မြောက်ကိုရီးယားနှင့် နယ်စပ်အနီး ခရစ္စမတ်သစ်ပင်အဖြစ် အသုံးပြုလေ့ရှိသည့် မျှော်စင်ကို တောင်ကိုရီးယားဖြိုချ


မြောက်ကိုရီးယားက နယ်စပ်တွင် ခရစ္စမတ်သစ်ပင် စိုက်ထူရန် အသုံးပြုလေ့ရှိသည့် မျှော်စင်တစ်ခု ကို တောင်ကိုရီးယားက ဖြိုချလိုက်ကြောင်း သိရသည်။

အဆိုပါ ဘာသာရေး အထိမ်းအမှတ် အဆောက်အအုံသည် ပေ(၆၀)မျှ မြင့်ပြီး ခရစ္စမတ် ကာလများတွင်
ရောင်စုံမီးများဖြင့် လှပစွာ စီခြယ်ပုံဖော်ထားလေ့ ရှိသည်။ မြောက်ကိုရီးယား နိုင်ငံဘက်မှ ထင်ထင်ရှား ရှား တွေ့မြင်ရသည့် ယင်းမျှော်စင်သည် တောင်ကိုရီးယား၏ ဝါဒဖြန့် သိမ်းသွင်းသည့် လုပ်ဆောင်မှု တစ်ခု ဟုစွပ်စွဲကာ ဖြိုချပေးရန် မြောက်ကိုရီးယားက အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။

အကယ်၍ မျှော်စင်ကို ဖြိုမချပါက မိမိတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဖြိုပစ်မည်ဟုပင် မြောက်ကိုရီး ယားက ခြိမ်းခြောက်ခဲ့ဖူးသည်။ ယခုကဲ့သို့ မျှော်စင်ကို ဖယ်ရှားလိုက်ခြင်းသည် မြောက်ကိုရီးယား၏ ခြိမ်း
ခြောက်မှုနှင့် ဆက်နွှယ်နေကြောင်း ခန့်မှန်း သတင်းများကိုမူ တောင်ကိုရီးယားဘက်က ငြင်းဆန်ထားသည်။

(၇)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ဘက်ခေါင်းဆောင်များ တွေ့ ဆုံဆွေးနွေးမှုအပြီး တစ်ပတ်မျှ အကြာတွင် မျှော်စင်ကို ဖြိုချလိုက်ခြင်း ဖြစ်သည်။ မျှော်စင်သည် နှစ်နိုင်ငံ နယ်နိမိတ်စည်းမှ (၂)မိုင်မျှ အကွာတွင် တည်ရှိပြီး မြောက်ကိုရီးယားဘက်ခြမ်း မြို့အချို့မှ ထင်ရှားစွာ တွေ့
မြင်နိုင်သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကမူ (၁၉၇၁)ခုနှစ် ကတည်းက ဆောက်လုပ်ထားသည့် မျှော် စင်သည် ပြိုကျနိုင်သည့် အန္တရာယ် ရှိသဖြင့် ကြိုတင် ဖျက်သိမ်းခဲ့ခြင်းဟု ပြောကြားထားကြောင်း ယွန်ဟပ် သတင်းဌာနက ဖော်ပြသွားသည်။

ထို့အပြင် မြောက်ကိုရီးယားက ခြိမ်းခြောက်မှုကြောင့် မျှော်စင်ကို ဖြိုချပစ်သည် ဆိုခြင်းကိုလည်း ငြင်းဆိုပြီး မကြာသေးမီက ပြုလုပ်သည့် လုံခြုံရေး စစ်ဆေးမှုများအရ မျှော်စင်၏ ကြံ့ခိုင်မှုပိုင်း အားနည်းချက်များ ရှိနေ သဖြင့် ယခုလို ဆုံးဖြတ်ခြင်းဟုလည်း ဝန်ကြီးဌာန အဆိုကို ကိုးကားပြီး ယွန်ဟပ်က ရေးသားထားခဲ့သည်။

(၂၀၀၄)ခုနှစ်က တောင်နှင့်မြောက် နှစ်နိုင်ငံ ဆွေးနွေးပြီး နယ်ခြားဒေသတွင် ဝါဒဖြန့်မှုများ မပြုလုပ်ရန် သဘောတူခဲ့သဖြင့် တောင်ကိုရီးယားက မျှော်စင်ကို ခရစ္စမတ်သစ်ပင် အနေဖြင့် အသုံးပြုရန် တားမြစ်ခဲ့ သည်။ သို့သော်လည်း (၂၀၁၀)ပြည့်နှစ်တွင် မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စီးက တော်ပီဒိုဖြင့် ပစ်ခတ်သည်ဟု ယူဆရသော အခြေအနေကြောင့် တောင်ကိုရီးယား တိုက်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သည့် ကိစ္စနောက်ပိုင်း မျှော်စင်တွင် ခရစ္စမတ်သစ်ပင် ပြန်လည်စိုက်ထူခွင့် ပေးခဲ့ကြောင်း သိရသည်။

7day

မှတ်ချက်များ