အကြမ်းဖက်အဖွဲ့နဲ့ဆက်သွယ်မှု သံသယဖြင့် အရေးယူထားသူ လူ ၂ဝ အမှု တာင်ကြီးတရားရုံးမှာ ရုံးထုတ်စစ်ဆေး


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မှာ နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မနဲ့ တရားစွဲ ခံထား ရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးတို့ကို ဒီနေ့ တောင်ကြီး ခရိုင်တရားရုံးမှာ စတင်စစ်ဆေး နေပြီလို့ သိရပါ တယ်။

အဲ့ဒီ ၂၀ ဦးထဲက ၁၂ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဒီကနေ့ တရားခံတွေ စတင်စစ်ဆေးခဲ့တာတွေကို ပြောပါတယ်။

"တရားခံတွေကိုစပြီးစစ်နေပြီ ကျမတို့ခံစစ်ပေါ့၊ ဒီနေ့ကနေစပြီးစစ်နေပြီ၊ တနင်္လာကနေပြီးတော့ တနင်္လာ ကြာသပတေးတိုင်း စစ်သွားမှာပေါ့၊ အဲ့ဒီတော့ တရားခံတွေကို စစ်ပြီးမှ တရားခံတွေပြတဲ့သက်သေတွေကို စစ်ရမှာ သက်သေကတော့ ကျမလူ ၁၂ ယောက်မှာ အခုရေကြည့်လိုက်တာ ၉၈ ယောက်ရှိတယ်၊အဲ့ဒီတော့ တစ်ယောက်ကို ၇ ယောက်သမားပါတယ်၊ ၁၀ ယောက်သမားပါတယ်ပေါ့"

သူတို့တွေဟာ ပြည်ပအစ္စလာမ်မစ် ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ ကျင်းပမယ့် အစ္စလာမ်ဘာသာဝင် ပလီဆရာတစ်ဦး ရဲ့ မင်္ဂလာ ဆောင်ပွဲတစ်ခုကနေ စတင် အဖမ်းခံထားရတာပါ။

ဒီကနေ့ တရားခွင်မှာ တရားခံ ၂၀ ဦးထဲက သတို့သား ပလီဆရာရဲ့ ဖခင် ဦးကောင်းရှင်တစ်ဦးကိုပဲ စတင် စစ် ဆေးခဲ့ပါတယ်။

ဒါ့အပြင် ရှေ့နေ ဒေါ်ခင်မိုးမိုးက သူလိုက်ပါဆောင်ရွက်ပေးနေတဲ့ ၁၂ ဦးထဲက လက်ရှိအမှုနဲ့ လုံးဝ ပါဝင် သူ တွေ မဟုတ်ဘူးလို့ ယူဆရသူ ၇ ဦးကို လွှတ်ပေးဖို့ ပြည်နယ်တရားရေးဌာနကို တင်ပြခဲ့ရာမှာ ပလပ် လိုက်တာကြောင့် ပြည်ထောင်စုတရားလွှတ်တော်မှာ တင်ပြလျှောက်ထားမယ်လို့လည်း ပြောပါတယ်။

အဲ့ဒီအမှုရဲ့ ရုံးချိန်းကိုတော့ လာမယ့် ကြာသာပတေးနေ့မှာ ကျန်နေသေးတဲ့ တရားခံတွေကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

မှတ်ချက်များ