တိုင်းရင်းသား လက်နက်ကိုင်များ သေဆုံးခြင်းအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဗိုလ်ချုပ်မှူးကြီး ပြောကြား

ကေအိုင်အေ စစ်သင်တန်းကျောင်း၌ လက်နက်ကြီး ကျရောက်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် ၂၃ ဦးသေဆုံးခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း မြန်မာနိုငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူများကပြောဆို သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်း
အောင်လှိုင်တို့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အထိ
နေပြန်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုင်းရင်းသား လက်နက်ကိုင်များ သေဆုံးခြင်းသည်လည်း မြန်မာနိုင်ငံသားများ သေဆုံးခြင်းသာ
ဖြစ်သောကြောင့် စိတ်မကောင်း ဖြစ်ရကြောင်းကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း စာ နယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးရဲမင်းဦးက ထပ်မံပြောဆိုသည်။

ပွင့်လင်းရာသီ ရောက်ရှိပြီ ဖြစ်သဖြင့် တပ်မတော်အနေနှင့် လမ်းဖောက်လုပ်၊ ပြင်ဆင်မှုများနှင့် ရှေ့တန်း စစ်စခန်းများသို့ ရိက္ခာပို့ဆောင်မှု လုပ်ငန်းများ ပြုလုပ်နေစဉ် KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း
ကြောင့် သတိပေးသည့်အနေနှင့် ယင်းသို့ ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးဦးစီးချုပ် က ပြောဆိုခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောဆိုသည်။ KIA ဘက်မှ စတင်ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်မှ ကျဆုံးမှုများ ရှိခဲ့ကြောင်းကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ထပ်မံပြောဆိုခဲ့ကြောင်း ၄င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကချင်ပြည်နယ်၊ ခရာဘွမ်ေ တာင်ကြောတွင် တပ်စွဲထားသည့် အ မှတ် (၃၈၉) တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA, ABSDF တို့အပါအဝင် ချင်းအမျိုးသား တပ်ဦး၊ ရခိုင်တပ်မတော် စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှ ဗိုလ်လောင်း ၂၃ ဦး သေဆုံး ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

The Voice


မှတ်ချက်များ