ချင်းပြည်နယ်အတွင်း တာဝန် ထမ်းဆောင် လျှက်ရှိသော အစိုးရ ၀န်ထမ်းများ အနေဖြင့် လဒ်ပေး လဒ်ယူမှု များ ပြုလုပ်ပါက အမြန်ဆုံး အရေးယူမှု ပြုလုပ်တော့မည် ဖြစ်ကြောင်း ပြည်နယ် လွှတ်တော် အစည်းအဝေး တွင် ပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းက ပြောကြားခဲ့သည်။
ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် စက်တင်ဘာလ ၅ ရက်နေ့က ၈ ရက်နေ့အထိ ကျင်းပခဲ့သော ပထမ အကြိမ် ချင်းပြည်နယ် လွှတ်တော် န၀မမြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် အတွင်းရှိ အစိုးရဌာန ဆိုင်ရာ ၀န်ထမ်း များသည် ဒေသခံပြည်သူများ အပေါ် မချေမငံဆက်ဆံမှု၊ လူတန်းစားခွဲခြားဆက်ဆံမှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အပေါ် ပြည်နယ်အစိုးရအနေဖြင့် ၀န်ထမ်းများအား အရေးယူခြင်း၊ သင်တန်း
များပို့ချခြင်း အစီအစဉ် ရှိမရှိ ထန်တလန်မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးလာလ်မောင် ကျူံး၏ မေးမြန်း ချက် အပေါ် ၀န်ကြီးချူပ်က ယခုကဲ့သို့ ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့ ထုတ် The Hakha Post သတင်းစာ တွင် ဖေါ်ပြ ထားသည်။
နိုင်ငံတော် သမ္မတမှ (Third Wave) အစီအစဉ် အရေးတကြီး ဖေါ်ဆောင်နေစဉ် ၀န်ထမ်း များ အနေဖြင့် မိမိ တို့  ကျရာ တာဝန်အသီးသီးတွင် ၀န်ထမ်းစည်းကမ်းချက်နှင့်အညီ လဒ်ပေးလဒ်ယူ မှု ပြုလုပ်ခြင်း၊ ခွဲခြား ဆက်ဆံမှု များ မပြုလုပ်ကြရန်၊ သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူများက လည်း လက်အောက်ခံ ၀န် ထမ်းများကို စနစ်တကျ ကြီးကြပ်ရန် ဦးဟုန်းငိုင်းကပြောကြားခဲ့သည်ဟု သိရသည်။
ထို့ အပြင် လွှတ်တော်အမတ်များအနေဖြင့်လည်း အချိန်မရွေး လိုအပ်သလို ၀န်ထမ်းများ စောင့် ကြည့်ပေး ရန် နှင့် မမှန် မကန် ပြုလုပ်သူ၊ လဒ်ပေးလဒ်ယူပြုလုပ်သူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိ သူများထံ အမြန် ဆုံး တိုင်ကြားပြီး အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ် က ပြောကြားခဲ့ သည်ဟုသိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံသစ်ဆီသို့  တက်လှမ်းသည်နှင့်အညီ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ မိန့် ခွန်း ပြော ကြားရာ၌သော်လည်းကောင်း၊ အမိန့် ကြေညာရာ၌ လည်းကောင်း အစိုးရ ရုံး များ တွင် တာဝန်ထမ်း ဆောင်သူ များအား အစိုးရ၀န်ထမ်း မဟုတ်တော့ ဘဲ ပြည်သူ့ဝန်ထမ်းသို့ အမည် နာမ ပြောင်း လဲသွားပြီ ဖြစ်သကဲ့သို့  ပြည်သူများ သက်ဆိုင်ရာဌာန အသီးသီးကို လာရောက်ကြသည့် အခါ ကောင်းမွန်စွာ ဆက်ဆံကြရန် နှင့် လဒ်ပေးလဒ်ယူမှု မပြု လုပ်ရန် အမိန့် ထုတ်ပြန်ပြီဖြစ်သော်လည်း တချို့ဝန်ထမ်းများသည် ၎င်းတို့ ရုံးသို့  သွားသည့် အခါ ကောင်းကောင်းမွန်မွန် ဆက် ဆံခြင်းမရှိသည့်အပြင် လူတန်းစား ခွဲခြားဆက်ဆံမှု များ ဆက်လက် ရှိနေဆဲဟု ချင်းအမျိုးသားပါတီ လွှတ်တော် အမတ် ဦးလာလ်မောင်ကျူံးက လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။
Khonumthung News Group

မှတ်ချက်များ