုန်းမှာပဲ လျှပ်စီးကြောင်းရှော့ခ်ရကာ သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

မနက်မိုးလင်းတော့မှ ကောင်မလေးရဲ့မိခင်ဟာ နုန်ယင်းကို ခုတင်ပေါ်မှာ အိပ်နေတယ်ထင်ပြီး သွားနှိုးရာက သမီးဖြစ်သူ သေဆုံးနေမှန်း သိလိုက်ရတာပါ။ နုန်ယင်းကို သွားနှိုးစဉ်မှာလည်း အနည်းငယ်ဓာတ်လိုက်သွားသလိုမျိုး ခံစားခဲ့ရတယ်လို့ သူမက ဆိုပါတယ်။ ဒါနဲ့ ချက်ခြင်းပဲ ဖုန်းအားသွင်းထားတဲ့ မီးခလုတ်ကို သွားပိတ်ခဲ့ပေမယ့် သမီးဖြစ်သူဟာ စိတ်မကောင်းစရာ သေဆုံးခဲ့ပြီဖြစ်ကြောင်းလည်း  နုန်ယင်းမိခင်က ပြောပြခဲ့ပါသေးတယ်။ ဒါကြောင့် မမျှော်လင့်ပဲ အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် ပျက်စီးနေတဲ့ အိုဟောင်းနေတဲ့ ဖုန်းအားသွင်းကြိုးတွေကို ဆက်အသုံးမပြုကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

Credit:လင်းလင်း (ShweMom)

မှတ်ချက်များ