နိုဝင်ဘာ ၃၀ ၀မ်းနည်းမှတ်တမ်း



‘‘(၁) အပျော်ဆုံးနေ့ ၂၉၊ ကလေး ၅ ယောက် နိုဝင်ပါလ၊ ၁၁၊ ၂၉၊ 2014’’

ကျူရှင်မှ သမိုင်းဘာသာအတွက် ဗလာစာအုပ်လေးပေါ်တွင် ခဲတံဖြင့် ရေးသားထားသော စာကြောင်း တိုလေးနှစ်ကြောင်းကို တွေ့မြင်တိုင်း ဦးစိုးမိုးတစ်ယောက် ရင်ထဲပူဆွေးဝမ်းနည်းမှုများ ထိန်းသိမ်းမရ
ဖြစ်ပေါ်လာသည်။

စာတိုလေးမှာ စာလုံးပေါင်းအမှားတချို့ဖြင့် သူ့ခံစားချက်ကို အမှတ်တမဲ့ရေးသားခဲ့သူမှာ အသက်(၉)နှစ် အရွယ် ဦးစိုးမိုး၏သားဖြစ်သူ ဝဏ္ဏအောင်ဖြစ်သည်။ သို့သော် သူ့အတွက် နောက်ဆုံးရေးသားခဲ့သော စာ တစ်စောင်ဖြစ်ခဲ့မည်ကို သူမသိခဲ့ပါ။

နိုဝင်ဘာ ၃၀ ရက် ည ၁၀ နာရီဝန်းကျင်တွင် ဂျပန်နိုင်ငံသို့သွားသော ဦးလေးဝမ်းကွဲကို လေဆိပ်ပို့ပြီးပြန် လာသည့် ဝဏ္ဏအောင်အပါအဝင် ကလေးငါးယောက်နှင့် လူကြီးခြောက်ယောက်ပါလာသည့် ဆူဇူကီးပစ် ကပ်ကားမှာ ဝေဇယန္တာလမ်းအတိုင်းမောင်း၍ အိမ်ပြန်လာစဉ် လမ်းပြောင်းပြန်မောင်းနှင်လာခဲ့သည့် မြေ သယ်ယာဉ်တစ်စီး အမှောင်ထုထဲက ရုတ်တရက်ပေါ်လာကာ လမ်းအလယ်ကြောအတိုင်း မောင်းနေသော ပစ်ကပ်ကားအလယ်ကို အားဖြင့်ဝင်တိုက်လိုက်သည်။

အဆိုပါယာဉ်တိုက်မှုတွင် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရရှိပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သော ကလေးငယ်မှာ ဦးစိုးမိုး၏သား ဝဏ္ဏအောင်ပင်ဖြစ်သည်။ သူ့အပြင် ဒဏ်ရာအပြင်းအထန်ရခဲ့သော (၇)နှစ်အရွယ် သဲစုမြတ်နိုးနှင့် (၁၅)နှစ်အရွယ် ရဲထွဋ်နိုင်တို့မှာ ဆေးရုံရောက်ရှိပြီး နာရီပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့သည်။ အသက်(၈)နှစ်အရွယ် ကျန်ကလေးတစ်ဦးမှာလည်း မျက်စိပြင်းထန်စွာဒဏ်ရာရရှိ  ၍ မျက်စိတစ်ဖက်ထုတ်ခဲ့ရသည်။

‘‘ဖြစ်တဲ့အချိန်မှာ ကျွန်တော်က ဂျပန်မှာ ညဘက်ကြီးအိပ်နေတုန်း ဖုန်းဝင်လာတာ။ သားလေး ယာဉ်တိုက် မှုနဲ့ ဆုံးသွားတယ်ဆိုပြီး အံ့ဩတုန်လှုပ်ခဲ့တာပေါ့။ ဒီလိုမျိုးဖြစ်လာလိမ့်မယ်ဆိုတာ တစ်ခါမှမထင်ခဲ့ဘူး’’ဟု ဦးစိုးမိုးက သတင်းဆိုးကြီး စတင်သိရှိခဲ့သည့်အချိန်က သူဖြစ်ပေါ်ခဲ့သည့် စိတ်ခံစားမှုကို ပြန်လည်ဖွင့်ဟ သည်။

ဝဏ္ဏအောင်မှာ အသက်တစ်နှစ်ကျော်အရွယ်ကတည်းကပင် ဖခင်ရှိရာ ဂျပန်နိုင်ငံသို့ မိခင်နှင့်အတူသွား
ရောက်ခဲ့ပြီး ငါးနှစ်ခန့်နေထိုင်ခဲ့သည်။ထို့နောက် ကျောင်းနေအရွယ်ရောက်သည့်အခါ မြန်မာစာ၊ မြန်မာစ ကားတတ်မြောက်ရန် မိဘများက ရန်ကုန်မြို့ရှိ အဘိုး၊အဘွားများဆီသို့ပို့ကာ ပညာသင်ယူစေခဲ့ခြင်းဖြစ် သည်။

ဝမ်းကွဲဦးလေး ဂျပန်နိုင်ငံသို့မသွားမီ နိုဝင်ဘာ ၂၉ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် မိသားစုများဝိုင်းဖွဲ့ ၍ ပျော်ရွှင်စွာစားသောက်ခဲ့ပြီး ဝဏ္ဏအောင်လေးက ရွယ်တူဝမ်းကွဲမောင်နှမများဖြင့် ဆော့ကစားခဲ့ကြသည်။

ဆော့ကစားပြီး ဝဏ္ဏအောင်က သမိုင်းစာအုပ်အသစ်၏ ရှေ့ဆုံးစာမျက်နှာတွင် အထက်ပါအတိုင်း ရေးသား ခဲ့ခြင်းဖြစ်သည်။

အဖြစ်ဆိုးကြောင့် ကလေးငယ်များ၏ မိဘများမှာလည်း ယနေ့အထိ ဖြေမဆည်နိုင်သေးပါ။

အပြစ်ကင်းသော အထက်ပါကလေးငယ်သုံးဦးကဲ့သို့ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ၍ အစိုးရက ယာဉ်အိုယာဉ်
ဟောင်းလဲလှယ်ပြီး ပြည်ပမှ မော်တော်ယာဉ်အသစ်များ တင်သွင်းခွင့်ပြုခဲ့သည်။

ထိုသို့ တင်သွင်းခွင့်ပြုပြီးနောက် ယာဉ်အစီးရေများပြားလာခြင်းနှင့်အတူ စည်းကမ်းမဲ့မဆင်မခြင်ယာဉ်
မောင်းနှင်မှုများမှာလည်း အချိုးကျမြင့်တက်လျက်ရှိသည်။ ၂၀၁၂ နှစ်ဆန်းပိုင်းအထိ ရန်ကုန်မြို့တွင် ကား အစီးရေနှစ်သိန်းခွဲခန့်ရှိသော်လည်း ယခုအခါ ထက်ဝက်ခန့်မြင့်တက်လာခဲ့သည်။

ကားအစီးရေများပြားလာသည်နှင့်အမျှ ယာဉ်ကြောပိတ်ဆို့မှုမှာလည်း မြို့ပြတွင် နေထိုင်သွားလာသူများ အဖို့ နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ယာဉ်ကြောကျပ်မှုနှင့်အပြိုင် ယာဉ်မောင်းနှင် သူများကလည်း တစ်စီးနှင့်တစ်စီး ကျော်တက်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ ယာဉ်မောင်းနှင်ခြင်း ကျွမ်းကျင်မှုမရှိခြင်း၊ လမ်းကူးသူပေါ့ဆခြင်း စသည်တို့ကြောင့် လမ်းပေါ်တွင် အသက်ပေါင်းများစွာ
နေ့စဉ်နှင့်အမျှ ဆုံးရှုံးနေကြသည်။

ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုမှာ ၂၀၁၀ တွင် ယာဉ်တိုက်မှု ၇၉၀ ကျော် ဖြစ်ပွားခဲ့ ရာ သေဆုံးသူ ၁၇၅ ဦးသာရှိခဲ့သော်လည်း ၂၀၁၁ တွင် ယာဉ်တိုက်မှုပေါင်း ၁,၁၀၀ ကျော်ဖြစ်ပွားပြီး သေ ဆုံးသူ ၂၀၀ ကျော်၊ ၂၀၁၂ တွင် ယာဉ်တိုက်မှု ၁,၂၀၀ ကျော်ဖြစ်ပွားရာ သေဆုံးသူ ၂၉၀ကျော်၊ ၂၀၁၃ တွင် ယာဉ်တိုက်မှု ၂,၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂၀ ကျော်ရှိခဲ့သည်။

ယခုနှစ်တွင်လည်း နိုဝင်ဘာအထိ ၁၁ လအတွင်း ယာဉ်တိုက်မှု ၂,၂၀၀ ကျော်ဖြစ်ပွားထားပြီး သေဆုံးခဲ့ သူမှာ ယခင်နှစ်များထက် ပိုများကာ သေဆုံးသူ ၅၂၄ ဦးထိရှိခဲ့ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ခဲ့ သည်။

ထို့ကြောင့် ရန်ကုန်တွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးသူမှာ နှစ်စဉ်တိုးနေသည်။ ရန်ကုန်မြို့သာမက တစ်နိုင်ငံလုံးတွင်လည်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုမှာ ဆက်တိုက်တိုးနေပါသည်။

ရန်ကုန်မြို့တွင် တစ်လလျှင် ပျမ်းမျှယာဉ်တိုက်မှု ၂၀၀ ခန့် လစဉ်ဖြစ်ပွားလျက်ရှိပြီး တစ်လလျှင် လူ ၄၀ နီးပါး အသက်ဆုံးရှုံးနေသည်။ ထို့ကြောင့် ရန်ကုန်တွင် ပျမ်းမျှတစ်ရက်လျှင် လူတစ်ယောက်ကျော် ယာဉ် တိုက်မှုဖြင့် သေဆုံးနေရခြင်းဖြစ်သည်။

‘‘ယာဉ်တိုက်မှုတွေ ခြုံငုံပြောရင် လမ်းအသုံးပြုသူတွေအားလုံး စည်းကမ်းမလိုက်နာတာ။ လမ်းအသုံးပြုသူ ဆိုတာ လမ်းပဲလျှောက်လျှောက်၊ ကားပဲစီးစီး၊ ကားပဲမောင်းမောင်း အားလုံးလိုက်နာသင့်တယ်။ ကိုယ့်ကြောင့် သူများထိခိုက်ရင် ကိုယ်လည်း ထိခိုက်မှာပဲ။ အန္တရာယ်ဆိုတာ ကိုယ်လည်းခံစားနိုင်သလို သူများကိုလည်း ဒုက္ခပေးနိုင်တယ်’’ဟု အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ယာဉ်ထိန်းရဲအရာရှိတစ်ဦး ကပြောသည်။

ထို့အပြင် ယာဉ်ထိန်းတပ်ဖွဲ့ ရဲအင်အားမှာလည်း တစ်ထောင်ခန့်သာရှိပြီး ကားအစီးရေလေးသိန်းခွဲကျော်၊ လူဦးရေငါးသန်းကျော်ရှိသော ရန်ကုန်မြို့အတွက် အင်အားနည်းနေဆဲဖြစ်သည်။

‘‘မော်တော်ကား ၄၂၀ မှာ ယာဉ်ထိန်းတစ်ယောက်လောက်နဲ့ ထိန်းနေရတယ်။ အဲဒီတစ်ထောင်ဆိုတာ ကလည်း ရုံးမှာထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေပါပါတော့ တကယ်လမ်းပေါ်မှာ ယာဉ်ထိန်းက ငါးရာလောက်ပဲရှိတယ်။ ယာဉ်တိုက်မှုတွေမှာ ယာဉ်မဆင်မခြင်မောင်းလို့ ဖြစ်တဲ့အမှုတွေ ပိုများတယ်’’ဟု ၎င်းကဆက်ပြောသည်။

‘‘အဓိက,ကတော့ ယာဉ်ထိန်းရဲအင်အားကို တိုးချဲ့ရမှာ။ စည်းကမ်းမဲ့ကားကိုဖမ်း၊ စည်းကမ်းမဲ့ဆိုင်တွေ ကိုဖျက်၊ ဒါတွေက ယာဉ်ထိန်းရဲအင်အားတိုးချဲ့မှ ယာဉ်မတော်တဆမှုတွေ ကင်းမယ်ထင်တယ်။ ဒုတိယက လိုင်စင်ထုတ်ပေးတဲ့နေရာမှာ လက်လွတ်စပယ်မထုတ်ပေးဘဲ တကယ်စည်းကမ်းလည်းသိ၊ အရည်အချင်း လည်းရှိမှ ထုတ်ပေးသင့်တယ်’’ဟု မင်္ဂလာတောင်ညွန့်မြို့နယ်နေ အငှားယာဉ်မောင်း ဦးအောင်လေး ကပြောသည်။

မြို့ပြပညာရှင်ဦးဝင်းမြင့်က စည်းကမ်းပျက်ယာဉ်မောင်းများကို ပညာပေးရန်၊ လမ်းစနစ်အချို့ ပြုပြင်ရန်၊ ယာဉ်ထိန်းရဲများထံမှ အကောင်းဆုံးလုပ်အားရရှိပါမှ ယာဉ်တိုက်မှုများ လျော့ကျမည်ဟုပြောသည်။

‘‘ယာဉ်တိုက်မှုတွေ၊ ယာဉ်မတော်တဆမှုတွေအတွက် အခြေခံအကြောင်းအရာကို အရင်ရှာရပါမယ်။ အကြောင်းအရာကို အရင်မရှာဘဲနဲ့ တံတားထိုးတာတွေ၊ မြို့သစ်ချဲ့တာတွေလုပ်နေတာဟာ ရောဂါကို ပိုဆိုးစေပါတယ်။ အဓိကကတော့ ရန်ကုန်မြို့နဲ့ အဆင်ပြေလိုက်ဖက်တဲ့ ယာဉ်ကြောပုံစံကို ချမှတ်ရမှာပါ။ တချို့နေရာတွေက မလိုအပ်ပဲနဲ့။ တစ်လမ်းမောင်းတွေဖြစ်နေကြတယ်။ ယာဉ်မတော်တဆဖြစ်မှုတွေ၊ ယာဉ်ကြပ်မှုတွေဟာ ကားမောင်းသူတွေကြောင့်သာမကဘဲ လမ်းကြောစနစ်တွေကြောင့်ပါ ဖြစ်ပါတယ်’’ဟု ဦးဝင်းမြင့်က အကြံပြုသည်။

ယာဉ်တိုက်မှုပိုများလာသော ရန်ကုန်မြို့တွင် နေ့တဓူဝ သွားလာ၊ လုပ်ကိုင်နေရင်း ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးသူများ ကြုံတွေ့ခဲ့ရသည့်အနက် ဒီဇင်ဘာ ၈ ရက်က သိမ်ဖြူလမ်းမပေါ်တွင် သေဆုံးခဲ့သော မအေးစန္ဒာသိန်းအဖြစ်မှာ ကြေကွဲစရာပင်။

အလုပ်မှအပြန် သိမ်ဖြူလမ်းဖြတ်ကူးနေစဉ် လမ်းပြောင်းပြန် အရှိန်ဖြင့်မောင်းနှင်လာသည့် အဓိပတိ(အနီ) လိုင်းကားက အရှိန်ဖြင့်တိုက်ချသွားခဲ့၍ ပွဲချင်းပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။ သို့သော် ယာဉ်မောင်းကမူ ထွက်ပြေးနေသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခဲ့သူ မအေးစန္ဒာသိန်း၏ညီမဖြစ်သူ မသဒ္ဓါက သူ၏ဖေ့စ်ဘွတ်ခ်တွင် ‘‘တနင်္လာနေ့ ညနေ ၆ နာရီခန့်တွင် သိမ်ဖြူလမ်းကိုဖြတ်ကူးစဉ် အဓိပတိ (အနီ) ယာဉ်မောင်းတစ်ယောက်ရဲ့ စဉ်းစားဆင်ခြင်ဉာဏ်မရှိခြင်း၊ ယာဉ်ကိုလည်း ကျွမ်းကျင်စွာမမောင်းနိုင်ခြင်း၊ စည်းကမ်းမဲ့ပြီး ယာဉ်ကြောပြောင်းပြန်မောင်းနှင်တဲ့အပြင် လိုင်းကားကိုလိုင်းကားအသွင်နဲ့ မမောင်းနှင်ဘဲ ပြိုင်ကားအသွင်မောင်းနှင်မှုကြောင့် သဒ္ဓါမမ အသက်စတေးခဲ့လိုက်ရတယ်.. ။ ဤကဲ့သို့ အဖြစ်ဆိုးနဲ့ကြုံ ကြိုက်ခဲ့ရတယ်။ ကျွန်မရဲ့အစ်မကတော့ အသက်သေခဲ့ရတယ်။ ယနေ့အချိန်ထိလည်း တရားခံကို ဖမ်းမမိသေးသဖြင့် ဤအွန်လိုင်းကနေ တရားခံဖမ်းမိအောင် တစ်ဖက်တစ်လမ်းက အကူအညီတောင်းခံအ ပ်ပါသည်’’ဟု ဒီဇင်ဘာ ၁၀ ရက်က ရေးသားခဲ့သည်။

ယာဉ်မဆင်မခြင်မောင်းနှင်မှုတစ်ခုကြောင့် သေဆုံးခဲ့ရသော ဝဏ္ဏအောင်တို့ မထင်မှတ်ဘဲ မိသားစုအ သိုက်အမြုံပြိုကွဲခဲ့ပြီး မိဘများ၏ ရည်မှန်းချက်များမှာလည်း တစ်စစီကျိုးပျက်ခဲ့သည်။ သူတို့က သားလေး ဆန္ဒအတိုင်း မြန်မာနိုင်ငံတွင် မိသားစုအတူ သိုက်သိုက်ဝန်းဝန်းဖြင့် အပြီးတိုင်နေထိုင်မည်ဟု ရည်ရွယ်ထား ခဲ့ကြသည်။

သို့သော် ယခုအခါ ရည်ရွယ်ချက်အထမမြောက်တော့ပေ။ ထို့အပြင် ဒီလိုအဖြစ်ဆိုး သားလေးကြုံတွေ့ရ မည်ကို ကြိုတင်မသိရှိနိုင်သော ဖခင်တစ်ယောက်အဖို့ သားလေးတောင်းဆိုခဲ့သည့်အရာအတိုင်း အပြည့် အဝမဖြည်းဆည်းနိုင်ခဲ့၍ ပိုပြီးဝမ်းနည်းကြေကွဲနေရကြောင်း ဦးစိုးမိုးက ဝမ်းနည်းစွာပြောသည်။

‘‘မိဘတစ်ယောက်အနေနဲ့ ဖိဖိစီးစီးပြည့်ပြည့်စုံစုံ မဖြည့်ပေးနိုင်ခဲ့ဘူး။ သူလိုချင်တာတွေ မဖြည့်ဆည်းပေးနိုင် ခဲ့တာ စိတ်မကောင်းဘူး’’ဟု ဦးစိုးမိုးကပြောသည်။

သို့သော် သားဖြစ်သူ အသက်ရှင်စဉ်က အမြဲပူဆာခဲ့သော အရုပ်ဖြစ်သည့် ဂျပန်နိုင်ငံမှ ဒရာဒယ်မွန်အရုပ် များကို ယခင်က ဝယ်မပေးဖြစ်ခဲ့သောကြောင့် သား၏နောက်ဆုံးခရီးတွင် မဖြစ်မနေဝယ်ပေးမည်ဟု ဆုံးဖြတ်ကာ ဝယ်လာခဲ့သည်။

ဒီဇင်ဘာ ၃ ရက်က သားဖြစ်သူ၏ နောက်ဆုံးခရီးတွင် ဒရာဒယ်မွန်အရုပ်ကတ်ကလေးများကို သူနှင့်အတူ ထည့်ပေးခဲ့သည်။ သားလေးလက်ထဲသို့ အသက်ရှင်လျက်ရှိစဉ်က ပေးခွင့်မရခဲ့၍ အလွန်ဝမ်းနည်းရ
ကြောင်း ဦးစိုးမိုးတစ်ယောက်ဖွင့်ဟသည်။

ရန်ကုန်မြို့ရှိလမ်းများနှင့် ပတ်သက်၍ လူတိုင်း၌မတူညီသော အမှတ်တရများ ကျန်ရစ်မည်ဟုယူဆမိသည်။
ထိုကဲ့သို့ မမေ့နိုင်သော အမှတ်တရရှိသူများတွင် ဦးစိုးမိုးလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ သူ၏ အမှတ်တရလမ်းကတော့ မရမ်းကုန်းမြို့နယ်အတွင်းရှိ ဝေဇယန္တာလမ်းမကြီးပင်ဖြစ်သည်။

‘‘သူ့အသုဘချတုန်းက အဲဒီကနေဖြတ်သွားရပါတယ်။ သူဆုံးသွားတဲ့နေရာလေးကို လှမ်းကြည့်မိခဲ့တယ်။ ကျွန်တော် အဲဒီလမ်းကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ပါဘူး။ အဲဒီနေရာလေး ဝေဇယန္တာလမ်း ဂေါက် ကွင်းကြီးထိပ်ကိုရောက်ရင် ကျွန်တော့်အတွက် ဝမ်းနည်းစရာနေရာတစ်ခုအဖြစ် ကျွန်တော်အမြဲသတိရနေ မှာပါ’’ ဟု ဦးစိုးမိုးက ဝမ်းနည်းကြေကွဲစွာပြောသည်။

7day

မှတ်ချက်များ