ပွင့်ဖြူတွင် ရေကြောင့် ရွာလုံးကျွတ် သွားရောဂါဖြစ်ပွား
မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရှိ ကန်ပြည့်ကျေးရွာတွင် ရေတွင်ဖလိုရိုက်ဓာတ်ပါဝင်မှု အလွန်မြင့်မားနေသော
ကြောင့်ကလေးဘ၀မှပင် သွားပျက်ဆီးမှု စတင်ဖြစ်ပွားပြီး အရွယ်တန်ချိန်တွင်သွားများအားလုံး ပျက်ဆီး
နေကြောင်း စလင်းမြို့မှ သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး၏ သတင်းပေးမှုကြောင့် ယင်းကျေးရွာသို့
သွားရောက်သတင်းရယူစဉ် တွေ့ရှိခဲ့ရသည်။
‘’ကျွန်တော်တို့ကျေးရွာက ရေက နံလည်နံတယ် ငံလည်းငံတယ်၊ နောက်နေ့အထိထားလိုက်ရင် ပုတ်စော်နံ သွားတယ် ‘’ဟု ကန်ပြည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနိုင်က News Watch ဂျာနယ်သို့ ပြောသည်။
အဆိုပါ ကန်ပြည့်ရွာတွင် ရေမှာပါဝင်သော ဖလိုရိုက်ဓာတ်များပြားမှုကြောင့်သွားများထိခိုက်ပျက်ဆီးနေ
ကြောင်းစလင်းမြို့နယ်ရှိသွားဆရာဝန်တစ်ဦးက အတည်ပြုပြောကြားသည်။ကန်ပြည့်ကျေးရွာမှ အမျိုးသမီး ၊ အမျိုးသား၊ ကလေးလူကြီး ဦးရေ ၁၀၀ခန့်၏ သွားများပုံတွင်မြင်ရသည့်အတိုင်းပျက်ဆီးနေသည်ကိုသတင်း
ရးသားသူ ယင်းကျေးရွာသို့ရောက်ရှိစဉ် တွေ့ရှိခဲ့ရသည်။
ဖလိုရိုက်ဓာတ်မှာ သွားတိုက်ဆေးများတွင် ထည့်သွင်းအသုံးပြုရသော်လည်း ရေတွင်အဆမတန်ပါဝင်မှုများ ပါက တဖြည်းဖြည်းချင်း သွား၏အပေါ်ယံကြွေးအလွှာများ ပျက်ဆီးသွားပြီး သွားများတွင် အညိုကွက်များ၊ အမဲကွက်များဖြစ်ပေါ်လာနိုင်ကြောင်း သွားနှင့်ခံတွင်း ဆရာဝန်တစ်ဦးက News Watch ဂျာနယ်သို့ ပြောသည်။
ရေတွင် ဖလိုရိုက်ဓါတ် ပါဝင်မှုများသောကြောင့် သွားကိုသာအဓိကပျက်ဆီးစေနိုင်ပြီး အခြားကျန်ူမာရေး ထိခိုက်မရှိနိုင်ကြောင်း ဆေးတက္ကသိုလ်(၁)ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဒေါက်တာနေမောင်စိုး က ပြောသည်။
မြန်မာနိုင်ငံတွင် ဖလိုရိုက်ဓာတ်ပါဝင်မှုများသော ဒေသများစွာရှိပြီး အဓိကတွေ့ရသော မြို့နယ်များမှာ မန္တလေးတိုင်းမှ ၀မ်းတွင်းမြို့နယ်နှင့်မြင်ခြံမြို့နယ်များဖြစ်ပြီး ယခုမကွေးတိုင်းအတွင်းရှိ ပွင့်ဖြူမြို့နယ်တွင် ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း သွားဆရာဝန်အသိုင်းအ၀ိုင်းထံမှ သိရသည်။
စောကျော်ဝင်း | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ