ရွေးချယ်ရန် မော်တော်ယာဉ် အမျိုးအစားများသော ဇုန်ထုတ်ယာဉ်များ အဝယ်လိုက်နေ

မော်တော်ယာဉ် ဈေးကွက်အတွင်း ဇုန်ထုတ် မော်တော်ယာဉ်များကို CIF တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅ဝဝဝ အောက် ယာဉ်များအား တင်သွင်းခွင့် ပြုထားသဖြင့် တင်သွင်းသူများ အနေဖြင့် ရွေးချယ်ရန် မော်တော်ယာဉ် အမျိုးအစား များသောကြောင့် ဇုန်ထုတ် မော်တော်ယာဉ်များ အ၀ယ်လိုက်မှု များနေ
ကြောင်း သိရသည်။

စက်မှုဇုန် ထုတ်မော်တော်ယာဉ်များကို အပ်နှံခွင့်ပြုပြီး နောက်ပိုင်းတွင် စက်မှုဇုန် ထုတ် မော်တော်ယာဉ် များ၏ စလစ်ပေါက် ဈေးမှာ ငွေကျပ် သိန်း ၄ဝ ဝန်းကျင်ရှိပြီး အပ်ကား လက်ခံသည့် နေရာတွင် ကြန့်ကြာ မှုများကြောင့် အဝယ် နည်းပါးခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း အဝယ်ပြန် လိုက်လာကြောင်း ၊ လက်ရှိ
ဈေးကွက်အတွင်း ဇုန်ထုတ် မော်တော်ယာဉ် ဝယ်ယူသူအများစုသည် တစ်ပိုင်တစ်နိုင် မော်တော်ယာဉ် တင်သွင်းမည့်သူ များပြားကြောင်း သိရသည်။

သြဂုတ် နောက်ဆုံးပတ် အတွင်းက စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လက်ခံချိန်တွင် ''၁က'' အက္ခရာတန်းမော်တော်ယာဉ်များ ဈေးနှုန်း စတင် ကျဆင်းလာခဲ့ကြောင်း သိရသည်။

ယခင်က ''၁က'' အက္ခရာတန်း မော်တော်ယာဉ်များ ပေါက်ဈေးနှုန်းမှာ ငွေကျပ် သိန်း ၁၁ဝ မှ ၁၁၅ သိန်းအ ထိ ရှိနေရာမှ ယခု ပေါက်ဈေးနှုန်းမှာ ငွေကျပ် ၇၁ သိန်းခန့် အထိ ကျဆင်းခဲ့ကြောင်း သိရသည်။ ''၁က'' အက္ခရာတန်း မော်တော်ယာဉ်များကို တင်သွင်းရာတွင် သက်ဆိုင်ရာမှ အခွန် ၆ဝ ရာခိုင်နှုန်းအထိ လျှော့ချ
ပေးထားသော်လည်း တင်သွင်း သူများအနေဖြင့် ရွေးချယ်ရန် မော်တော်ယာဉ် နည်းပါးခြင်းကြောင့် အဝယ် နည်းသွားကြောင်း သိရသည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များကို သက်ဆိုင်ရာမှ ဇူလိုင် ၁၄ ရက်မှ စတင် လက်ခံခဲ့ပြီး ''၁က'' အက္ခရာ များကို ဧပြီလမှ စတင်၍ အပ်နှံမှုကို လက်ခံခဲ့ကြောင်း၊ ဇုန်ထုတ် မော်တော်ယာဉ်များနှင့် ''၁က'' အက္ခရာ တန်း မော်တော်ယာဉ်များ ကို နှိုင်းယှဉ်ကြည့်ပါက အကျိုးခံစားခွင့်မှာ ကွာဟမှု မရှိသော်လည်း စလစ်ဈေးမှာ ကွာဟမှု များသောကြောင့် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ အရောင်းအဝယ် ပြန်လည် ကောင်းမွန် လာခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်များ