တရားမ၀င် ၀င်ရောက်လာသော တူရကီနိုင်ငံသား များအား ဆိုင်ကယ်ဖြင့် ခေါ်လာသူများကို အမှုဖွင့် အရေးယူ


ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာနိုင်ငံသို့ အထောက်အထားမဲ့ တရားမဝင် ခိုးဝင်လာသည့် တူရကီ နိုင်ငံသား များကို ဆိုင်ကယ်ဖြင့် ပို့ဆောင် ပေးခဲ့သူ မြန်မာနိုင်ငံသား ဆိုင်ကယ် ကယ်ရီသမား များကို လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ အရ အမှုဖွင့် အရေးယူ ထားသည် ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့အမှတ်(၂) ရပ်ကွက် လက်ဖက်ရည်ဆိုင် တွင် အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီခန့် က မသင်္ကာဖွယ် တွေ့ရသော တူရကီ နိုင်ငံသား ငါးဦးကို ခေါ်ယူ စစ်ဆေးခဲ့ရာ ၄င်း တို့သည် ခိုင်မာသည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသောကြောင့် ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနက အရေးယူ ပေးရန် တိုင်တန်းမှုကို ကျိုင်းတုံမြို့နယ် ရဲစခန်း က (ပ) ၁၂ဝ/၂ဝ၁၄၊ ၁၉၄၇ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁)/ ၁၃(၅) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ဖြစ်စဉ်ကို စစ်ဆေး ခဲ့ရာတွင် အဆိုပါ တူရကီ နိုင်ငံသား ငါးဦးကို ဆိုင်ကယ် ကယ်ရီမောင်းသူ မြင့်နိုင် ပါ မြ မာ နိုင်ငံသား ငါးဦး က ဆိုင်ကယ် ကယ်ရီ ငါးစီးဖြင့် အောက်တိုဘာ ၁၁ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့ မှတစ် ဆင့် တစ်ဦးလျှင် ငွေကျပ် ခုနစ်သိန်းဖြင့် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသဖြင့် ၄င်းတို့ကိုပါ အမှုဖွင့် အရေးယူ ထားခြင်း ဖြစ် သည်ဟု ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ သည်။

ကမ္ဘာ့ အကြမ်းဖက် သမားများ ၏ စာရင်းကို မြန်မာနိုင်ငံမှ လက်ခံ ရရှိပြီးနောက် မြန်မာနိုင်ငံသို့ အကြမ်းဖက် သမားများ မဝင်ရောက် လာနိုင်ရေး အတွက် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်ပမှ ဝင်နိုင် ထွက်နိုင်သော နေရာများ အား အထူးစစ်ဆေး စောင့်ကြပ်မှု များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ