ဝါးခယ်မဆေးရုံမှ အချုပ်သားတစ်ဦး ကားမောင်းထွက်ပြေး
ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသော အချုပ်သား လူနာတစ်ဦးမှာ နိုဝင်ဘာလ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က ရဲစခန်းအချုပ်သို့ ပြန်ပို့ရန် စီစဉ်နေစဉ် အသင့်စောင့်ဆိုင်းနေသည်ဟု ယူဆရသော ကိုယ်ပိုင်ကားဖြင့် တာဝန်ရှိသူများ အလစ်တွင် ရုတ်တရက် မောင်းနှင်ထွက်ပြေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဆေးရုံမှ ကားမောင်းထွက်ပြေးသူ အသက် ၃၇ နှစ်ရှိ အောင်မျိုးဇော် (ခ) ရှမ်းဗိုလ်သည် ပုဒ်မ ၄၀၆ ဖြင့် အချုပ်ခန်းထဲတွင် ရောက်ရှိနေပြီး နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းက အသက်ရှူကျပ်ရောဂါ ဖြစ်လာသဖြင့် ဝါးခယ်မဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြောင်း၊ ဆေးကုသမှု ခံယူပြီး နိုဝင်ဘာလ၂၁ ရက်၊ ညနေက ဆေးရုံမှ ဆင်းရန် စီစဉ်နေချိန်၌ 9D/ 5441 Surf ငွေမင်ရောင်ကားဖြင့် မောင်းနှင်ထွက်ပြေးခဲ့ရာ မအူပင်ခရိုင် ပန်း တနော်မြို့နယ်ရှိ မြို့ဝင်ကြေးဂိတ်တစ်ခုနှင့် ဓနုဖြူမြို့နယ်ရှိ မြို့ဝင်ကြေး ဂိတ်တစ်ခုကို ဝင်တိုက်ကာ ဆက် လက် မောင်းနှင်သွားသော်လည်း ဓနုဖြူမြို့နယ်နှင့် ဟင်္သာတခရိုင် ဇလွန်မြို့နယ်အကြား၌ ပြန်လည်ဖမ်းမိ ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။
ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံကြီး မြို့နယ်လက်ထောက် ဆရာဝန် ဒေါက်တာခိုင်စုဝင်း၏ ညွန်ကြားချက် အရ အတွင်းလူနာအဖြစ် ဆေးကုသခံနေသူ အောင်မျိုးဇော် (ခ) ရှမ်းဗိုလ်သည် ဝါးခယ်မမြို့ ကမ်းနား လမ်းဈေး ရပ်ကွက်တွင် နေထိုင်သော ကုန်သည်တစ်ဦး ဖြစ်ကြောင်း၊ ဝါးခယ်မမြို့မ ရဲတပ်ဖွဲ့စခန်းက ပြစ် မှုအမှတ် (ပ) ၁၄၈/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၀၆ ဖြင့် အမှုဖွင့်ထားခံရသူ ဖြစ်ပြီး ဝါးခယ်မ မြို့နယ်တရားရုံး၏ ရာကြီးအမှု အမှတ် ၄၈၂/ ၂၀၁၄ အရ အမှုရင်ဆိုင်နေသူ ဆေးရုံအချုပ်သား ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ထွက်ပြေးခဲ့ပြီး ည ၈ နာရီကျော်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း
မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မောင်းနှင်ထွက်ပြေးစဉ် ဇလွန်မြို့နယ်နှင့် ဓနုဖြူမြို့နယ် အကြား၌ ခေတ္တ ကားရပ်၍ ကားပေါ်လိုက်ပါလာသူ အစ်မကို နီးစပ်ရာ ဆိုင်ကယ်ကယ်ရီဖြင့် ဇလွန်သို့ ဆက်လက်သွားစေခဲ့ပြီး ကားကို ဓနုဖြူမြို့ဘက်
ပြန်လှည့်မောင်းစဉ် ယာဉ်ကြောပိတ်ဆို့နေခိုက် ဓနုဖြူမြို့နယ် ရဲတပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းမိသည့်အချိန်တွင် ကားပေါ်၌ အချုပ်သား အောင်မျိုးဇော်နှင့်အတူ မိခင်ဖြစ်သူကိုပါ တွေ့ရှိရကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
The Voice

မှတ်ချက်များ