သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေးထိန်းသိမ်းမှု သင်တန်းပေးရန်စီစဉ်

အစည်းအဝေးတစ်ခု မှတ်တမ်းဓါတ်ပုံ
ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကို သြစတြေးလျတပ်မတော်က မြန်မာ့တပ်မတော်အားလေ့ကျင့် သင်ကြားပေးရန် စီစဉ်နေကြောင်း သတင်းရရှိ သည်။

ယခုလ ၁၆ရက်တွင် နေပြည်တော် ဘုရင့်နောင်ရိပ်သာ၌ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး
နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ဆုံစဉ် အထက်ပါအတိုင်း
ဆွေးနွေး ပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များရပ်တန့် ကာ နေရာအချို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပေါ်နေချိန်၌ သြစတြေးလျတပ်မတော်က အထက်ပါသင် တန်းပို့ချရန် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ် သည်။

ထို့အပြင် မြန်မာ့တပ်မတော် နှင့် သြစတြေးလျတပ်မတော်နှစ်ရပ်အကြား စစ်ရေးနှင့်မပတ်သက်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ရေးကိစ္စရပ်များသာ ဆောင်ရွက်သည်မဟုတ်ဘဲ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ထောက်ပံ့ရေး ပစ္စည်းများ ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များ စသည့်အချက် များကို ရည်ရွယ်ခြင်းဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးတစ်ဦးကပြော သည်။

အနာဂတ်တွင်နှစ်နိုင်ငံရှိ တပ်မတော်နှစ်ရပ်အကြား စစ်ရေးသာမကဘဲ အခြားနယ်ပယ်များတွင်ပါ ဆက် ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

မိမိတို့သည် အာရှဒေသတွင်းနိုင်ငံများဖြစ်သဖြင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကောင်း မွန်လာသည်နှင့်အမျှ ဒေသလုံခြုံရေးကိစ္စရပ်များကိုလည်း အထောက်အကူပြုမည် ဖြစ်ကာ မြန်မာနိုင်ငံ၏
ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ထောက်ခံကူညီခဲ့မှုများ၊ အခြားအကူအညီပေးအပ်ခဲ့မှုများ နှင့် ပတ်သက်၍ ကျေးဇူးတင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။

ယခင်တပ်မတော်အစိုးရ လက်ထက်တွင် အမေရိကန်အပါ အ၀င်နိုင်ငံအများစုကမြန်မာနိုင်ငံ အပေါ် ပိတ် ဆို့ထားခဲ့သဖြင့် မြန်မာ့ တပ်မတော်အနေဖြင့် တရုတ်၊ ရုရှားတပ်မတော်များနှင့်သာ အဆက်အဆံရှိခဲ့ သည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်လာခဲ့သဖြင့် အမေရိကန်၊ ဗြိတိန်၊ ဂျပန်အပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ တပ်မတော်များအနေဖြင့် မြန်မာ့ တပ်မတော်အား အကူအ ညီပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာသော်လည်း လက်နက်အကူအညီများ ပေးအပ်ရောင်းချရေး ကိစ္စရပ်များတွင် ပိတ်ဆို့ခံထားရဆဲဖြစ်သည်။

မင်းဟိန်းကျော် | 7day



မှတ်ချက်များ