တစ်ရက်အတွင်း Qantas လေကြောင်းလိုင်းပိုင် လေယာဉ်(၃)စီး လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရ


ဩစတြေးလျပိုင် Qantas လေကြောင်းလိုင်း အနေဖြင့် (၂၄)နာရီအတွင်းလေယာဉ်(၃)စီးမူလလမ်းကြောင်း
 မှ သွေဖယ်ပြီး ဆင်းသက်မှုများ ပြုလုပ်ခဲ့ရကြောင်း ကြေညာခဲ့သည်။

ဒီဇင်ဘာ ၈ ရက် ညနေပိုင်းက QF7 လေယာဉ်သည် အမေရိကန်နိုင်ငံ၊ ဒဲလက်စ်မြို့သို့ ဦးတည်ပျံသန်းခဲ့
သော်လည်း (၄)နာရီ အကြာတွင် နည်းစနစ်ပိုင်း ပြဿနာတစ်ခု ကြုံလာသဖြင့် ဆစ်ဒနီသို့ ပြန်လှည့်ကာ ဆင်းသက်ခဲ့ရသည်။ ယင်းမှာ ခရီးသည်များ၏ ခုံနေရာတွင် လျှပ်စစ်ဓာတ်အား ပို့ဆောင်မှုပိုင်း ချွတ်ယွင်း ချက်များ ရှိခဲ့သလို အိမ်သာအချို့တွင်လည်း အဆင်မပြေမှုများ ကြုံရ၍ဟု ဆိုသည်။

“ဆက်ပြီး ပျံသန်းမယ်ဆိုရင် ဒဲလက်စ်ထိ ဘေးမသီရန်မခ ရောက်ရှိနိုင်မှာပါ။ ဒါပေမဲ့ ကာလရှည်ကြာ ပျံ သန်းရမယ့် ခရီးစဉ်မှာ ခရီးသည်တွေ သက်တောင့်သက်သာ ဖြစ်စေချင်တဲ့အတွက် နောက်ကြောင်းပြန် လှည့်သင့်တယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု Qantas မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဆစ်ဒနီမှ ဒဲလက်စ်သို့ ပျံသန်းမှုသည် ကမ္ဘာ့အရှည်ဆုံး လေကြောင်းခရီးစဉ် တစ်ခုလည်းဖြစ်ပြီး ပုံမှန်အား
ဖြင့် (၁၅)နာရီမျှ ကြာမြင့်သည်။

ယင်းမတိုင်မီကလည်း Qantas ၏ A380 ခရီးသည်တင် လေယာဉ်တစ်စီးသည် ဒူဘိုင်းမှ ဆစ်ဒနီသို့ ဦး တည်ပျံသန်းရင်း လေယာဉ်ကိုယ်ထည်တွင်း လေပေးစနစ် ချွတ်ယွင်းလာသဖြင့် ဆစ်ဒနီ၌ လမ်းကြောင်း
ပြောင်း ဆင်းသက်ခဲ့ရသည်။ ထို့အပြင် လေယာဉ်ကိုလည်း ပုံမှန် အမြင့်ပေ (၃၉၀၀၀)တွင် ပျံသန်းနေရာမှ အမြင့်ပေ (၁၀၀၀၀)ထိ နှိမ့်ချပျံသန်းပြီး အိန္ဒိယ သမုဒ္ဒရာကို ဖြတ်ကျော်ခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၈ ရက်တွင် ထူးထူးခြားခြား အခြေအနေများကြောင့် လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်မှာ ထိုနှစ်စီးတည်း မဟုတ်ဘဲ ပါ့သ်မှ ကာရက်သာသို့ ပျံသန်းသည့် လေယာဉ်တစ်စီးသည်လည်း ပုံမှန်မဟုတ် သည့် အနံ့အသက်တစ်ခု ရရှိသည့်အတွက် လမ်းကြောင်းပြန်လှည့် ဆင်းသက်ခဲ့ရသည်။ ဩစတြေးလျနှင့် နိုင်ငံတကာ လေယာဉ်မှူးများ အဖွဲ့ကြီးကမူ အဆိုပါ ဖြစ်ရပ်(၃)ခုသည် ဆက်စပ်မှု မရှိဘဲ တိုက်ဆိုင်မှု တစ်ခုအနေဖြင့်သာ မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့သည်။

“ပုံမှန်အားဖြင့် လေယာဉ်တွေဟာ အကြမ်းပတမ်း ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားတာပါ။ ဒါပေမဲ့ လည်း တချို့သော အခြေအနေလေးတွေ ကြုံလာပြီ ဆိုတာနဲ့ ပေါ့လျော့မနေဘဲ လုံခြုံရေး စံနှုန်းတွေအ တိုင်း သတိကြီးကြီး စီမံလုပ်ဆောင်မှုတွေ လိုအပ်ပါတယ်”ဟု Qantas ၏ လုံခြုံရေး တာဝန်ခံတစ်ဦးက ရှင်းပြခဲ့သည်။

Qantas သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ယိမ်းယိုင်မှုများ ကြုံခဲ့ပြီး အလုပ်အကိုင်နေရာ ထောင်နှင့်ချီ လျှော့ချခဲ့ရသော်လည်း ယခုနှစ်ဝက်တွင် ဩစတြေးလျ ဒေါ်လာ သန်း(၃၅၀)ကျော်ထိ အမြတ်အစွန်း ပြန်ပေါ်လာခဲ့ကြောင်း သိရသည်။

7day

မှတ်ချက်များ