တစ်နိုင် တစ်ပိုင် ငါးရံ့ခြောက် ပြုလုပ် သူများ ယင် မနားသည့် ဆေးများ သုံးစွဲ နေကြ


ငါးရံ့ခြောက် ပြုလုပ်သည့် လုပ်ငန်းများ၌ တစ်နိုင်တစ်ပိုင် ငါးရံ့ခြောက် ပြုလုပ် ရောင်းချသူများသည် ငါးရံ့ခြောက် ပြုလုပ်ရာတွင် ယင်မနားစေရန် ဓာတုဆေးဝါးများ အသုံးပြုနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းချသူ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ ဈေးများအတွင်း စစ်ဆေးရာ ငါးရံ့ခြောက်များတွင် ယင်မ နားစေရန် ဆေးဝါးများ အသုံးပြုထားသည့် တွေ့ရှိချက်ကို ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးထွန်းအောင်က တောင်ဒ ဂုံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ဇုန်တွင် ငါးခြောက်များ ပြုလုပ်ရာ၌ ယင်မနားသည့်ဆေး အသုံးပြုခြင်း လုံးဝမ ရှိကြောင်း၊ ငါးရံ့ခြောက်များကို တစ်နိုင်တစ်ပိုင် ထုတ်လုပ်သူများကသာ အသုံးပြုဖွယ်ရှိနေကြောင်း
အောက်တိုဘာ ၁၄ ရက်က ကျင်းပသော ငါးလုပ်ငန်း ပုံမှန် တွေ့ဆုံပွဲ အစည်းအဝေး၌ ရှင်းလင်း ပြော ကြားခဲ့သည်။

ငါးခြောက် ပြုလုပ်ရာတွင် အဓိက အသုံးပြုရသည့် ပစ္စည်းမှာ ဆားဖြစ်ပြီး ငါးခြောက် မပြုလုပ်မီ ငါးများကို ဆားဖြင့် သိပ်ထားကာ နှစ်ရက်ခန့် ကြာသောအခါ ငါးခြောက် ပြုလုပ်ပါက ငါးများမှာ ဆားဝနေပြီဖြစ်၍ ပုပ်အဲ့နံစော်ခြင်း မရှိသောကြောင့် ယင်နားမှုမှလည်း လျော့ကျသွားတတ်ကြောင်း ငါးပိ၊ ငါးခြောက် ထုတ် လုပ်သူများထံမှ သိရသည်။

''ငါးခြောက်လုပ်မယ့် ငါးရလာရင် ခွဲစိတ်ပြီး ငါးခြောက်လုပ်တာ။ အဲဒီမှာ ငါးကို ဝနေအောင် ဆားသိပ် ထားတော့ ယင်ကောင်က သိပ်မနားတော့ဘူး။ တောင်ဒဂုံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ဇုန်ထဲမှာတော့ အဲဒီ ယင်မနားတဲ့ ဆေးကို လုံးဝ မသုံးဘူး။ ငါးပိ၊ ငါးခြောက် လုပ်တဲ့သူတွေက ဆားကိုနာနာ သုံးရတာ'' ဟု ၎င်းက ဆက်လက်ပြောသည်။

ငါးခြောက်ပြုလုပ်ရာတွင် ယင်မနားစေရန် အသုံးပြုသည့်ဆေးကို သစ်သီးများ စိုက်ပျိုးရာတွင် အသုံး
ပြုကြောင်း၊ တရုတ်နိုင်ငံမှ စစ်ဆေးချက်များအရ ယင်မနားသည့် ဆေးသည် ကျောရိုး ရှိသည့် သတ္တဝါ များကို အန္တရာယ် မပြုနိုင်ကြောင်းနှင့် များစွာအသုံးပြုပါက ထိခိုက်မှု ရှိနိုင်ကြောင်း ၎င်းက သုံးသပ်
ပြောသည်။

ထက်နေ | မြ၀တီ

မှတ်ချက်များ