နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာလက်ဝှေ့သမားများ မွေထိုင်းလက်ဝှေ့ကျော်များကို ပွဲချီပြတ် အလဲထိုးအနိုင်ယူ

ဓာတ်ပုံ-ဇာနည်
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ 'ဒို့ရိုးရာ'လက်ဝှေ့အသင်းကစီစဉ်ကျင်းပသည့် နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် မြို့ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပသည်။

ယနေ့ယှဉ်ပြိုင်ထိုးသတ်ကြသည့် ငါးချီအထူးစိန်ခေါ်ပွဲ များတွင် ပထမဦးစွာ ပွဲထွက်လာသည့်(၂၇)ကြိမ်
မြောက်ဆီးဂိမ်းရွှေဆုရှင် မိုက်ရိုင်း(ရွှေဖူး/မြန်မာ)နှင့် မွေထိုင်း လက်ဝှေ့ကျော် အန်ယူချစ်တို့ပွဲစဉ်၌ ပထမအ ချီ စစချင်း မှာပင် မိုက်ရိုင်း၏ ဘယ်ညာလက်သီးတွဲလုံးများကြောင့် အန်ယူချစ်(ထိုင်း)အနားတောင်းရပြီး ဆက်လက်ယှဉ်ပြိုင်ရာ ပထမအချီမှာပင် မိုက်ရိုင်း၏ ထိုးသတ်တိုက်ခိုက်မှုများကို မယှဉ်ပြိုင်နိုင်တော့ဘဲ မိုက်ရိုင်း(ရွှေဖူး/မြန်မာ)ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိသွားသည်။ ဒုတိယပွဲစဉ်အဖြစ် ပြည်နယ်၊ တိုင်း ဒေသကြီး ရွှေ ဆုရှင်ဖိုးလပြည့်(ရွှေဖူး/မြန်မာ)နှင့် ဆီယာ (ထိုင်း)တို့တွဲဆိုင်းဖြစ်သည်။ ဖိုးလပြည့်ထက်ဆီယာက အလုံးအ ထည်ပိုသာသည်။

သို့သော် အရွယ်ငယ်သော်လည်း ဖိုးလပြည့်၏ လက်သီးတံတောင် အသိမ်းအနုတ်က လျှော့တွက်၍မရမှန်း ဆီယာသိသွားပြီး တတိယအချီ တစ်မိနစ် ၄၃ စက္ကန့်မှာပင် အနားတောင်းလိုက်ရသည်။ တတိယအချီ နှစ် မိနစ် ၁၃ စက္ကန့်မှာပင် ဖိုးလပြည့် ထောက်လက်သီးတစ်လုံးတည်းပစ်သွင်း၍ ဆီယာကို အလဲ ထိုးအနိုင်ရ လိုက်သည်။

ပရိသတ်အကြိုက်ပွဲစဉ်တွဲဆိုင်းက ရွှေခါးပတ်ချန်ပီယံ ဒဂုံရွှေဆုရှင် သတ္တိအောင်(ဒို့ရိုးရာ/မြန်မာ)နှင့် သိတိ ပတ်ခ်ျ (ထိုင်း)တို့တွဲဆိုင်းဖြစ်သည်။ သိတိပတ်ခ်ျ၏ တွဲလုံးလက်သီး များကြောင့် သတ္တိအောင်နားထင်ထိ ပြီး သွေးဖြာကျကာ ဆရာဝန်၏ခွင့်ပြုချက်ဖြင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရသည်။ ထိုအချိန်မှာပင် ပရိသတ်အား
ပေးသံက မြင့်တက်လာသည်။

ပရိသတ် အားပေးမှုနှင့်အတူ တတိယအချီမှာပင် သတ္တိအောင် လက်ရည်ပြန်တက်လာပြီး တရစပ် ပြန်လည် တိုက်ခိုက်လာနိုင်သည်။ တစ်ချီတွင် သီတီပတ်ခ်ျ ဟာကွက် ချောင်းနေစဉ်အတွင်း သတ္တိအောင်၏ လျှပ်တစ်
ပြက်ခြေကန်ချက်က သီတီ ပတ်ခ်ျ၏လည်ကုပ်ကို မိမိရရထိပြီး လဲကျကာ ပြန်မထနိုင်သဖြင့် သတ္တိအောင် (မြန်မာ)တတိယအချီမှာပင် အလဲထိုးအနိုင်ရသွားသည်။

ပြည်နယ်/တိုင်းဒေသကြီး ရွှေဆုရှင် ဂေါ်မူတို(သတ္တိ/မြန်မာ)နှင့် မွေထိုင်း ချန်ပီယံ သန်ဝါလက်ခ် (ထိုင်း)တို့ ပွဲစဉ်တွင် ပထမအချီ စစချင်းပင် ဂေါ်မူတိုက တိုက်စစ်ဖြင့်စတင်သည်။ သန်ဝါလက်ခ်(ထိုင်း)က ခံစစ်ဖြင့် အပိုင်ကွက်ချောင်းနေသည်။ နောက်ဆုံး အချီပြည့်သည်အထိ ဂေါ်မူတိုနှင့် သန်ဝါလက်ခ်တို့ ရေကုန်ရေခမ်း ယှဉ်ပြိုင်ထိုးသတ်၍ အနိုင်၊ အရှုံး မပေါ်ဘဲ ပူးတွဲသရေဖြင့်အဆုံးသတ်ခဲ့သော်လည်း ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။

နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရွှေခါး ပတ်ချန်ပီယံနှင့် ဒဂုံရွှေဆုရှင် စိုးလင်းဦး (ဒို့ရိုးရာ/မြန်မာ)နှင့်မွေထိုင်းချန်ပီယံ ပတ်ဆန်ဂွန်(ထိုင်း)တို့ တွဲဆိုင်းဖြစ်သည်။ ပထမအချီ စစချင်းပင် ပတ်ဆန်ဂွန်ခြေကန်ချက်က စိုးလင်းဦး၏ ဇက်ပိုးကိုထိ၍ စိုးလင်းဦး အနားတောင်းရသည်။ ပြန်အစတွင် ပတ်ဆန်ဂွန် အပိုင်ကွက်ချောင်းပြီး ဝိုက်လက် သီးဖြင့် အထိုးတွင် စိုးလင်းဦး၏ ချိုစောင်းဖြင့်ညှပ်၍ ဘယ်လက် ကောက်ဝတ် ဒဏ်ရာရရှိသွားကာ ဆက် လက်မယှဉ်ပြိုင်နိုင်တော့ဘဲ ပထမအချီမှာပင် စိုးလင်းဦးဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ ခဲ့သည်။

မျိုးဆက်သစ် သုံးချီစိန်ခေါ်ပွဲများ ယှဉ်ပြိုင်ရာ စောထူးအောင် (ဒို့ရိုးရာ)နှင့် ထော်ဖိုး(ထော့မဲပါ)တို့ တွဲဆိုင်း တွင် စောထူးအောင်က လည်းကောင်း၊ သိန်းဇော်ဦး(ဒို့ရိုးရာ)နှင့် ဗိုလ်သုခ (ကျိုက်လတ်)တို့ ပွဲစဉ်တွင် သိန်းဇော်ဦး ကလည်းကောင်း၊ စောဘွဲ့မှူး(ကညော)နှင့် ရဲရင့်အောင်(အဖြူရောင်သွေးသစ်)တို့ ပွဲစဉ်တွင် ရဲရင့်အောင်ကလည်းကောင်း အသီးသီးအနိုင်ရရှိကြပြီး နိုင်ရဲလင်း(ဒို့ရိုးရာ)နှင့် စောရှိုင်း ထွန်း(ကျိုက်လတ်) ၊ စောဇွဲမာန်(ဒို့ရိုးရာ)နှင့် ဇင်ကိုပူး(ပုလော)၊ ပုည(ရွှေဖူး)နှင့် သားနဂါး(ဝါဆို)တို့ ပွဲစဉ်များမှာ ပူးတွဲ သရေဖြင့် သာ အဆုံးသတ်ခဲ့သည်။

သတင်း-အောင်ကျော်ဦး | The Mirror Daily


မှတ်ချက်များ