ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာကျော် ဟောလီးဝုဒ် သရုပ်ဆောင် လီယိုနာ ဒို ဒီကာပရီယိုအား ငြိမ်းချမ်းရေး တမန်အဖြစ် ခန့်အပ်လိုက်ကြောင်း စက်တင်ဘာ ၁၆ရက် ယူအန်သတင်း ထုတ်ပြန်ချက်အရ သိရသည်။
“မစ္စတာဒီကာပရီယိုဟာ ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားမှုမှာ ဂုဏ်သိက္ခာရှိတဲ့ အသံတခု
ဖြစ်တယ်၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို ဟန့်တားဖို့၊ အလျင်အမြန်လှုပ်ရှား ဆောင်ရွက်ဖို့ လိုကြောင်း အသိပညာ ပေးရေးစတဲ့ UN ရဲ့ ကြိုးပမ်းမှုတွေမှာ သူအနေနဲ့ ကူညီပေးမယ့်ဆိုတော့ ကျေနပ်ဝမ်းမြှောက် မိပါတယ်”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
လီယိုနာဒိုသည် ကုလသမဂ္ဂငြိမ်းချမ်းရေးတမန်အဖြစ် စက်တင်ဘာ ၂၃ရက်တွင် ရာသီဥတုဆိုင်ရာထိပ်သီး အစည်းအဝေးသို့ တတ်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
“ကျနော်အနေနဲ့ ဒီတာဝန်ကို လက်ခံယူရတာ၊ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အရေးကြီးပြဿနာရပ်တွေနဲ့ ပတ်သက်လို့ အထွေထွေအတွင်းရေးမှူးရဲ့ လုပ်ဆောင်ချက်တွေမှာ ကူညီဆောင်ရွက်ရမှာကို ဂုဏ်ယူပါ တယ် ၊ နောက်ပြီး လူသားသမိုင်းအတွက် အရေးကြီးနေတဲ့အချိန်မှာ နူတ်ဆိပ်မနေနိုင်ပါဘူး၊ ဒါဟာ ၀တ္တရား တခုလို့ကို ခံယူထားပါတယ်၊ လာမယ့်နှစ်တွေမှာ ရာသီဥတုဖောက်ပြန်လာမှုကို ကျနော်တို့ ဘယ်လိုတုန့်ပြန် မလဲဆိုတဲ့အပေါ်မှာ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာဟာ မှီတည်နေပါတယ်”ဟု လီယိုနာဒိုက ပြော သည်။
လီယိုနာဒိုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တတ်ကြွလှုပ်ရှားသူလည်း ဖြစ်ပြီး အဆို ပါကိစ္စရပ်များအတွက် သူ၏လှူဒါန်းမှုများနှင့် ပတ်သက်၍ မကြာခဏ သတင်းများ၌ ဖော်ပြခံရသူဖြစ်သည်။
လီယိုနာဒိုသည် ဖေဖော်ဝါရီလက အဏ္ဏ၀ါလောကထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဒေါ်လာ ၃သန်းလှူ ဒါန်းခဲ့ပြီး၊ လအနည်းငယ်အကြာတွင် ဒေါ်လာ ၇သန်း ထပ်မံလှူဒါန်းခဲ့ပြန်သည်။ စက်တင်ဘာ ၂၁ရက်တွင် လီယိုနာဒိုအား သူ၏ ပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများအတွက် ကလင်တန်ဖောင်ဒေးရှင်းက လည်း ဂုဏ်ပြုဆု ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
အနုပညာလောကမှ အကြော်အမော်များဖြစ်သော အပ်ဒွပ်နော်တန်၊ မိုက်ကယ်ဒေါက်ဂလက်စ်၊ ချားလစ်သီ ရွန်၊ ဂျော့ခ်ျကလူနီနှင့် စတီဗီဝန်းဒါးတို့သည်လည်း ကုလသမဂ္ဂငြိမ်းချမ်းရေးတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရ ဖူးသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ