ကလေးငယ်များအတွက် ငရဲခန်း
ဘန်ကောက်မြို့သို့ ရောက်ရှိပါက လူစည်ကားသော ပန်းခြံနှင့်လမ်းမများ၊ ဈေးဆိုင်အချို့တွင် အသက် (၆)နှစ်မှ (၁၃)နှစ်အရွယ် ကလေးငယ်များ တောင်းရမ်းနေခြင်း၊ ဈေးရောင်းနေခြင်းများ မြင်တွေ့ရပါလိမ့် မည်။ ၎င်းတို့အနက် အချို့မှာ မြန်မာကလေးငယ်များ ဖြစ်နေသည်ကို သိသူအနည်းငယ်သာရှိပါလိမ့်မည်။
မြန်မာနိုင်ငံမှ ပျောက်ဆုံးသွားသော ကလေးငယ်များသည် ထိုင်းနိုင်ငံ၌ တောင်းရမ်းနေရသည့် ကလေး ငယ်များနှင့် ဆက်စပ်မှုရှိလာပါသည်။ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ၌ ကလေးငယ်များ ခိုးယူခံရမှု မကြားရသော်လည်း ယခင်နှစ်များအတွင်းက ပျောက်ဆုံးခိုးယူခံရသည့် မြန်မာကလေးငယ်များသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လမ်းမများထက်တွင် တောင်းရမ်း၊ ဈေးရောင်းနေရကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအသင်းအဖွဲ့အစည်းများကပြောသည်။
ခိုးယူခံရ၍ ထိုင်းနိုင်ငံအတွင်းသို့ ရောင်းချခံရသော မြန်မာကလေးငယ်အချို့သည် အရွယ်မရောက်သေး မီအချိန်တွင် တောင်းရမ်းသည့်အလုပ် လုပ်ကိုင်ကြရပြီး အရွယ်ရောက်လျှင် မိန်းကလေးဖြစ်ပါက ပြည့်တန် ဆာလုပ်ငန်းများ၊ အနှိပ်ခန်းများနှင့် အိမ်အကူလုပ်ငန်းများ လုပ်ကိုင်ကြရလေ့ရှိပြီး ယောက်ျားလေးဖြစ်ပါက မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်ကြရကြောင်း မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်ပေးနေသော ထိုင်းနိုင်ငံရှိ မြန်မာအသင်းအဖွဲ့အစည်းများက ပြောသည်။
၂၀၀၈ ခုနှစ်ဝန်းကျင်မှ စတင်ဖြစ်ပေါ်လာသော ကလေးငယ်များ ခိုးယူရောင်းချခံရမှုပြဿနာသည် ယခုအချိန် ထိဖြစ်နေပြီး မိဘများ သတိထားရန်လိုပါသည်။
ထိုင်းနိုင်ငံတွင် မြန်မာကလေးများအပေါ် ခေါင်းပုံဖြတ်ခံရမှုနှင့် လူကုန်ကူးခံရသည့်အပေါ် ကလေးများအား ကာကွယ်စောင့်ရှောက်ပေးနေသော အဖွဲ့အစည်းများက ၂၀၁၁ မှ ၂၀၁၃ အတွင်း ကယ်ဆယ်နိုင်ခဲ့သော မြန်မာကလေးအရေအတွက်မှာ ခုနစ်ရာကျော်ရှိနေကြောင်း ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်
ရေးကော်မတီ(CPPCR)က သတင်းထုတ်ပြန်ထားသည်။ သုံးနှစ်အတွင်း ကယ်ဆယ်နိုင်ခဲ့သော ပမာဏ သာဖြစ်ပြီး မကယ်ဆယ်နိုင်သော ပမာဏမည်မျှများပြားကြောင်းကိုမူ မည်သူမျှမသိနိုင်ပါ။
မြန်မာကလေးငယ်များ ထိုင်းနိုင်ငံအတွင်းသို့ ခိုးယူရောင်းချမှုများရှိနေပြီး ထိုကလေးငယ်များသည် ဘန်ကောက်မြို့၏ လမ်းမများထက်တွင်တောင်းရမ်း၊ ဈေးရောင်းနေရသည်ဟု Bangkok Post သတင်းစာက ၂၀၁၄ ဇွန် ၂၃ ရက်က ဖော်ပြခဲ့သည်။
သို့သော် မြန်မာအစိုးရ၏ ထိုင်းသို့ လူကုန်ကူးခံရသူများအနက် ကယ်တင်နိုင်သော တရားဝင်စာရင်းမှာ ၂၀၁၃ ခုနှစ်တွင် ကျားငါးဦး၊ မ ၃၀ ဦး၊ ၂၀၁၄ ခုနှစ်တွင် ကျားလေးဦး၊ မ ၂၈ ဦးဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။
၂၀၁၄ ခုနှစ်အတွင်း ကလေးငယ်နှင့် လူကြီးအပါအ၀င် လူကုန်ကူးမှုကြောင့် တစ်နိုင်ငံလုံးဖမ်းဆီးခဲ့သည့် အမှု ၁၂၄မှုရှိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းအမှတ်(၂) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူး ကြီးခင်မောင်လှကပြောသည်။
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ ချစ်ကြည်ရေးအထူးသံတမန်အဖြစ် ၂၀၁၂ ဇူလိုင်လက တရုတ်မင်းသားဂျက်ကီချန်း မြန်မာနိုင်ငံသို့ လာရောက်စဉ် မလေးရှားနိုင်ငံသို့ တောင်းစားရန်ရောင်းစားခံ လိုက်ရ သည့် မြန်မာကလေးနှစ်ဦးနှင့်တွေ့ဆုံခဲ့ကာ ကလေးများကို လူကုန်ကူးပြီး ပြည်ပတွင် တောင်း ရမ်းခိုင်းခြင်း၊ မကောင်းမှုများလုပ်စေခြင်းအပေါ် လူများအာရုံစိုက်လာရန် ကြိုးပမ်းခဲ့ပါသေးသည်။
ထိုစဉ်က မောင်ဇော်ဟုခေါ်သည့် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် နှစ်ကြိမ်တိုင်တိုင် လူကုန် ကူးမှုခံခဲ့ရသော ဆယ်ကျော်သက်အရွယ်မိန်းကလေးကို ဂျက်ကီချန်းက တစ်ဦးချင်းတွေ့ဆုံခဲ့သည်။ ဤ သည်က တားဆီးနိုင်ခဲ့သော ပြည်ပသို့ထွက်သွားသည့် အမှုသာဖြစ်ပြီး လူမသိ၊သူမသိ လွတ်မြောက်သွားေ သာအမှုများ မည်မျှရှိမည်ဆိုသည်ကို မခန့်မှန်းနိုင်ပေ။
‘‘ဈေးရောင်းဟန်ပြပြီး တောင်းစားခိုင်းတဲ့ ကလေးရှိသလို သက်သက်တောင်းစားခိုင်းတဲ့ ကလေးလည်းရှိ တယ်။ အဲလိုကလေးတွေ ကိုယ်တွေ ကိုယ်တိုင်မြင်ဖူးတယ်။ အဲဒီလို ကလေးတွေခုနစ်ယောက်ကယ် တင်ဖူးတယ်’’ဟု လူကုန်ကူးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများအပါအ၀င် ထိုင်းနိုင်ငံရောက် မြန်မာများအား ကူညီပေးနေသော ထိုင်းနိုင်ငံအခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာဦးထူးချစ်ကပြောသည်။
Bangkok Post သတင်းစာ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခအိုဆန်(Khao San) လမ်း တစ်လျှောက် နံနက် ၈နာရီမှ မွန်းလွဲ ၂နာရီအတွင်း မြန်မာကလေးများကို အုပ်စုလိုက်တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့၏ မှတ်တမ်းတွင် ရေးသားထားသည်ဟု ဖော်ပြ ထားသည်။ ခအိုဆန်လမ်းတစ်လျှောက်ရှိ မြန်မာကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့်ရောင်းရပြီး သတ်မှတ်ချက်ပမာဏမရောင်းရပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့များမှ တာဝန်ရှိသူအချို့ပြောသည်။
‘‘မလေးရှားကို ရောင်းစားခံလိုက်ရတဲ့ မြန်မာကလေးနှစ်ယောက်အမှုကတော့ နာမည်ကြီးအမှုဖြစ်သွား တာပေါ့။ ထိုင်းနိုင်ငံမှာ ကလေးတွေရောင်းချပြီး တောင်းစားခိုင်းတာက ၂၀၀၈၊ ၂၀၀၉ခုနှစ်လောက်တုန်း ကရှိတယ်။ အဲဒီတုန်းက တိုင်ကြားမှုတွေရှိလို့ ဖမ်းဆီးတာတွေလုပ်ဖူးတယ်။ အဲဒီလိုလုပ်ပြီး နောက်ပိုင်းမှာ မရှိတော့ပါဘူး။ တိုင်ကြားတာလည်း မရှိတော့ပါဘူး’’ဟု ဒုရဲမှူးကြီးခင်မောင်လှကပြောသည်။
ထိုင်းနိုင်ငံ၌ တစ်နှစ်အရွယ် မြန်မာကလေးငယ်များအား ဟန်ပြ၍ တောင်းရမ်းသည့် လုပ်ငန်းလုပ်ကိုင်ရန် မိဘများထံမှ နေ့ယူညပြန်ပေးပုံစံဖြင့် လွန်ခဲ့သောသုံးနှစ်အတွင်းက စတင်ပေါ်ပေါက်လာသည်။ ထိုပုံစံသည် နောက်ဆုံးဈေးကွက်ပုံစံဖြစ်ကြောင်း ကလေးငယ်များ၊ လူကုန်ကူးမှုတားဆီးရေး လုပ်ကိုင်နေသော ထိုင်းနိုင် ငံ မဲဆောက်အခြေစိုက်ညီမျှခြင်းမြန်မာမှ ညွှန်ကြားရေးမှူးဦးအောင်မျိုးမင်းကပြောသည်။
ကလေးငယ်များအား ခိုးယူအရောင်းအ၀ယ်ပြုရာတွင် တစ်ဦးလျှင် အများဆုံး ကျပ် ၁၅သိန်း (ဘတ်ငါးသောင်း) ထိ ဈေးပေါက်သည်ကို တွေ့ဖူးကြောင်း ၎င်းကဆိုသည်။
‘‘ရောင်းစားခံရတဲ့ မြန်မာကလေးတွေ ထိုင်းနိုင်ငံလမ်းမတွေထက်မှာ တောင်းစားခိုင်းတာတွေ လုပ်နေတာ အခုအချိန်ထိတွေ့နေရတုန်းပဲ။ သူတို့အချင်းချင်း မြန်မာစကားပြောမှသိရတာ။ ကျွန်တော်တို့တွေ့ဖူးတာ၊ အသက်မပြည့်တဲ့ ကလေးတွေ အရောင်းအ၀ယ်လုပ်တာ ကလေးတစ်ဦးကို ဘတ်ငွေငါးသောင်း ထိပေါက်ဈေးရှိတယ်။ သူတို့ကို ဘန်ကောက်က ဂိုဒေါင်ကြီးတစ်ခုမှာထားတယ်။ အဲဒီကနေခေါ်ပြီး လူစည်ကားတဲ့လမ်းတွေပေါ် ချခဲ့တယ်။ ညနေဆို ပြန်လာခေါ်သွားတယ်။ ဒါတွေကို နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုက အားနည်းနေတုန်းပဲ။ နိုင်ငံဖြတ်ကျော်ဖမ်းဆီးမှုတွေလုပ်ရမယ်။ နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေလုပ်ရမယ်’’ဟု ဦးအောင်မျိုးမင်းကပြောသည်။
ကလေးငယ်လူခိုးဂိုဏ်းများသည် မဲဆောက်မြို့တွင် အခြေချလုပ်ကိုင်နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ ကလေး ခိုးဂိုဏ်းများနှင့်လည်း ဆက်သွယ်လုပ်ဆောင်နေကြကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအသင်းအဖွဲ့အစည်းများက ပြောသည်။ ၂၀၁၁ ဇူလိုင်လအတွင်းက ချင်းမိုင်မြို့ မူအန်နယ်မြေရှိ မြန်မာကလေးခိုးဂိုဏ်းလေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြခဲ့သည်။ ဖမ်းဆီးခံရသည့် ကလေး ခိုးဂိုဏ်းလေးဦးသည် အသက်(၃)နှစ်မှ (၁၄) နှစ်အရွယ် မြန်မာကလေးငယ်ရှစ်ဦးကို မယ်ဆိုင်မြို့၊ ချင်းရိုင်ခ ရိုင်တစ်ဖက်ခြမ်းတွင် နေထိုင်ကြသည့် ကရင်နှင့်မြန်မာမိသားစုများထံမှ ကလေးငယ်များကို ခိုးယူ၍ တောင်း ရမ်းခိုင်းသည့် လုပ်ငန်းလုပ်ကိုင်စေခဲ့ခြင်းဖြစ်သည်။
ဈေးရောင်း၊ တောင်းရမ်းနေရသော ကလေးငယ်များသည် တစ်နေ့အတွက် ပိုက်ဆံအနည်းငယ်သာရပါက ရိုက်နှက်ခံရကြောင်း ဦးထူးချစ်က ပြောသည်။ ၎င်းကလေးငယ်များသည် မြန်မာပြည်အလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသထံမှ ကလေးငယ်များ အများစုဖြစ်ကြောင်း ဦးထူးချစ်ကဆိုသည်။
‘‘ဒီကလေးတွေကို ဖြေရှင်းရတာ ခက်ခဲတယ်။ ကလေးတွေကို သွားမေးရင် သူတို့ကို စောင့်ကြည့်နေတဲ့ အမျိုးသမီးတွေက သူတို့သမီးပါ ဘာညာနဲ့ပြောတယ်။ ကျွန်တော်တို့ကို ပြန်ပြီးတရားစွဲမယ့် အခြေအနေ ထိပဲ။ အရွယ်ရောက်လာလို့ လည်လည်ဝယ်ဝယ်ရှိတဲ့ ကလေးတွေကတော့ အကူအညီတောင်းပြီး ကယ် ဆယ်ခိုင်းတာပေါ့’’ဟု ခိုးယူခံရပြီး တောင်းစားနေရသည့် မြန်မာကလေးများအား တွေ့မြင်ဖူးသူ ဦးထူးချစ် ကပြောသည်။
‘‘သူတို့က ဂိုဏ်းဖွဲ့ပြီးလုပ်နေတာ။ အဲဒီကလေးတွေကို သူတို့ဂိုဏ်းက စောင့်ကြည့်နေတာ။ ထွက်ပြေးဖို့ မလွယ်ဘူး’’ဟု ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသည့် သူများအား လိုက်လံကယ်တင်မှုများ ပြုလုပ်နေသော (MAT) အဖွဲ့မှ ကိုမိုးဝေက ပြောသည်။
အမျိုးသမီးနှင့် ကလေးသူငယ်များကို လူကုန်ကူးပါက ထောင်ဒဏ်နှစ် ၂၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်ပြီး လူသုံးဦးနှင့်အထက် ဂိုဏ်းဖွဲ့ကျူးလွန်ပါက ဥပဒေပုဒ်မ ၂၈ (က)အရ ပြစ်ဒဏ်နှစ်ဆတိုးကျခံရမည်ဖြစ်ကာ တစ်သက်တစ်ကျွန်းထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း လူကုန်ကူးတားဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘မိဘတွေမနေနဲ့ ကိုယ့်ကလေးတွေကို သေသေချာချာ ထိန်းသိမ်းသင့်တယ်။ သူစိမ်းသူတွေနဲ့ ကိုယ့်ကလေး ကို အတူမထားသင့်ဘူး။ ကလေးတွေ ပျောက်ပျောက်သွားတာကြားဖူးပေမယ့် အဲဒီကလေးတွေကို ထိုင်းနိုင်ငံမှာ ရောင်းစားခံရပြီး တောင်းစားခိုင်းနေတာလို့တော့ မကြားဖူးဘူး’’ဟု မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်တွင် နေထိုင်သော ကလေးသုံးဦး၏မိခင် ဒေါ်အေးအေးသန်းကပြောသည်။
ငြိမ်းချမ်း | 7Day

မှတ်ချက်များ