Breast Beauty ရင်သားအလှ - Dr. တင့်ဆွေ


ရင်သားရဲ့ လှပမှု၊ ကြည့်ကောင်းမှု၊ ဆွဲဆောင်မှုဆိုတာ အပေါ်ပိုင်းဗလာ (မော်ဒယ်) တွေကလွဲရင် တခုခုကို ဝတ်ထားရင်း အကဲဖြတ်ကြရပါတယ်။ အဝတ်ဗလာကိုကြည့်ရတာ မဟုတ်ပါ။ ဒါဟာ အားသာချက်တခုပါ။ စမ်းသပ် လေ့လာမှုတခုအရ အမျိုးသမီး ၉၅% ဟာ သူတို့နဲ့ အသင့်တော်ဆုံး (ဘရာ) ကို မဝတ်ကြဘူးတဲ့။ ဒီလိုဖြစ်နေတာ မသိရှာကြဘူးလို့ပါ ဆိုလိုက်သေးတယ်။ ဒါ့ကြောင့် “ခွက်” နဲ့ “ရင်” အတိုင်းအတာတွေ မမှန်တဲ့အခါ တချို့မှာ ချောင်၊ တချို့မှာ ကြပ်၊ အကဲဖြတ်တော့ အမှတ်နည်းရော။

Bra size ရဲ့ Band size ဆိုတာ ပေကြိုးကို ရင်သားအောက် နေရာမှာထိ အတိအကျ တိုင်းရတယ်။ ခပ်တင်းတင်းထား တိုင်းပါမှ ချောင်မနေမှာ။ ဝတ်ကြည့်လိုက်လို့ လက်တချောင်းထက် ပိုဝင်နေရင် ကျယ်နေတယ်။ Cup Size တိုင်းတာလဲ အဲလိုဘဲ။ ရင်သား အဝိုင်းကို ပေကြိုးပတ်တိုင်းတယ်။ ဆိုပါတော့ ၃၃ လက္မ္မရှိနေသူဟာ 34D Cup ဝတ်မှ အံကျဖြစ်မယ်။ ဝတ်ပြီး မှန်ရှေ့မှာကြည့်လို့ ရင်သားဟာ (ဘရာ)
ဘေးကနေ စူနေရင် သေးတယ်။ အရွယ်သေးနေလို့ အတွင်းကနေ Synthetic nylon padded brassieres လူလုပ်ပစ္ပ္စည်း တမျိုးမျိုးခံတဲ့အခါ နိုင်လွန် မသုံးသင့်ပါ။ တချိန်မှာ ကင်ဆာ မဖြစ်ဘူး မပြောနိုင်လို့။

ရင်သား တွဲကျနေတယ်ဆိုတာ “နှိုင်းပြီး အကဲဖြတ်တာ” ဖြစ်တယ်။ အရင်လို မဟုတ်တော့ဘူး၊ သူများလောက် မလှဘူး။ “အလိုဆန္ဒအရ ပြင်စရာတခု” လို့ သတ်မှတ်လိုက်တာပါဘဲ။ လူကောင်သေး သူက ထွားချင်သူရှိသလို Small is beauty “သေးတာကိုက လှတာ” လို့ လက်ခံသူတွေလဲ ရှိတာပါဘဲ။

သူများတွေဆီမှာတော့ ရှားတယ်။ မြန်မာပြည်မှာ “အပျိုကြီး ဖြစ်ရခြင်းအကြောင်း” တွေ ပြေကြ၊
နောက်ကြ၊ ရေးကြတာ မနည်းဘူး။ အားနာလို့လား၊ ရိုင်းမှာစိုးလို့လားတော့ မပြောတတ်ဘူး။ ရင်သားသေးငယ်လို့၊ တင်းတင်း-ရင်းရင်း မရှိလို့ ဆိုတာ အကြောင်းခံအနေနဲ့ရေးကြတာ မတွေ့ရပါ။

ရင်သားမှာ ကြွက်သားမပါသလောက်ပါ။ ကြွက်သားကို လေ့ကျင့်ခန်းနဲ့ သန်မာအောင်၊ ကြီးထွားအောင် လုပ်နိုင်တယ်။ ရင်သားကိုတည်ဆောက်ထားတာက အတွင်းထဲမယ် အဆီသာ များတယ်။ နို့ပြွန် -နို့အိတ်လေးတွေနဲ့ အဲဒါတွေကို တွယ်ဆက်ပေးတဲ့ (တစ်ရှူး) တွေသာ ရှိတယ်။ ရင်ပတ်နံရံက ကြွက်သားပြားတွေ အပေါ်မှာ တင်ယုံတင်နေတာမို့ အထိန်း-အကွပ် မရှိဘူး။ ဒါ့ကြောင့် သိပ်လွတ်လပ် တယ်။ သူ့ အလေးချိန်နဲ့သူ ကမ္ဘာ့ဆွဲအားနဲ့ အောက်ဖက်ကို ဦးတည်နေတယ်။ ခုန်ရလေလေ အောက် ကျလေပေါ့။ ဆင်မယဉ်သာမသွားလို့ကတော့ ဆိတ်မ ဘယ်-ညာ လှုတ်ခါနေပါမယ်။

ဒါ့ကြောင့် (ဗလာ) ခေတ်အရင် (ဘရာ) ခေတ်၊ (ဘောဒစ်) ခေတ်၊ ဒိအရင်က (ဇာဘော်လီ) ခေတ်။ ရှေးတုံး က (ရင်စီး) ခေါ်တာကို ကြပ်နေအောင် ဝတ်ခဲ့ကြတာပါ။ အဝတ်မပေါ်ခင်ကတော့ ဗလာပေါ့။ လူတွေ ယဉ်ကျေးလာသလို ခေတ်နဲ့လဲ လိုက်အောင် ဝတ်စားလာကြလို့ ဖြစ်တယ်။ အာဖရိကမှာ အခုထိ အပေါ်ဗလာရှိသေးတာက ခေတ်မီတာ မဟုတ်မှန်း လူတိုင်း အသိပါ။ သိပ်ကြပ်တာကတော့ ကျန်းမာရေး အရမကောင်းပါ။

တွဲကျနေတာမှာလဲ မတူကြပါ။ အသက်အရွယ်ကြီးလို့၊ ကလေးတွေ မွေးရတာများလို့၊ အနေအထိုင် ဂရုတ စိုက် မနေတတ်လို့၊ ငယ်တုံး-ပျိုတုံးကလို မဟုတ်တော့ဘဲ ရင်သားနှစ်ဖက်ဟာ သိပ်သိသိသာသာကြီး တွဲ-ပျော့-ကျလာတယ်။ တချို့ ငယ်ငယ် ရွယ်ရွယ်နဲ့ ကြည့်ကောင်းအောင်ကျနေတာမျိုးလဲရှိတယ်။ ရင်သားရဲ့ထိပ် နို့သီးဟာ ရှေ့တည့်တည့်ကနေ မြင်ရရင် အလည်ရဲ့ အောက်နားလေးမှာ ရှိနေတာက
ခေါင်းလောင်း ဆွဲထားသလို အသီးထိပ်ဖျားဟာ အောက်စိုက်နေတာထက် ကြည့်ပျော်ရှုပျော် ရှိပါမယ်။ အရပ်လည်းရှည် ကျောယားလည်းရှည်တာမို့ သူ့လောက် အရပ် မရှည်သူတွေထက် ရင်သားက အောက် ကျနေလိမ့်မယ်။ ဓါတ်ပုံရိုက်ကြည့်ရင် ပခုံးကနေ ရင်သားထိပ်နေရာဟာ သူများတွေထက် ကွာဝေးပေမဲ့ အချိုးအဆက်ကျနေလို့ လှတယ်ပြောကြမှာပါဘဲ။

တကယ်တန်း ရင်သား အချိုးအစားကျမှုဆိုတာ “လူအများ မြင်ရမဲ့၊ မြင်စေအာင်လုပ်လေ့ရှိတဲ့ ရင်သား အပေါ်ပိုင်းနေရာ” ထက် “နို့သီးကနေ အောက်နဲ့ နောက်ဘက် ရင်ပတ်နံရံဆီ သွားတဲ့နေရာ” သာ ဖြစ် ပါမယ်။ ဆူပါမော်ဒယ်တွေ၊ (မူဗီ-စတား) မင်းသမီးချောတွေ Evening Gowns, Cocktail Dresses, Prom Dresses ဝတ်စုံတွေနဲ့ ဓါတ်ပုံအရိုက်ခံလို့ သိပ်လှချင် လှပေမဲ့ အပေါ်ဗလာပြဘို့ မလှသူတွေ ရှိတယ်။ ဘေး တိုက် ကြည့်မယ်ဆိုပါစို့။ မျဉ်းကွေးက ဘယ်လိုလဲ။ ပစောက် ပုံလား။

ရကောက်-ပြောင်းပြန်လိုလား။ နို့သီးဖက်က မျဉ်းထက် ရင်ပတ်ဖက်က မျဉ်းဟာ ပိုရှည်နေလေလေ အလှ နည်းလေလေ။ အရွယ်သေးပေမဲ့ အချိုးအစားကျတာက သာပါမယ်။ ဘရာ Cup size တူသူ နှစ်ဦးဟာ Deep cleavage အတူဖြစ်ချင်မှ ဖြစ်မယ်။ ချိုင်းအောက်နေရာ ပတ်လည်ကျဉ်းသူတွေမှာ Cleavage ပိုသိသာမယ်။ “ကောက်ကြောင်း” က ဆွဲဆောင်မှုမှာ အလေးသာတယ်လို့ ပြောတာတွေ ရှိတယ်။

ကလေး နို့တိုက်ရာမှာလဲ နှစ်ဘက်ကို ညီတူမျှတူ တိုက်ပေးရမယ်။ တဖက်ဖက်မှာ အလုံး-အကြိတ်-အနာ ခွဲထုတ်ထားရရင် အဲဒီဘက်က ရင်သားအရွယ်သေးနေမှာဘဲ။ Nourishing cream လိမ်းတာနဲ့ လေ့ကျင့် ခန်းလုပ်ပါလို့ အလှအပ၊ ကျန်းမာရေးအကြံပေး ဈေးရောင်းသူတွေကဆိုပါတယ်။ လိမ်းရာမှာ ရှေ့ ကနေလိမ်း၊ ရင်သား နှစ်ခုလုံး နှံ့အောင်လိမ်း၊ ၁ဝ-၁၅ ကြိမ်၊ နာရီလည်သလိုနဲ့ ပြောင်းပြန် လိမ်းနယ်ပေးရတယ်လို့ ပြောပါတယ်။

Aerobics (အေရိုးဗစ်) လို လေ့ကျင့်ခန်း ပြင်းပြင်းထံထံလုပ်သူတွေ အတွင်းခံ ကောင်းကောင်းမဝတ်ရင် ရင်သား တွဲကျလာမယ်။ Drooping or Sagging breasts မဖြစ်ရအောင် Good supportive bra ဝတ်ဆင် ပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်တွေမှာ ဝတ်ပါ။

Breast Exercise ရင်သား-လေ့ကျင့်ခန်း

၁။ အခင်း-ဖျာပေါ်မှာ လှဲအိပ်ပါ။ လက်တဖက်စီထဲမှာ (ဝိတ်) ကိုင်ပြီး၊ ပခုံးဘေးကို လက်တွေ ဆန့်တန်း ထားပါ။ နောက် လက်တွေ အထက်မြှောက်ပါ။ အလေးတွေက ရင်ပတ်ပေါ်မှာ လာတွေ့စေအောင် တဒေါင်ဆစ်ကို နဲနဲ ကွေးထားပါ။ ပြီးတော့ လက်ကို ပြန်ဆန့်ထုတ်ပါ။ ၁၃-၁၅ ကြိမ် လုပ်ပါ။
၂။ အခင်း-ဖျာပေါ်မှာ လှဲအိပ်ပါ။ လက်တဖက်စီထဲမှာ (ဝိတ်) ကိုင်ပြီး လက်ကို အထက်မှာ ဆန့်တန်းထား ပါ။ ပြီးရင် အောက်ချရင်း ကွေးပါ။ တဒေါင်ဆစ်ကို ပခုံးနဲ့ တန်းတန်းထားပြီး၊ အလေးတွေက ရင်ပတ်ဆီ ကျလာအောင် ချပါ။ ၁၃-၁၅ ကြိမ် လုပ်ပါ။
၃။ မတ်တပ်ရပ်ပါ။ လက်တဖက်စီထဲမှာ အလေးကိုင်ထားပါ။ လက်ကို ပခုံးနဲ့တန်းတန်း ဘေးဘက် တည့်တည့် ဆန့်တန်းပါ။ အလေးကိုင်ထားတဲ့ လက်အဖျားတွေကို ၁ ပေအချင်းရှိမဲ့ ပဌမ ရှေ့ဝိုင်း၊ ဒုတိယ နောက်ဝိုင်း ၁၅ ခါစီ စက်ဝိုင်းဝိုင်းပါ။

Breast Care ရင်သားကို ဘယ်လို ဂရုစိုက်မလဲ
ရင်သားအတွက် အာဟာရ၊ တိရစ္ဆ္ဆာန်အဆီ လျှော့စားပါ။ ငါးအဆီ ပိုစားပါ။ သံလွင်ဆီကို အစားထိုး သုံးပါ။ ဗီတာမင် C, E, Beta-carotene ဗီတာမင် A precursor နဲ့ ဓါတ်ဆား Selenium တွေ အပိုဆောင်းပါ။ Antioxidant-rich ဖြစ်တဲ့ အသီးအနှံ-အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ၊ ဥပမာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မုံလာဥဝါ၊ ခရမ်းချဉ်သီး၊ မုံလာစိမ်း-ပွင့်၊ မုံလာထုပ်။ Fibre ပါတဲ့ Oats အုတ်စပါး၊ Rye ရိုင်းစပါး၊ Millet ပြောင်းနှံ၊ Brown rice ဆန်လုံးညို၊ Beans ပဲသီးတောင့်။ Protein ပရိုတင်း များများစားပါ။ Alcohol အရက်သေစာ မတည့်ပါ။ Coffee ကော်ဖီ၊ Cola ကိုလာ၊ Chocolate ချော့ကလက်နဲ့ Strong tea လက်ဖက်ရည် ပြင်းတာတွေ လျှော့ပါ။

• မိန်းကလေးတွေဟာ ငယ်ရာကနေ အရွယ်ရောက်၊ ယောက်ျားရ၊ ကိုယ်ဝန်ဆောင်၊ ကလေးရ၊ အသက်ကြီး၊ သွေးဆုံးချိန်အထိ တနေ့တမျိုး မရိုးရအောင် ပြောင်းလဲနေတယ်။ ရာသီရက်တွေမှာလဲ ပြောင်းနေတာဘဲ။
• အမျိုးသမီး-ရင်သား ဘယ်ဘက်က နဲနဲပိုထွားတယ်ဆိုရင် မှန်တာများတယ်။
• ကလေးမွေးပြီး၊ နာမကျန်းဖြစ်ပြီး၊ ရာသီရက်မမှန်ဖြစ်ပြီးသူတွေမှာ ရင်သားပုံပန်း ပြောင်းလာစေတယ်။
• အိပ်ရင် ဘေးတဖက်ကို တလှည့်စီ စောင်းအိပ်ပါ၊ ရင်သားအောက်မှာ အခုအခံ အနေတော် တခုခုခံပြီး အိပ်ပါ။
• ရင်သား ကြီးမား-လေးလံလွန်းနေသူတွေ သူ့အလေးချိန်နဲ့သူ လေးလို့ နာနေရင် ခွဲစိတ်-ပြုပြင်ကြရတယ်။
• သိပ်ကျလို့ မဟုတ်ဘဲ သိပ်လှချင်လို့ ခွဲစိတ်ပြီး Breast implants ရင်သားထဲ ပစ္စည်းတု ထည့်သူ အမေရိကားမှာ ၂ သန်း ရှိနေပြီ။ လှတာမက်လို့ ခက်သူတွေလဲ မနည်းပါ။ အသက်ပါပေးလိုက်ရသူ တယောက်ကတော့ ဂျာမန် Porn star အပြာမင်းသမီး Caroline Wosnitza ဟာ ရင်သားကို 34F ကနေ 34G ဖြစ်အောင် ဆဌမ အကြိမ်မြောက် ခွဲစိတ်အပြီး ကိုးရက်အကြာ ၂၁-၁-၂ဝ၁၁ နေ့မှာ သေဆုံးသွားရရှာ ပါတယ်။

“လူပြော အများဆုံး လူ့အပြင်-အင်္ဂါဟာ ရင်သားပါ” လို့ဆိုကြတယ်။ ထုတ်မပြောတောင်မှ စိတ်ထဲက မှတ်ချက်ချနေရတဲ့ အလှအပ-ပစ္စည်း ဖြစ်ပါမယ်။ ဘာလို့များ ဒါကိုပိုပြီး စိတ်ဝင်စားကြလဲ၊ ဂရုထားကြသလဲ၊ လူပြောများသလဲ။
• Theory of Difference ကွဲလွဲမှုသီအိုရီ၊ လူ့စိတ်ဟာ သူ့မှာ မရှိတာကို စိတ်ဝင်စားကြတယ်။ ကျား-မ အပြန်-အလှန် တူကြပါတယ်။
• Theory of Deprivation မမြင်ဘူးတာ၊ မမြင်ရတာမျိုးကို ပိုသိခြင်-မြင်ချင်စိတ် သီအိုရီ။
• Theory of Sexual Connection လိင်ဆက်စပ်မှု အီအိုရီက ပိုပြီး မှန်နိုင်တယ်။
• The Oedipus Complex Theory ဆိုတဲ့ စိတ်ပညာ သီအိုရီဆိုတာ သားကနေ ဖအေကို မသိစိတ်ကနေ မနာလို ဖြစ်တဲ့ သဘောကို အခြေခံတာ။ သမီးမိန်းကလေးလဲ အဲလို ရှိနိုတယ်လို့ စိတ်ပညာရှင် Freud ကဘဲ ပြောတယ်။

ရင်သားမှာဖြစ်တဲ့ ရောဂါအားလုံးဟာ အမြင်အရ ကြည့်မလှသူ၊ ဆွဲဆောင်မှု သိပ်မကောင်းသူ၊ ဓါတ်ပုံမစားသူတွေမှာသာ ဖြစ်ရတယ်လို့မရှိပါ။ ပြင်သစ်မင်းသမီး Brigitte Bardot (ဘားဒေါ့) နဲ့ သြစတေးလျအဆိုတော် Kylie Minogue (ကိုင်လီ) တို့မှာ ရင်သားကင်ဆာ ရှိကြတယ်။

ရင်သားတွဲကျနေတာကို တင်းတင်းရင်းရင်း ဖြစ်လာဘို့ လွယ်တာတော့မဟုတ်ပါ။ သက်ရှိအင်္ဂါတွေ ဟာ ဖြစ်ပြီးသား၊ ပျက်ပြီးသား အခြေအနေကနေ ပြုပြင်ပြောင်းလဲဘို့ စနစ်ကျတဲ့ နည်းအမျိုးကို အားကိုးချင် တာကတော့ မှန်ကန်ပါတယ်။ ဆရာဝန်တွေချည်း အားကိုးမရဘူးထင်ရင် တိုင်းရင်းနည်း၊ (ဟာဘယ်) နည်း၊ စတာတွေလဲ လှည့်တတ်တယ်။ နည်းပညာ သစ်တွေလဲ တိုးတက်နေတာမို့ ဆေးကုရာမှာလဲ အရင် ကထက် ပိုကောင်းလာတာတော့ မှန်တယ်။ ဒါပေမဲ့ နတ်ရေကန်ထဲချသလို အားလုံးကောင်းအောင်တော့ လုပ်မရနိုင်ပါ။

Dr. တင့်ဆွေ

မှတ်ချက်များ