လူသေမှုအတွက် အော်စကာ ပစ္စတိုးရီးရက်စ်ကို ထောင်ဒဏ်(၅)နှစ် ချမှတ်
ချစ်သူ မော်ဒယ်လ် မိန်းကလေး ရီဗာစတင်းကမ့်ပ် သေဆုံးစေမှုအတွက် တောင်အာဖရိက မသန်စွမ်းအ
ပြေးသမား အော်စကာ ပစ္စတိုးရီးရက်စ်ကို တောင်အာဖရိက တရားရုံး တစ်ခုက ထောင်ဒဏ်(၅)နှစ် ချ မှတ်လိုက်ပြီ ဖြစ်သည်။
(၂၀၁၃)ခုနှစ်၊ ဖေဖော်ဝါရီ (၁၄)ရက်က ဖြစ်ပွားသော အမှုသည် ယခုနှစ်၊ အောက်တိုဘာ (၂၁)ရက်တွင်မှ အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပစ္စတိုးရီးရက်စ်သည် စတင်းကမ့်ပ်ကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအဖြစ် လူသတ်မှု စွဲချက်မှ ကင်းလွတ်ခဲ့သော်လည်း လူသေမှုဖြင့် ယခုလို ထောင်ဒဏ် ကျ ခံရခြင်း ဖြစ်သည်။
မွေးရာပါ ခြေထောက်အောက်ပိုင်း အရိုးများ မပါရှိသဖြင့် ငယ်စဉ်ကတည်းက ခြေထောက်များ ဖြတ်
တောက်ခဲ့ရသော်လည်း သတ္တုခြေတုများ တပ်ဆင်ပြီး အိုလံပစ် အပြေးသမား တစ်ဦးအဖြစ် ကမ္ဘာကျော် ခဲ့သည့် ပစ္စတိုးရီးရက်စ်ကို ပရိသတ်များက Blade Runner ဟု ချစ်စနိုး ခေါ်ဝေါ်ခဲ့ကြသည်။
၎င်းသည် နေအိမ်တွင် အတူရှိနေစဉ် စတင်းကမ့်ပ်အား ပစ္စတိုသေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်။ ရေချိုးခန်း ထဲတွင် ရှိနေသည့် စတင်းကမ့်ပ်ကို ခိုးဝင်လာသူ တစ်ဦးဟု မှားယွင်းယူဆကာ ပစ်ခတ်ခဲ့မိကြောင်း ပစ္စတိုး ရီးရက်စ်က ထွက်ဆိုခဲ့သည်။
ပရီတိုးရီးယားမြို့ တရားရုံးတွင် အပြီးသတ် ချမှတ်သည့် စီရင်ချက်၌ တရားသူကြီး သိုကိုဇိုင်လ် မာဆီပါက ပစ္စတိုးရီးရက်စ်အား လက်နက်ကိုင်ဆောင်မှုအတွက် သီးခြားထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့သော်လည်း ယင်းပြစ်ဒဏ်ကို ဆိုင်းငံ့ပေးထားခဲ့သည်။ တရားသူကြီးသည် စီရင်ချက်နှင့် ပတ်သက်ပြီး လက်ထောက် များနှင့် တိုင်ပင်ညှိနှိုင်းမှု ရှိခဲ့သော်လည်း အပြီးသတ် ဆုံးဖြတ်ချက်ကို မိမိ၏ တစ်ဦးတည်း အမြင်ဖြင့် ချမှတ်ခဲ့ခြင်းဟု ဆိုသည်။
ပစ္စတိုးရီးရက်စ်သည် ထောင်ကျနေစဉ် အတောအတွင်း ၎င်းအတွက် လိုအပ်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်း ဆိုင်ရာ ကုသမှုများကို ဆက်လက် ခံယူခွင့် ရှိနေမည်ဟု သိရသည်။ တရားသူကြီးက စီရင်ချက်ကို ဖတ် ကြားရာတွင် အသက်(၂၉)နှစ်အရွယ်ရှိ စတင်းကမ့်ပ်၏ မိသားစုအတွက် နစ်နာဆုံးရှုံးမှုများကိုလည်း အသိ အမှတ်ပြု ဖော်ပြသွားသည်။
“စတင်းကမ့်ပ်ဟာ သေဆုံးချိန်မှာ ငယ်ရွယ်သေးတယ်။ သွက်လက်ချက်ချာတယ်။ ဘဝရဲ့ အနှစ်သာရကို အပြည့်ဝဆုံး ခံစားနေရတဲ့ အချိန်မျိုးဖြစ်တယ်။ ဒီလို ဆုံးရှုံးမှုမျိုးကို အစားထိုးလို့ မရနိုင်ဘူး။ ကျွန်မအနေနဲ့ ဘယ်လို စကားလုံးမျိုးနဲ့ ပြောဆိုတာပဲဖြစ်စေ၊ ဒီလိုဆုံးရှုံးမှုကို လုံလောက်အောင် ဖော်ပြနိုင်မှာ မဟုတ်ဘူး” ဟု တရားသူကြီးက ဆိုသည်။
စတင်းကမ့်ပ်၏ မိဘများက မိမိတို့၏ သမီးကို ပစ္စတိုးရီးရက်စ်က ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ခဲ့ခြင်း မဟုတ်
ကြောင်းကို လက်ခံရန် ခက်ခဲနေဆဲဟု ဆိုသည်။ “တကယ်လို့ သူပြောခဲ့တာ အမှန်ဆိုရင် တစ်နေ့နေ့တော့ သူ့ကို ကျွန်တော် ခွင့်လွှတ်နိုင်လိမ့်မယ် ထင်ပါတယ်။ တကယ်မဟုတ်ဘူး ဆိုရင်တော့ သူဟာ ဆိုးဆိုးရွား ရွား ခံစားထိုက်တယ်။ ခံစားသင့်တယ်။ အမှန်တရားကို သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်”ဟု စတင်းကမ့်ပ်၏ ဖခင်ဖြစ်သူ ဘယ်ရီစတင်းကမ့်ပ်က ပြောကြားသွားသည်။
7day

မှတ်ချက်များ