စာသင်ကျောင်းကို မိုးကြိုးပစ်လို့ ကျောင်းသူ ၂ ဦး သတိလစ်


ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲက ကျေးလက် စာသင်ကျောင်းတခုမှာကို တနင်္လာ ညနေပိုင်း ကျောင်း ဆင်းချိန်မှာ မိုးကြိုးပစ်ခဲ့တဲ့အတွက် ကျောင်းသူ ၂ ဦး သတိလစ်သွားကြောင်း သတင်းရရှိပါတယ်။

စလူဆိပ်ကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာမှာ တည်ဆောက်ထားတဲ့ မုန်တိုင်းဒဏ်ခံအဆောက်အအုံ မှာ ဖွင့်ထားတဲ့ အလယ်တန်းကျောင်းခွဲမှာ ဖြစ်ခဲ့ခြင်းပါ။

“မိုးကြိုးပစ်လို့ ကျောင်းသူလေး ၂ ယောက် သတိလစ်သွားတယ်။ ကျောင်းလာကြိုတဲ့ အမျိုးသမီး တ
ယောက်လည်း (လက်မောင်းမှာ) ဒဏ်ရာရသွားတယ်လို့ သိရပါတယ်” လို့ လပွတ္တာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဧရာဝတီကို ပြောပါတယ်။

ဒဏ်ရာ ရသွားတာကတော့ ကျောင်းလာကြိုသူ အသက် ၅၂ နှစ်အရွယ် ဒေါ်မိမိကျော်ဖြစ်ကြောင်း သိရပါတယ်။

မိုးကြိုးစက်ကွင်းမိပြီး သတိလစ်မေ့မြောသွားတဲ့ အသက် ၁၁ နှစ်နဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေး ၂ ဦးကို တာဝန်ရှိသူတွေက စလူဆိပ် ကျေးလက်ကျန်းမာရေးဌာနကို ပို့ဆောင်ပေးခဲ့တယ်၊
အခုတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ တဲ့။

ဧရာဝတီတိုင်းမှာ ယခုနှစ် မိုးဦးကာလနဲ့ မိုးနှောင်းပိုင်းကာလတွေမှာ မိုးကြိုးပစ်မှုတွေ ဖြစ်ပွားနေခဲ့ပြီး ဒီလ တတိယပတ်အတွင်းကလည်း ၀ါးခယ်မမြို့နယ်က တံငါသည်တဦးကို မိုးကြိုးပစ်ချခဲ့လို့ နေရာမှာတင် ပွဲချင်း ပြီး သေဆုံးခဲ့ရပါတယ်။

ဧရာဝတီတိုင်းမှာ ယခုနှစ်အတွင်း မိုးကြိုးပစ်လို့ လူ ၆ ဦးထက်မနည်း အသက်သေဆုံးခဲ့ကြောင်း တိုင်းရဲတပ် ဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။

ဆလိုင်းသန့်စင် | ဧရာဝတီ

မှတ်ချက်များ