ပုသိမ်ဆေးရုံကြီးမှ မှုခင်းဆေးစာ ထုတ်ပေးမှု ကြန့်ကြာသည့် အတွက် ပုသိမ်မြို့နယ် ရဲစခန်းများ အခက်အခဲဖြစ်နေ


ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့ ပြည်သူ့ ဆေးရုံကြီးကနေ မှုခင်းဆေးစာ ထုတ်ပေးရာမှာ ကြန့်ကြာမှုတွေ ရှိနေတဲ့အတွက် မှုခင်းတွေကို တရားရုံးကို တင်ပို့ရတဲ့ ပုသိမ်မြို့နယ်အတွင်းက အသည်ကြီး မြို့မစခန်း အပါအ၀င် နယ်မြေခံ ရဲစခန်းအားလုံး အခက်အခဲများ ကြုံတွေ့နေရကြောင်း သစ်ထူးလွင်က သတင်း ရရှိပါ တယ်။

မှုခင်းဆေးစာထုတ်ပေးရာမှာ အဓိကတာဝန်ရှိတဲ့ ပုသိမ်ဆေးရုံက မှုခင်းဆရာဝန် ဒေါက်တာ ကိုဇင်မတ်မှ မှုခင်းဆေးစာထုတ်ပေးရန် မလိုအပ်ဘဲအချိန်ဆွဲခြင်း၊ နေ့ရက်များရွှေ့ဆိုင်းခြင်း၊ ဆေးစာတရွက်လျှင် ငွေ ကျပ် ၃၀၀၀ တောင်းခံခြင်းများကြောင့် ပုသိမ်မြို့နယ်အတွင်းမှ ရဲစခန်းများအားလုံး အခက်တွေ့နေတဲ့အပြင် တရားရုံးကို တင်ပို့ရမယ့်အမှုတွေလည်း ကြန့်ကြာမှုတွေဖြစ်ပေါ်နေတယ်လို့ ပုသိမ်မြို့နယ်က အမည်မဖော် လိုတဲ့ စခန်းမှူးတဦးက သစ်ထူးလွင်ကို ပြောပါတယ်။

“ကျနော်တို့က ယာဉ်တိုက်မှုတို့ ရိုက်မှုတို့စတဲ့ ဒဏ်ရာရတဲ့အမှုအခင်းတွေမှာ ဒဏ်ရာတွေကို စစ်ဆေး အ တည်ပြုပေးဖို့ ဆေးရုံကို လွှဲပေးရတယ်။ ဆေးရုံက မှုခင်းဆေးစာထုတ်ပေးမှ အဲဒီအမှုကို သေချာဖိုင်တွဲပြီး တရားရုံးကိုတင်ပို့ရတယ်။ အခုက ဆေးစာလိုချင်လို့ စခန်းကအရာရှိတွေလွှတ်လိုက်ရင် မှုခင်းဆရာဝန်
ဒေါက် တာကိုဇင်မတ်က ဘယ်တော့မှ တခေါက်ထဲနဲ့ မပေးဘူး။ ငါမအားသေးဘူး။ နောင်တပတ်မှ ပြန် လာခဲ့ဆိုပြီး ခဏခဏလုပ်တယ်”

“ဒဏ်ရာရတဲ့ လူနာက ဒဏ်ရာပျောက်လို့ ဆေးရုံကတောင် ဆင်းသွားပြီ။ ဆေးစာက မရသေးဘူး။ အဲဒီ လူနာကိုကြည့်ချင်တယ်၊ ငါ့ဆီခေါ်လာပေး၊ အဲဒီကျမှ ဆေးစာထုတ်ပေးမယ် ဆိုတာမျိုးတွေလုပ်တယ်။ လူနာက ဝေးလံတဲ့ဒေသကလူဖြစ်နေရင် အဲဒီအမှုကိုင်ရတဲ့ ရဲအရာရှိက ကိုယ့်စားရိတ်ကိုယ်ထုတ်ပြီး သူကိုင်ရတဲ့အမှုက လူနာကို လိုက်ရှာ၊ ခေါ်လာပြီး ဒေါက်တာ ကိုဇင်မတ်ကို ပြပေးရတာတွေ ရှိတယ်။ အဲတော့ အဲဒီဒေါက်တာကြောင့် မလိုအပ်ဘဲနဲ့ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေမှာ ငွေတွေကုန်၊ လူတွေပင်ပန်း၊ ဒုက္ခတွေရောက်ရတယ်”လို့ စခန်းမှူးက ပြောပြပါတယ်။

ပုသိမ်မြို့နယ်အတွင်းမှာ မြို့မရဲစခန်း ၁ ခုနဲ့ နယ်မြေခံရဲစခန်း ၇ ခုရှိကြောင်း သိရပါတယ်။မြို့မစခန်းကတော့ အသည်ကြီးရဲစခန်းဖြစ်ပြီး ပုသိမ်မြို့ပေါ်မှာအခြေစိုက်ပါတယ်။ ကျန်တဲ့ နယ်မြေခံစခန်းတွေကတော့ အမှတ် ၂ ရဲစခန်း၊ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ရှောပြာ၊ သလပ်ခွာစတဲ့စခန်းတွေ ဖြစ်ပါတယ်။

ဒေါက်တာကိုဇင်မတ်ရဲ့လုပ်ဆောင်မှုကြောင့် မှုခင်းဆေးစာတွေ ကြန့်ကြာနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေမှာ ဘ၀ပျက်၊ ထောင်ကျနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ အမည်မဖော်လိုတဲ့စခန်းမှူးက ဆက်ပြောပြပါတယ်။

“ပြင်းထန်ဒဏ်ရာရတဲ့အမှုတွေဆိုရင် ကျနော်တို့က တရားခံကို လွှတ်ပေးလို့မရဘူး။ ရဲအချုပ်မှာ ရမာန်ယူပြီး ထိမ်းသိမ်းထားရတယ်။ အဲဒီမှာ မှုခင်းဆေးစာက ၂ ပတ်နေလည်း မရ၊ ၃ ပတ်နေလည်း မရဖြစ်လာပြီး ၁ လ ပြည့်တဲ့အထိ အမှုတွဲကို တရားရုံးမတင်နိုင်တဲ့အခါမှာ ရဲအချုပ်ရမာန်က ရက်ပေါင်း ၃၀ ပဲ ချုပ်ခွင့်ရှိတော့ တရားခံကို လွှတ်ပေးရတယ်။ အဲတော့ တရားခံက သူ့အမှုကြီးလို့ ရင်မဆိုင်ချင်လို့ ထွက်ပြေးတာနဲ့ အဲဒီ အမှုကိုင်တဲ့ရဲက ဒုက္ခရောက်ပြီ။ တရားခံကို မရမကလိုက်ရှာ၊ ရအောင်ဖမ်းပြီးမှ ရုံးတင်ရတော့မယ့် အနေ အထား ဖြစ်သွားတယ်။ မတင်နိုင်ရင် အဲဒီရဲက ဘ၀ပျက်ပြီ။ အဲတော့ ဆေးစာမြန်မြန်ရရင် ရုံးတင် တရားစွဲရမယ့် လွယ်နေတဲ့ကိစ္စတွေကို ကျနော်တို့မှာ ရင်တမမနဲ့ အလုပ်လုပ်နေရတယ်”လို့ စခန်းမှူးက ပြောပြပါတယ်။

မှုခင်းဆေးစာကြောင့် အမှုသည်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒုက္ခရောက်နေတာ ပုသိမ်မြို့နယ်တင်မကတော့ဘဲ
ကျောင်းကုန်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတောစတဲ့မြို့နယ်တွေတောင် ပါဝင်လာပြီလို့ ပုသိမ်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေက ပြောပြပါတယ်။

“ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်စသဖြင့်ပေါ့ဗျာ၊ အဲဒီမြို့နယ်တွေမှာ မှုခင်းဖြစ်လို့ အဲဒီဆေးရုံတွေမှာ
ဆေးကုတာ မသက်သာရင် ပုသိမ်ကိုလွှဲရတယ်။ ပုသိမ်ကိုမှုခင်းလူနာလွှဲရပြီဆိုတာနဲ့ အဲဒီအမှုကိုင်တဲ့ ရဲက ခေါင်းကိုက်ပြီ။ ဘာလို့ဆိုတော့ ပုသိမ်ရောက်ရင် မှုခင်းဆရာဝန် ဒေါက်တာ ကိုဇင်မတ်နဲ့တွေ့ ရမယ်။
ဆေးစာက တော်တော်နဲ့ မရတော့ဘူး။ အဲဒီမှာ အမှုသည်တရားလိုနဲ့ ရဲတွေ ဒုက္ခရောက်တာပဲ”လို့ ပုသိမ်မြို့ က ရဲအရာရှိတဦးက ပြောပါတယ်။

မှုခင်းဆေးစာတစောင်ကို ငွေ ၃၀၀၀ ကျပ်တောင်းခံတဲ့အကြောင်း ကိုယ်တိုင်ဆေးစာသွားယူခဲ့ရတဲ့ အမှုစစ် ဒုရဲအုပ်တဦးက အခုလို ပြောပြပါတယ်။

“ပြီးတော့ ဆေးစာသွားယူရင် တစောင်ကို ၃၀၀၀ ကျပ်ပေးရတယ်။ မှုခင်းဆရာဝန်နဲ့ သူ့စာရေးမတွေက
တောင်းတာ။ ဘာအတွက်လဲတော့ သေချာမပြောဘူး။ သူတို့မှာ အလှူခံပုံးလိုမျိုး စုဘူးကလေးရှိတယ်။ အဲဒါကို ဗီရိုထဲမှာ ထည့်သိမ်းထားတယ်။ ဆေးစာပေးခါနီးမှ အဲဒီဗူးကလေးကို ထုတ်လာပြီး ငွေထည့်ခိုင်း တာ။ အဲဒီအထဲကို ငွေ ၃၀၀၀ ကို အလိပ်လိုက်ကလေး ထိုးထည့်ပြီးတော့မှ ဆေးစာကို ထုတ်ပေးတာ။
နောက်ပြီးတော့ မှုခင်းဆရာဝန်က သူ့ရုံးခန်းထဲဝင်မယ်ဆိုတော့ ငါက မင်းတို့ ခရိုင်ရဲမှူးအဆင့်နဲ့ အတူတူပဲ အလေးပြုပြီးမှဝင်ဆိုတော့ ကဲ မထူးပါဘူး၊ အလေးမပြုရင် ဆေးစာထုတ်မပေးဘဲ အညစ်ခံရမှာစိုးတာနဲ့ သူကျေနပ်အောင် ကျနော်တို့မှာ အလေးပြုနေရတယ်”လို့ အမှုစစ် ဒုရဲအုပ်က ပြောပါတယ်။

အခုလိုမျိုး မှုခင်းဆေးစာတွေကြန့်ကြာတဲ့အတွက် ရဲတပ်ဖွဲ့အပေါ် ပြည်သူတွေရဲ့အထင်လွဲမှုတွေ ခံနေရ တယ်လို့ ပုသိမ်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ကျနော်တို့က အမှုကို မြန်မြန်ဆန်ဆန် တရားရုံးတင်ပေးချင်တယ်။ ဘယ်ရဲအရာရှိကမှ အမှုကို လက်ထဲ ကိုင်မထားချင်ဘူး။ တာဝန်ကြီးလို့ပါ။ ဒါပေမယ့် ဆေးစာက မရနိုင်။ တခေါက်သွားလည်း မရ၊ နှစ်ခေါက်သွား လည်း မရတော့ အမှုက ရုံးမတင်နိုင်ဘူး။ အဲဒီမှာ တရားလိုဖြစ်တဲ့ပြည်သူတွေက ဒီရဲတွေက တရားခံတွေ
ဘက်က လာဘ်စားပြီး အမှုကို ရုံးမတင်ပေးဘဲ အချိန်ဆွဲထားတယ်ဆိုပြီး အထင်တွေ လွဲကုန်ရော။ ကျနော်တို့မှာ အကောင်းဆုံးလုပ်ပေးနေပေမယ့် ကျနော်တို့နဲ့ပူးတွဲအလုပ်လုပ်ရတဲ့ ဆေးရုံဘက်က ပူးပေါင်း ဆောင်ရွက်မှုမရှိတော့ အရမ်းဒုက္ခရောက်တယ်”လို့ အမှုစစ် ဒုရဲအုပ်က ပြောပါတယ်။

THIT HTOO LWIN

မှတ်ချက်များ