တိဘက်မျိုးနွယ်စုများအပေါ် တရုတ်အစိုးရ၏ ကိုင်တွယ်အုပ်ချုပ်ပုံကို မကျေနပ်ကြောင်း ဆန္ဒပြသည့် အနေဖြင့် တိဘက်အမျိုးသမီးတစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
တိဘက်တို့က ဂါဘားဟုခေါ်ပြီး တရုတ်က အေဘာဟု ခေါ်ဝေါ်သည့် ဒေသမှ အသက်(၂၀) အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ဒီဇင်ဘာ ၂၃ ရက်က မိမိကိုယ်ကိုယ် မီးရှို့ခြင်းဖြင့် ဆန္ဒပြပြီး အသက်အသေခံ ခဲ့ကြောင်း RFA နှင့် Free Tibet သတင်းဌာနများက ဆိုသည်။
ဆီပီကျီ အမည်ရှိ အမျိုးသမီးသည် တရုတ်၏ ဖိနှိပ်လွန်းသော အုပ်ချုပ်ရေး မူဝါဒများကို ဆန့်ကျင်တိုက်ပွဲ ဝင်သည့် အနေဖြင့် ယခုလို အသက်စွန့် ဆန္ဒပြသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရင်းမြစ်တစ်ဦး၏ အဆိုကို ကိုးကားပြီး အဆိုပါ သတင်းဌာနများက ဖော်ပြခဲ့သည်။
ဆီပီသည် မိဘများနှင့်အတူ နေထိုင်သူ တစ်ဦးဖြစ်ပြီး သူမတို့ မျိုးနွယ်စုသည် တိဘက်ဒေသတွင်း လှည့် လည်ပြောင်းရွှေ့ နေထိုင်သူများဟု သိရသည်။ သူမသေဆုံးပြီးချိန်တွင် တရုတ်ရဲများက ဆီပီ၏ အစ်ကိုဖြစ် သူကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက RFA သို့ ပြောကြားခဲ့သည်။
ယခုလအတွင်း အဆိုပါ မြို့၌ပင် ကလေးနှစ်ဦး၏ဖခင် အမျိုးသားတစ်ဦးသည် တရုတ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့် အနေဖြင့် မိမိကိုယ်ကို မီးတင်ရှို့ပြီး သေဆုံးခဲ့ကြောင်း နိုင်ငံတကာ တိဘက် လှုပ်ရှားမှုအဖွဲ့ (ICT)က ဆိုသည်။
အေဘာခရိုင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး ဌာနတို့က အဆိုပါသတင်းအတွက် AFP ၏ ဆက်သွယ်မေးမြန်း မှုကို ဖြေကြားခဲ့ခြင်းမရှိဟုလည်း သိရသည်။ ၂၀၀၉ ခုနှစ် နောက်ပိုင်း တိဘက်တွင် မိမိကိုယ်ကိုယ် မီးတင် ရှို့ပြီး တရုတ်အစိုးရကို ဆန္ဒပြမှုပေါင်း (၁၃၀)ကျော်မျှ ရှိခဲ့ပြီး အများစုမှာ အသက်ဆုံးရှုံးခဲ့ကြသည်။
7day

မှတ်ချက်များ