![]() |
| ပစ်ခတ်သည့်နေရာ |
ဒီပစ်ခတ်မှုဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လောက်ကိုင်) ကတပ် မတော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို တိုက်ခိုက်ခံရမှုအပြီး နောက်ထပ် ပိုမိုအဆင့်မြင့်တဲ့ တပ်ဘက်ဆိုင်ရာ အဆင့်မြင့်ဌာနချုပ်တခုကို တိုက်ခိုက်မှုဖြစ်ပါတယ်။
လားရှိုးမြို့ အမှတ် ၁၀ ရပ်ကွက်မှာ မနေ့ည ၈ နာရီကျော်လောက်က အမည်မသိသေနတ်သမားတွေက ကား ၂ စီးနဲ့လာရောက်ပြီး တပ်ဝင်းနဲ့ ကိုက် ၂၀၀ လောက်အကွာကနေ လေယာဉ်တွေ ထားရှိရာနေရာကို တင့်ကားဖျက်လက်နက် (အာပီဂျီ) လောင်ချာ လို့ ယူဆရတဲ့လက်နက်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံ သတင်းထောက် ကိုထွန်းက ပြောပါတယ်။ ထိခိုက်မှုရှိမရှိကိုတော့ မျက်မြင်သတင်းရယူခွင့်မရတဲ့အတွက် မသိရှိနိုင်သေးပါဘူး။
“ရပ်ကွက် ၁၀ နယ်မြေ (၇) နီလာလမ်းထောင့်ကနေပစ်တာပါ။ ပစ်ခတ်တာက ၀င်းထဲက တိုက်ခိုက်ရေး ပစ်ကူယာဉ်တွေထားတဲ့နေရာပေါ့။ အဲဒီမှာ ဟိုက်စကီး (ရဟတ်ယာဉ်) တွေ တိုက်ခိုက်ရေးယာဉ်တွေရှိ တယ်လေ။ ပစ်တာက စစ်တိုင်းအတွင်းမှာ ရှိတဲ့ လေယာဉ်ကွင်းကို ပစ်တာပါ။ ကျည်ခွံက ကိုက် သုံး ဆယ်လောက်မှာကျတာကို တပ်မတော်သားတွေကိုမေးကြည့်တော့ အာပီဂျီဖြစ်ဖို့များတယ်လို့ ပြောတယ်။”
ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းရရှိမှုကို ရဲတွေက ရှင်းလင်းပြောပြချက်နဲ့ သူက ခုလို ပြောပြပါတယ်။
“ကျနော် ပစ်ခတ်တယ်ဆိုတဲ့နေရာကိုရောက်သွားတော့ ၀င်းထဲကို ကိုက် ၂၀၀ အကွာလောက်ရှိမယ် ရော့ကက်သေနတ်နဲ့ပစ်တာလို့သိရတယ်။ အာပီဂျီဗျ။ သက်သေခံပစ္စည်း ဗုံးကျည်ဆန်ခွံက (စစ်) တိုင်းက သိမ်းသွားတယ်လေ။ နှစ်ချက် ပစ်တယ်ပေါ့။ ရမခတိုင်းထဲမှာရှိတဲ့ လေယာဉ်တွေ ဟတ်စကီးတွေ တိုက် ခိုက်ရေးယာဉ်တွေ ထားတဲ့နေရာကို ပစ်တာ။ ပစ်မှတ်က အဲဒီနေရာကို မရောက်ဘဲနဲ့ အဲဒီဝန်းကျင်မှာရှိတဲ့ ရမခ တိုင်း ကြံစိုက်ခင်းကို သွားကျတာ။ လာပစ်တဲ့ ကားက ၂ စီးဗျ။ ဖိုးဝှီးအနက်ရောင် တစီးရယ်၊ ဆာ့ဗ် နက်ပြာရောင် တစီးရယ်။”
“သူတို့က မပစ်ခင်မှာ ကားနဲ့ရောက်လာတာ။ ပစ်တဲ့အနီးဝန်းကျင်ကအိမ်က လူတယောက်က သူ့ခြံဝင်းတံ ခါးကို လာပိတ်တာ။ အဲကောင်လေးနာမည် က အောင်သင်းခေါ် ဖိုးခွားတဲ့ ပြန်ပြောပြတယ်။ လာပစ်တဲ့အ ဖွဲ့က သူ့ကို မြင်သွားတဲ့အခါမှာ ပါးစပ်ပိတ်ခိုင်း တယ်။ သေနတ်နဲ့ထိုးချိန်ပြီးမှ အသံမထွက်ဖို့နဲ့ လက်နောက် ပစ်ပြီးထိုင်ခိုင်းထားတယ်။ သူက မြင်တာက အားလုံး အရပ်ဝတ်ချည်းပဲတဲ့။ သူပြောတာက ရှမ်းတရုတ် လို့ပြောပါတယ်။ ၁မိနစ်ကျော်လောက်အတွင်းမှာ ပစ်ပြီး ပြန်ထွက်ပြေးသွားကြတယ်။ ကားနှစ်စီးပေါ်မှာ လူအင်အားများတယ်ပြောတယ်။
အရပ်ဝတ်ချည်းပဲတဲ့။ ကားပေါ်ကနေ ၆၀ မီလီမီတာ အမြောက် ကျည်ဆန်တလုံး အဲဒီနီလာလမ်းထောင့်မှာ ပြုတ်ကျကျန်ခဲ့တယ်။ အဲဒီပစ်ခတ်မှုအနားက အိမ်မှာ စီစီတီဗွီကင်မရာရှိတော့ လားရှိုမြို့ရဲစခန်းက ရဲမှူးတင်
ဖေ၀င်းက ဦးစီးပြီး စီစီတီဗွီကင်မရာကို စစ်ဆေးနေတယ်။ မနက်ဆယ်နာရီလောက်ကနေ စစ်နေတာ ခုထိတော့ (ည ၇ နာရီထိတော့ အဖြေတစုံတရာ ထုတ်မပြောသေးဘူး) လို့ပြောပါတယ်။သက်သေခံပစ္စည်း အဖြစ် ကျည်ခွံနဲ့ ဗုံးသီးတွေကိုတော့ မီဒီယာသမားတွေ ဓာတ်ပုံရိုက်ယူခွင့်မရခဲ့ကြသလို တပ်တွင်းမှာလည်း သတင်းရယူခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဒီကနေ့ ညအထိတော့ ဘယ်အဖွဲ့အစည်းကမှ ဘယ်သူ့လက်ချက်ဖြစ်တယ်။ ဘာကြောင့် ပစ်ခတ်တယ်ဆို တာကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို အစိုးရဘက်ကလည်း တစုံတရာ ထုတ်ပြန်မှု မကြားရသေး ပါဘူး။
ဒီနှစ်ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့မှာ မြန်မာ့တပ်မတော် နဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီး လူထောင်ပေါင်းများစွာ တရုတ်ပြည်ဘက်နဲ့ မြန်မာပြည်တွင်းပိုင်းကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီဒေသမှာ အရေးပေါ် အခြေအနေကြေညာ ပြီး စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားပါတယ်။

DVB

မှတ်ချက်များ