ပြိုင်ပွဲကနေ ဖယ်ရှားတဲ့ စွပ်စွဲမှုအတွက် ကျေနပ်တဲ့အထိ တောင်းပန်စေလိုတဲ့ ပက်ထရစ်ရှာ

Miss Myanmar World 2014 ပြိုင်ပွဲဝင် အလှမယ် ပက်ထရစ်ရှာကို စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီလို့ ပြိုင်ပွဲ က ထုတ်လိုက်တယ်လို့ ကြေညာပြီးတစ်ရက်အကြာမှာ အလှမယ် ပက်ထရစ်ရှာက သူ့ကို သိက္ခာကျအောင် လုပ်တာမို့ တောင်းပန်စေချင်တယ်လို့ စက်တင်ဘာ ၁၁ရက်မှာ ပြောဆိုခဲ့ပါတယ်။ သူတို့တွေ ဘာတွေဖြစ် ကြပြန်ပြီလဲ။

ပြိုင်ပွဲဝင် ခါးနံပါတ် ၇ အလှမယ် ပက်ထရစ်ရှာဟာ လေ့ကျင့်ရေးရက်တွေမှာ ပုံမှန်မလာဘဲ ခွင့်မတိုင်ပျက် ကွက်တာကြောင့် ထုတ်ပယ်တယ်လို့ သတင်းထုတ်ပြန်ရတဲ့အကြောင်း Miss World Myanmar က ကိုစိုးသူ ရက ကမာရွတ်မီဒီယာကို ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူကို ခွင့်မတိုင်တာမို့ စည်းကမ်းအရ ထုတ်ခဲ့ တာပါလို့ ဆိုပါတယ်။

အကဲဖြတ်ဒိုင်တစ်ယောက်က သူ့ကို အတင်းကမ်းလှမ်းလို့ Miss Myanmar Worldပြိုင်ပွဲဝင်ခဲ့တာဖြစ်ပြီး ဘာ ကိစ္စရှိရှိ အဲဒီဒိုင်လူကြီးနဲ့ပဲပြောပါလို့ညွှန်ကြားတာကြောင့် အလုပ်ကိစ္စမှန်သမျှ MRTV 4ရဲ့ Presenter လည်း လုပ်တဲ့ အဲဒီဒိုင်လူကြီးနဲ့ပဲဆက်သွယ်ခဲ့တယ်လို့ ပက်ထရစ်ရှာက ပြောပါတယ်။ အခုလည်းတစ်ပတ်လောက် အလိုကတည်းက အဲဒီဒိုင်လူကြီးကို ခွင့်တိုင်ချိန်မှာတစ်ဖွဲ့လုံးနားရက်ဖြစ်တယ်လို့ ပြန်ပြောတာကြောင့်
ကြော်ငြာရိုက်ကူးခဲ့တာပါလို့ ကမာရွတ်မီဒီယာကို ရှင်းပြပါတယ်။

ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေက ဘယ်သူတွေလဲဆိုတာ ရှင်းပြထားပြီးသားမို့ ပက်ထရစ်ရှာဘက်က တကယ် တာဝန်ရှိသူကို မဆက်သွယ်ခဲ့နဲ့ ခွင့်တိုင်တဲ့ ဒိုင်လူကြီးနဲ့ သူတို့အဖွဲ့ကြား အဆက်အသွယ်မရှိခဲ့တာကို နှိုင်း ယှဉ်ရင်တော့ ဒီကိစ္စမှာ ဘက်နှစ်ဖက်စလုံးက မှားတာလို့ ကိုစိုးသူရက သုံးသပ်ပါတယ်။ ပြိုင်ပွဲကနေ ထုတ် ပယ်တယ်ဆိုတဲ့အစား ဆန္ဒအရ နှုတ်ထွက်ခွင့်ပြုတယ်လို့ ပြန်လည်ပြင်ဆင်ပေးမယ်လို့ ဆိုပါတယ်။

ထုတ်ပယ်တာနဲ့ နှုတ်ထွက်ခွင့်ပြုတယ်ဆိုတာ စာသားလေးပြောင်းသွားတာပဲဖြစ်ပြီး သူ့အပေါ်အထင်လွဲနေ တဲ့ ပရိသတ်တွေနဲ့ သူသိက္ခာကျခဲ့ရတဲ့ကိစ္စ မပြောင်းလဲသွားတာကြောင့် သူ့ဘက်က ပျက်ကွက်ခဲ့တယ်ဆို တဲ့ စာသားကို ပြင်ဆင်ပြီး ကျေနပ်တဲ့အထိ တောင်းပန်စေချင်တယ်လို့ ပက်ထရစ်ရှာက ပြောပါတယ်။

နောင် အလှမယ်ပြိုင်ပွဲတွေလည်း ဝင်မပြိုင်တော့ဘူးလို့ ပက်ထရစ်ရှာက ပြောပါတယ်။ သူ့ကို ဖယ်ရှားလိုက် တဲ့ Miss Myanmar World 2014 ဖိုင်နယ်ရွေးပွဲကို လာမယ့် စက်တင်ဘာ ၂၇မှာ ကျင်းပမှာဖြစ်ပြီး ရွေးချယ်ခံ ရတဲ့ အလှမယ်ဟာ ဒီဇင်ဘာကျရင် လန်ဒန်မှာ ကျင်းပမယ့် Miss World 2014 ကို နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

kamayutmedia


မှတ်ချက်များ