မေမြတ်နိုးထံမှ သရဖူပြန်သိမ်းရန် ကိုရီးယားအဖွဲ့အစည်းဥက္ကဋ္ဌ မြန်မာပြည်လိုက်လာပြီ

Miss Asia Pacific World အလှမယ် မေမြတ်နိုးထံမှ သရဖူပြန်လည်သိမ်းယူရန် ကိုရီးယားအဖွဲ့အစည်း၏ ဥက္ကဋ္ဌ မစ္စတာချွိုင်ဂျင်ကိုယ်တိုင် မြန်မာနိုင်ငံသို့ရောက် ရှိနေပြီဖြစ်ကြောင်းMiss Asia Pacific Worldနေရှင်နယ် ဒါရိုက်တာမလှနုထွန်းက စံတော်ချိန်သို့ စက်တင်ဘာ ၃ရက်၌ ပြောဆိုသည်။

ကိုရီးယားအဖွဲ့အစည်းမှဥက္ကဋ္ဌဖြစ်သူနှင့် မြန်မာနိုင်ငံ ဆိုင် ရာ နေရှင်နယ်ဒါရိုက်တာမလှနုထွန်းတွေ့ဆုံ
ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နေရှင်နယ်ဒါရိုက်တာကို မပေးအပ်ပါကအဖွဲ့အစည်းသို့ တိုက်ရိုက်ပေးအပ်နိုင် ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

'ဘာကြောင့်လာလဲဆိုတာကို အခြားကိစ္စတွေကို အစ်မအတိအကျမသိပေမယ့်သရဖူပြန်လက်ခံမယ့် ကိစ္စတော့ ပါတယ်ဆိုတာသေချာတယ်။ သူနဲ့အစ်မ သြဂုတ် ၃၁ ရက်တွေ့ဆုံတုန်းက သူကပြောတယ်။

မေမြတ်နိုး (ခေါ်) သက်ထက်အောင်ကို မီဒီယာရှေ့မှာ သရဖူပြန်အပ်ပေးဖို့၊ နှစ်နိုင်ငံဂုဏ်သိက္ခာကျဆင်းအောင် လုပ်ခဲ့တဲ့အတွက်လည်းတောင်းပန်ပေး ဖို့နဲ့ ဘာကြောငြ့်ပန်လာရသလဲဆိုတာကိုလည်းရှင်းပြပြောဆိုပေးဖို့၊အဲဒီလိုပြန်လုပ်ပေးမယ်ဆိုရင်ပြန်စဉ်း စားပေးမယ်လို့ ဆိုပါတယ်'ဟု မလှနုထွန်းက ပြောဆိုသည်။

အလှမယ်မေမြတ်နိုးက နေရှင်နယ်ဒါရိုက်တာမလှနုထွန်းသည် နေရှင်နယ်ဒါရိုက်တာ တစ်ယောက်ကဲ့သို့ ပြုမူဆောင်ရွက်မှုမရှိဘဲ နေရှင်နယ်ဒါရိုက်တာမပီသမှုကြောင့်၎င်းထံသို့ သရဖူပြန်မအပ်နိုင်ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂ရက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

'နေရှင်နယ်ဒါရိုက်တာမပီသဘူးလား။ တာဝန်မကျေဘူးလားဆိုတာကိုပြန်စဉ်းစားတတ်ရင်သိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးသင်တန်းတစ်လလောက်သွားခဲ့ရတဲ့အလှမယ်က ဘယ်သူများပါလဲရှင်။ နောက်ပြီး ပြိုင်ပွဲတစ်လျှောက် အစ်မဘယ်လောက် ဖေ့စ်ဘုတ်ခ်စာမျက်နှာတွေက အားပေးခဲ့တယ်ဆိုတာ လည်း မြန်မာနိုင်ငံက ပရိသတ်တွေသိပါတယ်။ အစ်မအနေနဲ့ သူ့ကိုပြောချင်တာကတော့ မြန်မာနိုင်ငံ ကိုတကယ် ချစ် ရင်သရဖူကိုဘယ်လောက်ပဲတန်တန်ကိုရီးယားကို ပြန်အပ်ပေးပါလို့
ပြောချင်ပါတယ်။ အဲလိုမှမဟုတ်ဘူးဆိုရင် မြန်မာဆိုတာနဲ့ ရင်ဘတ်နဲ့ ၁၈ ဒေါ်လာပဲပြေးမြင်ကြတော့မှာပါလို့ ပြောချင်ပါတယ်'ဟုမလှနုထွန်းကပြောဆိုသည်။

အလှမယ်မေမြတ်နိုးက၎င်း၏အသက်သည်၁၆ နှစ်မပြည့်သေးသော်လည်း နေရှင်နယ်ဒါရိုက်တာ၏
ဆောင်ရွက်ပေးမှုကြောင့် အသက်မပြည့်ဘဲဝင်ပြိုင်ဖြစ်ခဲ့ရကြောင်း၊ ယင်းကြောင့်ယခုဖြစ်လာခဲ့သည့် ပြဿနာများတွင်လူကုန်ကူးခံရသည့် သဘောမျိုးသက်ရောက်နေပြီး ၎င်းအားကူညီပေးပါကယင်းကိစ္စကို ဥပဒေအရ ဖြေရှင်းသွားရန်ရှိကြောင်း မေမြတ်နိုးက သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။

'ဇွန် ၅ ရက်မှာ သူမှဲ့တစ်ပေါက်မစွန်းဘဲပြန်လာလို့ သရဖူတောင်ပါလာသေးတာ လူကုန်ကူးမှုလား။ သူ့အမေနဲ့သူကိုယ်တိုင် လှနုကို ဘာမှအကြောင်းမကြားမပြောဘဲသွားကြပြီးမှ အဆင်မပြေတဲ့အခါမှ လှနုကြောင့်ဆိုရင်ကော တရားပါသလားရှင်။ ကြိုက်တာပြောပါတော့။သူ့ကို ဒုက္ခပေးဖို့အချိန်ကုန် ၊ငွေကုန်ခံပြီးကိုရီးယားကို အမေရော သမီးလေးပါ လာလည်ဖို့ခေါ်ခဲ့ကြတယ်ဆိုရင်တော့လည်း
အစ်မမှာ ပြောစရာမရှိတော့ပါဘူး'ဟုမလှနုထွန်းက ပြောသည်။

လက်ရှိဖေ့စ်ဘုတ်ခ်တွင်Missosologyinfo၀က်ဘ်ဆိုဒ်တွင်တင်ထားသည့်မေမြတ်နိုးဆာဂျရီလုပ်နေသည့် ဓာတ်ပုံဟုဖော်ပြထားပြီး ယခုကဲ့သို့ အလှမယ်မေမြတ်နိုးအနေဖြင့်ဆက်လက်လိမ်လည်နေပါက ဗီဒီယိုဖိုင်
ကိုပါတင်ပေးသွားမည်ဖြစ်ကြောင်း Asia Pacific World ကိုရီးယားအဖွဲ့အစည်းကြီးက ဖော်ပြထားသည် ဟု တွေ့ရှိရသည့်အပေါ်အတုအယောင်ဟုတ်၊မဟုတ်နှင့် မေမြတ်နိုးက ရင်သားဆာဂျရီမပြုလုပ်ခဲ့ဟုဆိုသော် လည်း အခြေအနေမှန်ကိုမလှနုထွန်းထံသို့ မေးမြန်းခဲ့သော်လည်း ၎င်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ် ရာမပေးလိုကြောင်း ဖြေကြားခဲ့သည်။

ဖိုးသူတော် | စံတော်ချိန်

မှတ်ချက်များ