စံပြဆေးရုံကြီးနှင့် စိတ်ကျန်းမာရေးဆေးရုံ အပါအ၀င် မူးယစ်ဆေးစွဲကုဌာန ခုနစ်ခုတွင် မူးယစ်ဆေးစွဲ ကုသရေးများကို One Stop Service စနစ်ဖြင့် စတင်လုပ်ဆောင်မည်

စံပြဆေးရုံကြီး(သင်္ဃန်းကျွန်း)အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း) နှင့် စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မူးယစ်ဆေးစွဲ ကုဌာနခုနစ်ခုတွင် မူးယစ်ဆေးစွဲရောဂါ ကုသရေးလုပ်ငန်းများကို One Stop Service စနစ်ဖြင့် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးစွဲရောဂါကု လုပ်ငန်းများကို မူးယစ်ဆေးရုံအခြေပြု၊ မူးယစ်ဆေးစွဲကုဌာန အခြေပြုနှင့် ပြည်သူလူထုအခြေပြု မူးယစ်ဆေးစွဲ ကုသရေးဟူ၍စနစ်သုံးမျိုးဖြင့်လုပ်ဆောင်လျက်ရှိကြောင်း
နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များ လျှော့ချရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် နောက်ဆက် တွဲ ဆိုးကျိုးများအဖြစ် အိတ်ခ်ျအိုင်ဗွီပိုးကူးစက်မှု အပါအဝင် အခြားသော ဆိုးကျိုးအန္တရာယ်များ လျော့ ပါးရေးအတွက် မက်သဒုန်းအစားထိုး တိုက်ကျွေးရေးဌာနများကို တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ယခုနှစ်အတွင်းက အမိန့်ကြေငြာစာအမှတ် ၂/၂ဝ၁၄ ထုတ်ပြန်ကာ စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်နှင့် ကောလင်းမြို့နယ်ဆေးရုံ၊ ရှမ်းပြည်နယ်တောင်ပိုင်း ကွမ်ဟိန်းနှင့် ခိုလန်မြို့နယ်ဆေးရုံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်စန်နှင့် မန်တုံမြို့ နယ်ဆေးရုံ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဆေးရုံ စုစုပေါင်းမူးယစ်ဆေးစွဲ ကုဌာနငယ် ခုနစ်ခု ဖွင့်လှစ် ထားကြောင်းနှင့် ယင်းဌာနငယ်ခုနစ်ခု အပါအဝင် စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း)၊ စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) များတွင် One Stop Service စနစ်ကို စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်က မူးယစ်ဆေးစွဲလူနာတွေကို ဆေးကုသမှုပေးတဲ့အခါမှာ တီဘီ၊ အိတ်ခ်ျအိုင်ဗွီ၊ သွေးစစ်တာ စတာတွေကို တစ်နေရာစီညွှန်းပြီး သွားခိုင်းရတယ်။ တစ်နေရာတည်းမှာ အားလုံးမရှိတဲ့အတွက် အချိန်အ ရရော ကုသရေးအရပါ အချိန်ကြန့်ကြာမှုတွေ ရှိတယ်။ အခု One Stop Service စနစ်မှာ မက်သ ဒုန်းဆေးပေးတာ၊ သွေးစစ်တာ၊ နှစ်သိမ့်ဆွေးနွေးပညာပေးတာ၊ အေအာန်တီဆေးနဲ့ တီဘီဆေးတွေ
ပေးတာတွေအပြင် ကာကွယ်ဆေးထိုးတာတွေနဲ့ စိတ်လူမှုဆိုင်ရာ ပံ့ပိုးပေးတာတွေကိုပါ တစ်ခါတည်းအား လုံး တစ်စုတစ်ဝေးတည်း လုပ်ဆောင်ပေးနိုင်အောင် စီစဉ်ထားပါတယ်။ ဒီလုပ်ငန်းကို ဒီနှစ်ကုန်ပိုင်းမှာ စလုပ် သွားမှာဖြစ်ပြီး လိုအပ်တဲ့သင်ကြားရေးပိုင်းတွေကိုလည်း လုပ်ဆောင်ပြီးပါပြီ” ဟု မူးယစ်ဆေးစွဲရောဂါ ကာ ကွယ်ကုသရေး စီမံချက်မှ စီမံကိန်းမန်နေဂျာ ဒေါက်တာလှဌေးက ဆိုသည်။

အိသဉ္ဇာကျော် | EMG

မှတ်ချက်များ