မြန်မာ အလုပ်သမား အရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေး ပေးရန် တောင်းဆို


မြန်မာ အစိုးရ အနေနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ ထိုင်းရောက် မြန်မာ အလုပ်သမားတွေ အရေးကို ထည့်သွင်း ဆွေးနွေးဖို့ ထိုင်းရောက် မြန်မာ အလုပ်သမား တွေက တောင်းဆို လိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်နေ့ထိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ချန်အိုချာ
မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါ ထိုင်းရောက် ရွှေ့ပြောင်းအ လုပ်သမားတွေရဲ့ အရေး ကို ထည့်သွင်းဆွေးနွေးပေးဖို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က တောင်းဆိုလိုက်တာ
ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဥပဒေပါအတိုင်း ခံစားခွင့် ရဖို့၊ အလုပ် သမားတို့အပေါ် မတရားအမြတ်ထုတ်နေကြတဲ့ အကျင့်ပျက်ဝန်ထမ်းတွေနဲ နှစ်နိုင်ငံ ပွဲစားတွေကို ဖော်ထုတ်အရေးယူ ဖို့ တောင်းဆိုထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက်ရှိနေတဲ့ထဲက ၂ သန်းကျော် လောက်သာ အထောက်အထားရှိပြီး ကျန်သူတွေကတော့ အကာအကွယ်မဲ့နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့် အရေးကွန်ရက်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ထိုင်းနိုင်ငံ ဒေသအတော်များများကို ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ တရက် လုပ်အား ၃၀၀ ရရမယ် ဆိုတဲ့နေရာမှာ အပြည့်အ၀ မရတဲ့သူတွေ အများကြီး ရှိနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေး ကတ် မရသေးသူတွေလည်း အများကြီး ရှိနေတယ်။ အလုပ်အဓမ္မခိုင်းစေခံရတဲ့အမှုတွေလည်း ကျနော်တို့
တွေ့နေတယ်။ တရားဝင်အထောက်အထားရှိတဲ့ အလုပ်သမားတွေကို အကျင့်ပျက် ခြစားတဲ့ ၀န်ထမ်းတွေ က ဖမ်းဆီးတာ၊ ငွေညှစ်တာ။

နောက် ပတ်စပို့ ရက် ၉၀ ပြည့်ရင် ဧည့်စာရင်းတိုင်တဲ့ လ၀ကရုံးကို သွားရ တယ်။ အဲဒီမှာ ထိုင်းဥပဒေမှာ ပြ ဋ္ဌာန်းထားတာက မည်သည်အကျိုးခံစားခွင့်မှ ပေးဆောင်စရာမလိုလို့ ပြောသော်လည်း ပိုက်ဆံတွေ
ပေးနေရတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဟာနည်းမျိုးစုံနဲ့ ငွေကုန်နေတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ
ရဲ့ဘ၀က ဥပဒေနဲ့ အကာကွယ်ပေးတာ အပြည့်အ၀မရလို့ အဲဒါကို ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”

ဒါအပြင် လူသတ်မှုနဲ့ ပစ္စည်းခိုးမှု စတဲ့ ရာဇ၀တ်မှုတွေမှာ စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆို ရာမှာ ရှေ့နေနဲ့ စကားပြန်တို့ အထောက်အကူတွေ မရဘဲ တရားစီရင်ခံရတာ၊ သတ်ဖြတ်လုယက်တာလို ရာဇ၀တ်မှုတွေ ကျူးလွန်တာတွေလည်း ဖြစ်နေတယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားဆိုင်ရာဥပဒေတွေ ပြဋ္ဌာန်းထားပြီး တန်းတူခံစားခွင့်ပေး ထားတယ်လို့ ဆိုထားပေ မယ့် လက်တွေ့မှာတော့ လုပ်ငန်းရှင်တွေရဲ့ မလိုက်နာမှုနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေရဲ့ လျစ်လျူရှုမှုကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

နော်နိုရင်း | DVB

မှတ်ချက်များ