English Vinglish နဲ့ မိခင်ဘာသာအခြေပြုပညာရေး


လွန်ခဲ့တဲ့တစ်နှစ်ကျော် နှစ်နှစ်လောက်တုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ ဘောလီဝုဒ်ရုပ်ရှင်ဇာတ် ကားလေး တစ်ကားကို တနေ့က ကြည့်ရတယ်။ ဇာတ်ကားအမည်က English Vinglish တဲ့။

ဇာတ်မြူးကားလေးပါ။ ခေတ်သစ်အိန္ဒိယရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ဇာတ်မြူးဆိုပေမဲ့ တွေးစရာအတော့် ကိုပေးတဲ့ ဇာတ်ကားပေါ့။

ဇာတ်လမ်းက အင်္ဂလိပ်စကားမတတ်လို့ သမီးနဲ့ ခင်ပွန်းသည်တို့ရဲ့ အထင်သေးနှိမ်ချ ဆက်ဆံခြင်းကို ခံရတဲ့ လူလတ်ပိုင်းအိမ်ထောင်သည် အမျိုးသမီးတစ်ယောက် မိသားစုမသိအောင် အင်္ဂလိပ်စကားကို ကျိတ်ပြီး သင်ယူပြီး နောက်ဆုံးမှာ သမီးနဲ့ ခင်ပွန်းအပါဝင် သူ့ကို အင်္ဂလိပ်စာမတတ် ခေတ်ပညာမတတ် ရိုးရိုးအအ ခပ်တုံးတုံး ရှေးရိုးစွဲ အိမ်ရှင်မတစ်ယောက်လို့ မြင်ထားသူတွေအားလုံး အံအားသင့်မှင်သက်သွားအောင် အင်္ဂလိပ်စကားနဲ့ မင်္ဂလာလက်ဖွဲ့စကားပြော နိုင်သွားတဲ့ အကြောင်းလေးပါ။

အဓိကဇာတ်ဆောင်မင်းသမီး ရှာသျှီဂေါဘိုရီ ပြောသွားတဲ့ “ မိသားစုဆိုတာ တစုံတယောက်ရဲ့ အားနည်း ချက်ကို လှောင်ပြောင်မှုမရှိတဲ့နေရာ၊ မေတ္တာတရားနဲ့ လေးစားခြင်းတို့သာ ရှိတဲ့နေရာ" ( Family is the only one who will never laugh at your weaknesses. Family is the only place where you will always get love and respect.) ဆိုတဲ့ စကားလေးက ဒီဇာတ်ကားလေးရဲ့ အနှစ်အရသာပါပဲ။

ဒီဇာတ်ကားလေးကိုကြည့်ပြီး အတွေးတွေအများကြီးရခဲ့တယ်။ ကိုယ့်ကျင့်တရားဖြူစင်တဲ့၊ ကြိုးစားတဲ့၊ ဥာဏ်ရည်ထက်မြက်တဲ့၊ မေတ္တာတရားကြီးမားတဲ့ ရှာသျှီဟာ အင်္ဂလိပ်စာမတတ်လို့ အင်္ဂလိပ်လိုမပြောနိုင်လို့ မိသားစုထဲ ငတုံးတစ်ယောက်လို့ နှိမ့်ချခံရတယ် (ဒီလိုနှိမ့်ချသူတွေထဲမှာ ကိုယ်မွေးထားတဲ့ သမီးအရင်းပါ ပါတယ်)၊ အကြောင်းတိုက်ဆိုင်လို့ နယူယောက်ကိုရောက်သွားတော့ အင်္ဂလိပ်စကားမပြောတတ်တဲ့သူ့ကို ဈေးဆိုင်မှာ လမ်းပေါ်မှာ အချို့က အရူးတစ်ယောက်လို ငပေါတစ်ယောက်လို ဆက်ဆံ၊ အချို့က လူစဉ်မမှီတဲ့ သူတစ်ယောက်လို ဂရုဏာသက်ကြနဲ့။

တကယ်တော့ ဘာသာစကားဆိုတာ လူသား နှလုံးသားအချင်းချင်းကြား ဆက်သွယ်ပေါင်းကူးပေးတဲ့ ဒြပ်မဲ့ ကြားခံနယ် (medium) ပါ၊ အဆင်းတန်ဆာမဟုတ်ဘူး ရာထူးဂုဏ်သိမ်မဟုတ်ဘူး၊ အကျင့်သီလမဟုတ် ဘူး။ ဒါကြောင့် ကမ္ဘာသုံးတဲ့ ဘာသာစကားတစ်ရပ်ရပ်ကို မတတ်တာလေးနဲ့တင် ဒီလူဟာ လက်ရှိခေတ်မှာ နေရာမရှိတော့ဘူး လေးစားထိုက်တဲ့သူမဟုတ်လို့ မှတ်ယူမိရင် မှားယွင်းပါတယ်။

ဒီဇာတ်ကားကနေ ဆက်စပ်တွေးဖြစ်တာက လက်ရှိ အစိုးရက အတည်ပြုထားတဲ့ အမျိုးသားပညာရေး ဥပဒေကိုသပိတ်မှောက်ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ တောင်းဆိုနေကြတဲ့ တောင်းဆိုချက် ၁၁ ချက်ထဲ က မိခင်ဘာသာ ဗဟိုပြုသင်ကြားရေးဆိုတဲ့ အချက်ကိုပါ။

ဒီအချက်ကို အတော်များများက မျက်စိလည်နေကြတယ်လို့ ထင်ပါတယ်၊ အချို့ကလည်း အမျိုးသားရေးမာန် မာနကြောင့် မျက်စိလည်နေကြပုံရသလို အချို့ကလည်း အရိုးစွဲနေတဲ့ အမြင်ဟောင်းကို မစွန့်လွှတ်ရဲလို့ မျက်စိလည်နေကြတာ ဖြစ်ပါလိမ့်မယ်။

မိခင်စာပေဗဟိုပြုသင်ကြားရေးဆိုတာနဲ့ အများစုက အထူးသဖြင့် ပညာတတ်အသိုင်းအ၀န်းက အာဏာရှင် ကြီး ဦးနေ၀င်းရိုက်ချိုးခဲ့လို့ အခုအချိန်အထိ ပြန်လည်နံလံမထူနိုင်တဲ့ အဆင့်မြင့်ပညာရေးစနစ်ကို ပြေးပြီးမြင် ကြပါတယ်။ သူတို့က တချိန်ကဆို အာရှမှာ အင်္ဂလိပ်စကားအပြောကောင်းဆုံးနိုင်ငံ အင်္ဂလိပ်စာ အရေးကောင်းတဲ့ နိုင်ငံရယ်လို့ ထင်ရှားခဲ့ဖူးတဲ့ မြန်မာနိုင်ငံဟာ ဦးနေ၀င်းရဲ့ ဗမာစာအခြေပြုသင်ကြားရေး စနစ်ကြောင့် အမ်ဘီဘီအက်စ် ဘွဲ့ရပြီးတဲ့ ဆရာဝန်တောင် အင်္ဂလိပ်စာအဆင့် စစ်ဆေးရေးမှာ ပြန် လည်ဖြေဆိုနေရတဲ့ အခြေနေမျိုး ရောက်သွားခဲ့တာ၊ ကမ္ဘာ့ပညာရှင်တွေကြားမှာ အတိတ်က မြန်မာ့ပညာ ရှင်တွေ ဂုဏ်တင့်ခဲ့သလောက် နောက်ပိုင်းပညာရှင်တွေ တန်းမ၀င် ဂုဏ်သိမ်ခဲ့ရတာတွေကို ထောက်ပြကြ ပါတယ်။ မှန်ပါတယ် အဆင့်မြင့် ပညာတွေကိုလေ့လာသင်ယူတဲ့နေရာမှာတော့ ရာစုနှစ်ပေါင်းများစွာ ကမ္ဘာ လုံးကိုလွှမ်းခြုံပြီး နေမ၀င်အင်ပါယာအဖြစ် ဖြန့်ကျက်ထားဖူးခဲ့တဲ့ အင်္ဂလိပ်တို့ရဲ့ ဘာသာစကား မတတ်မြောက်ပဲ သင်ယူဖို့ မဖြစ်နိုင်ပါဘူး၊ အဆင့်မြင်ပညာတွေကို အင်္ဂလိပ်စာနဲ့ တိုက်ရိုက်သင်ယူခြင်းဟာ အကောင်းဆုံး အသင့်တော်ဆုံးပါ၊ အထူးသဖြင့် ကျနော်တို့လို့ နိုင်ငံတွေအတွက်ပေါ့။

သို့သော် အခြေခံပညာအဆင့်မှာရော ????

လက်ရှိပညာရေးစနစ်မှာ အခြေခံပညာ (အထူးသဖြင့် အောက်ဆင့်) ကို မြန်မာစာကို အသုံးပြုသင်ယူစေ ပါတယ်။ ဒီနေရာမှာ အခြေခံပညာနဲ့ အဆင့်မြင့် ပညာဆိုတာကို ကောင်းကောင်းကွဲကွဲပြားပြား နားလည် ထားဖို့လိုပါတယ်။ အခြေခံပညာဟာ သာမန်လူသားတိုင်း မသိမဖြစ် သိသင့်သိထိုက်တဲ့ အသိပညာကို ဆိုလိုတာပါ။ နေထွက်ရာအရပ်ကို မျက်နှာမူပါ၊ နေထွက်ရာအရပ်သည်အရှေ့ ကျောဘက်နေရာဝင် အရပ်သည် အနောက် စသဖြင့် သာမန်လူသားတစ်ယောက်အနေနဲ့ သိကိုသိထားရမဲ့ အသိပညာကို သင်ယူစေတာဟာ အခြေခံပညာရေးပါပဲ။ ဒီအခြေခံပညာရေးကိုတောင် မသင်ယူခဲ့ရရင် ဒီလူသားဟာ ခေတ်နဲ့ တန်းဝင်အောင် ရပ်တည်ရှင်သန်ဖို့ လွယ်ကူမှာမဟုတ်တော့ပါဘူး။ အဆင့်မြင့်ပညာဆိုတာ ဒီအခြေခံပညာပေါ်ကမှ တဆင့် ဆက်ပြီး တက်ရတာပါ။ ဒီတော့ လူတိုင်း အခြေခံပညာ သင်ကိုသင်ယူဖို့လိုအပ်ပါတယ်။

ဒီအခြေခံပညာကို သူအရင်းနှီးဆုံး အကျွမ်းကျင်ဆုံး မိခင်ဘာသာနဲ့ သင်ပေးရင် စာသင်သား ကလေး တစ်ယောက်အဖို့ ပိုပြီး မလွယ်ကူစေဘူးလား။

မြိတ်ကျွန်းစုထဲမှာ လန်းပိဆိုတဲ့ ကျွန်းကြီး တစ်ကျွန်းရှိတယ်။ အဲဒီကျွန်းနဲ့ ကပ်နေတဲ့ ကျွန်းငယ်လေးတစ် ကျွန်းပေါ်မှာ “မကျုံးဂလက်” ဆိုတဲ့ အိမ်ခြေ ၁၀၀-၁၅၀ လောက် ရှိတဲ့ တံငါရွာလေး တစ်ရွာရှိတယ်။ ဒီရွာလေးဟာ မူလက ဆလုံလူမျိုးစုတွေ မိုးရာသီ စုရပ်လေးပေါ်မှာ တည်မှီပြီး တည်ထားတာမို့ လက်ရှိ အိမ်ခြေ ၂၅%-၃၀% လောက်က ဆလုံတွေရဲ့ အိမ်တွေပါ။

 ရွာမှာ မူလတန်းကျောင်လေးရှိတယ်၊ ကျောင်းသား ၁၀၀ - ၁၃၀ လောက်ရှိမယ်။ ဒါပေမဲ့ ဆလုံလေးတွေက ၅ ယောက် လောက်ပဲရှိတယ်၊ ဒီဆလုံလေးတွေကလည်း ဗမာစကားကို အဓိကပြောတဲ့ ရှားပါးတဲ့ ဆလုံမိ သားစုထဲက ကလေးတွေ ဒါမှမဟုတ် ဗမာအဖေနဲ့ ဆလုံမိခင်တို့ကနေ မွေးဖွားတဲ့ ဆလုံလေးတွေသာ ဖြစ်ကြတယ်။ ကျောင်းနေအရွယ် ဆလုံကလေးတွေ ရွာမှာအများကြီးရှိတယ်၊ မြန်မာလေးတွေ စာအံနေ ကြချိန်မှာ သူတို့လေးတွေက အိပ်ချင်အိပ် ကစားချင်ကစား ရေကူးသူကူး ငါးဖမ်းသူဖမ်းနဲ့။

အခြေခံဂဏန်းသင်္ချာကိုတောင် မသိတဲ့ သူတို့ကို ရွာကလူတွေက ဒီလူတွေဟာ အသိဥာဏ်နည်းပါးသူတွေ ထုံထိုင်းပေါ့ရွတ်သူတွေ ကျပ်မပြည့်သူတွေလို သဘောထား ဆက်ဆံကြတယ်။ မြန်မာပြည်မှာ အမျိုးဇာတ် ခွဲခြားမှုမရှိပါဘူး ဒါပေမဲ့ အဲဒီရွာမှာ ဆလုံဆိုရင် ထုံထိုင်းအနသူတွေလို့ပဲ မှတ်ယူထားကြတော့ စေတနာမပါပဲ အလိုလိုနေရင်း လူမျိုးရေး ခွဲခြားနေသလို ဖြစ်နေရှာတယ်။

ကျောင်းစဖွင့်စဉ်က စစ်အာဏာရှင်တွေ ဘုန်းမီးနေလ အထူးတောက်ပနေတဲ့ အချိန်ပေါ့။ အဲဒီခေတ် နာမည်ကျော် အမှောင်မင်းသားကြီး ညွှန်းကြားချက်နဲ့ တိုင်းမှူးကိုယ်တိုင် ထူထောင်တဲ့ ကျေးရွာမို့ ဆလုံ လူမျိုးတွေ အခြေချနေထိုင်ဖို့ ဆလုံးကလေးတွေ ကျောင်းတက်စာသင်ဖို့က အတင်းအကျပ်အပြုခံ ခဲ့ရတာပေါ့။ ပထမတော့ ကျောင်းဝတ်စုံအသစ် စာအုပ်ခဲတံအသစ် စာသင်ခန်းအသစ်နဲ့ ကျောင်းတက်ရ တာကို ဆလုံလေးတွေ တော်တော်လေး သဘောကျကြပါရဲ့ ဒါပေမဲ့ သူတို့တခါမှ မထိတွေ့ဖူးတဲ့ “ကကြီး ခကွေး” ဆိုတာလည်းသင်ရော တစ်ပတ်လောက်အကြာမှာ ဆလုံလေးတွေ ကျောင်းမလာကြတော့ဘူး၊ သူတို့မှ နားမလည်ပဲ။ ဆရာတွေက အိမ်တိုင်ရာရောက် လိုက်ခေါ်တော့ မိဘတွေပါ သူတို့သားသမီးတွေကို ခေါ်ပြီး ကျွန်းကျိုကျွန်းကြား ထွက်ပြေးပုန်းရှောင်ကြရော။

ဒီလိုပဲ မကျုံဂလက်ရွာနဲ့ ရေမိုင်၆၀ လောက်ကွာမှာလည်း ဆလုံလူမျိုးစုတွေကို အခြေပြုပြီး တည်ထောင် ထားတဲ့ လငန်းဆိုတဲ့ ရွာကလေးရှိတယ်၊ အဲဒီက မူလတန်းကျောင်းမှာလည်း ဆလုံကလေးငယ်တွေစာ သင်နေတာမရှိပါဘူး။

အဲဒီအချိန်မှာ ဒုံးကျွန်း ပုလဲအော် အနီးက ဆလုံရွာမှာ သာသနာပြု ဆရာမကြီး နော်ဆေးဘဲလ်က မြန်မာ အက္ခရာကို အသုံပြုပြီး ဆလုံဘာသာစကားကို တီထွင်ပါတယ် ပြီးတော့ ခရစ်ယာန်အသင်းတော် အလှူနဲ့ ဆလုံတွေကို စာသင်ပေးပါတယ်။ သင်ရိုးက ကျောင်းသုံးအခြေခံပညာသူငယ်တန်း သင်ရိုးကိုပဲ အသုံးပြု တာပါ။ ဒါပေမဲ့ မိခင်ဘာသာနဲ့ဆိုတော့ ဆလုံတွေ အတော်များများစိတ်ဝင်တစားသင်ယူကြတာ တွေ့ခဲ့ရပါ တယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက အဲဒီအချိန်နိုင်ငံတော်အစိုးရက ဆရာမကြီးနော်ဆေးဘဲလ်ရဲ့ ကြိုးပမ်းအားထုတ်မှုကို သဘောမကျခဲ့ပါဘူး၊ ဒါကြောင့် ထောက်ပံ့မပေးတဲ့အပြင် တားတာဆီးတာတွေ ဖိအားပေးတာတွေ လုပ်ခဲ့ပါတယ်။

ပညာသင်ကြားရေးဟာ အာဏာနိုင်ငံရေးမဟုတ်ပါဘူး လူမျိုးရေးမဟုတ်ပါဘူး သမိုင်းကြောင်းတိုးတိုက် မှုမဟုတ်ပါဘူး။ ပညာသင်ကြားရေးဆိုတာ လူသားတစ်ယောက် ရကိုရရမဲ့ မွေးရာပါအခွင့်အရေးပါ။ နိုင်ငံတော်ဟာ မိမိနိုင်ငံသားတစ်ယောက် လွယ်ကူချောမောစွာ ပညာသင်နိုင်အောင် စီမံဖန်တီးပေး ထားရပါမယ်။

ရေကို နမ်၊ ဆန်ကိုခေါက် လို့သာ သိထားကြတဲ့ ကလေးတွေအတွက် “အစာကိုကြေညက်အောင် ၀ါးစားပါ အစာကြေညက်မှ ခွန်အားတက်မည်” ဆိုတဲ့ သင်ခန်းစာကို ဗမာကလေးငယ်တစ်ယောက်လို ဘယ်လိုလုပ် ပြီး လွယ်လွယ်ကူကူ နားလည်နိုင်ပါ့မလဲ။ ဒီလိုနဲ့ ဥာဏ်ရည်ချင်းလည်းအတူတူ သင်ခန်းစာတစ်ခုထဲကို သင်ယူတာချင်းအတူတူ ဘာသာစကားအခက်ခဲကြောင့် ဗမာကလေးတစ်ယောက်နဲ့ တိုင်းရင်းသား လူမျိုးစု ကလေးငယ်တစ်ယောက် ပညာရေး ရေချိန်ဟာ ကွာခြားသွားပါမယ်။ ဒါဟာ လူအချင်းချင်း မျှတမှုမရှိတဲ့ အခြေနေပါ။ လူမျိုးရေးပြဿနာလည်းမဟုတ်ဘူး၊ သမိုင်းပြဿနာလည်းမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာလည်း မဟုတ် ဘူး လူသားချင်း တန်းတူညီမျှမှု မရှိတဲ့ ပြဿနာပါ။

မိခင်ဘာသာအခြေပြု ပညာရေးဆိုတာကို စောဒကတက်တဲ့ အထဲမှာ လူမျိုးစုပေါင်း ၁၃၅ မျိုး ဆိုတဲ့ စစ်အစိုး ရ တစ်လျှောက်လုံး အော်လာခဲ့တဲ့ ပြဿနာက အထင်အရှားဆုံးပါပဲ။ ဒီလောက်များပြားပြီး အရောရော အထွေးထွေး နေထိုင်ကြတဲ့ တိုင်းပြည်မှာ မိခင်ဘာသာအခြေပြု ပညာရေးဘယ်လိုဖေါ်ဆောင်မလဲပေါ့။

အရှင်းဆုံးဥပမာနဲ့ အဖြေပေးရင် ဗြိတိသျှ ကိုလိုနီခေတ် မြန်မာပညာရေးကိုပဲ ညွှန်းရမှာဖြစ်တယ်။ ကိုလိုနီခေတ်က အခြေခံပညာသင် ကျောင်းတွေဟာ အင်္ဂလိပ်ဘာသာသက်သက် သင်တဲ့ကျောင်းတွေ ရှိသလို ဗမာလိုသက်သက်သင်တဲ့ကျောင်တွေလည်းရှိတယ်၊ တိုင်းရင်းသား လူမျိုးစုတွေလို သက်သက် သင်တဲ့ကျောင်းတွေလည်းရှိတယ်။ ဒီလိုပဲ အင်္ဂလိပ်+ဗမာ စာသင်ကျောင်းတွေရှိသလို၊ ဗမာ+ တိုင်းရင်း သား စာသင်ကျောင်းတွေလည်းရှိတယ်၊ တိုင်းရင်းသား + အင်္ဂလိပ် စာသင်ကျောင်းတွေလည်းရှိတာပဲ။

ကျောင်းတွေထဲမှာ အချို့က အစိုးရအထောက်ပံ့ကိုယူတယ်၊ အချို့က အစိုးရအထောက်အပံ့ကိုမယူဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူပညာဝန်တွေနဲ့ သူရှိကြတယ်။ ထင်ရှားတဲ့ စာရေးဆရာကြီး ဦးဖိုးကျားဟာ အမျိုး သားကျောင်းတွေရဲ့ ပညာဝန်ပါ။ ဘာသာစကားအမျိုးမျိုးကို အဓိကထားသင်ကြားကြတဲ့ အခြေခံပညာ သင်ကျောင်း အသီးသီးဟာ သူ့ပညာဝန်တွေနဲ့သူ လွတ်လပ်စွာရှိကြတယ်ဆိုပေမဲ့ ဒီကျောင်းတွေကနေ အခြေခံပညာ သင်ယူလို့ ပြီးမြောက်ရင် အစိုးရရဲ့ တက္ကသိုလ်တွေမှာ အဆင့်မြင့်ပညာကို ဆက်လက်သင်ယူနိုင်ကြတယ်၊ အရေးကြီးတာက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ဖို့ပဲ။

ကိုလိုနီခေတ် တက္ကသိုလ်မှာ အဆင့်မြင့်ပညာကို အင်္ဂလိပ်စာနဲ့သာ သင်ကြားရတာမို့ လူမျိုး ၁၃၅ မျိုး ဘယ်လိုကွဲကွဲ အဆင့်မြင်ပညာသင်ယူရေးမှ ပြဿနာမရှိကြတော့ပါဘူး။

တစ်ယောက်ကမေးခွန်းထုတ်ပါတယ် တိုင်းရင်းသားလူမျိုးစုတွေက သူတို့အများစုနေထိုင်တဲ့ အရပ်ဒေ သတွေက ကျောင်းတွေမှာ အခြေခံပညာကို သူတို့လူမျိုးစု ဘာသာစကားကို အခြေပြုပြီးသင်ကြားပြီဆို ပါတော့ တကယ်လို့များ ဗမာဝန်ထမ်းတစ်ယောက် တာဝန်နဲ့ အဲဒီဒေသကို ပြောင်းရွေ့တာဝန်ကျတဲ့အခါ တိုင်းရင်းသားလူမျိုးစုစကား လုံးလုံးမတတ်တဲ့ သူ့ကလေးငယ်အတွက် အခဲအခဲ မဖြစ်စေဘူးလားတဲ့။

ဒီမေးခွန်းကိုမေးသူဟာ သူ့အတွေးကို လူများစုဖြစ်တဲ့ ဗမာလူမျိုးအပေါ်မှာ အခြေပြုပြီး တည်ဆောက်ထား တာဖြစ်ပါတယ်၊ တကယ်လို့များ သူ့မေးခွန်းကို ပြောင်းပြန်လှန်ပြီး တိုင်းရင်းသား ဘာသာစကားမတပ်တဲ့ ဗမာဝန်ထမ်းရဲ့ သားသမီးနေရာမှာ ဗမာစကားမတပ်တဲ့ တိုင်းရင်းသားလူမျိုးစု ကလေးတစ်ယောက်နဲ့ အစား သွင်းကြည့်လိုက်ရင် တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို သူနားလည်နိုင်လောက်ပါရဲ့။ သူကတွေးရုံတွေး တာပါ တိုင်းရင်းသားလူမျိုးစုတွေ ခံစားနေခဲ့ရတာ ရာစုဝက်ကျော်ခဲ့ါပြီ။

ဆွစ်ဇာလန်နိုင်ငံဟာ အဓိက လူမျိုးစုကြီး ၃စုနဲ့ ဖွဲ့စည်းတည်ထောင်ထားပါတယ်။ အင်အားကြီးဆုံးက ဂျာမန်အနွယ်လူမျိုးစုဖြစ်ပြီး လူဦးရေရဲ့ ၆၀% ကျော် ရှိတယ်၊ ပြင်သစ်အနွယ်က ၃၀% နီးပါးရှိပြီး ကျန်တဲ့အထဲက အများစုဟာ အီတလီအနွယ်ပါ။ ဂျာမန်အနွယ် ကျောင်းသားတွေအများစု ပညာသင် တဲ့ကျောင်းမှာ ဂျာမန်ဘာသာအခြေပြုသင်တယ်၊ ပြင်သစ်အနွယ် ကျောင်းသားတွေ အများစုရှိတဲ့နေရာမှာ ကျောင်းတွေက ပြင်သစ်ဘာသာကို အခြေပြုသင်တယ်၊ အီတလီတွေရှိတဲ့နေရာမှာ အီတလီပေါ့။

ဒီလိုနှိုင်းပြတော့ “ဟာ ဟိုက ဆွစ်ဇာလန်၊ ဒီမိုကရေစီ ဘိုးအေနိုင်ငံ၊ သွားနှိုင်းလို့ရမလား” လို့ တုန့်ပြန်ကြမှာ သေချာပါတယ်။ ဒါပေမဲ့ တစ်ရက်ထဲ ပုဂံမရောက်နိုင်ဘူးဆိုသော်လည်းပဲ ပုဂံကို ဦးတည်ပြီးမလျှောက်ရင် ကျနော်တို့ဘယ်တော့မှ ပုဂံရောက်မှာ မဟုတ်ပါဘူး။

ဆရာမ မသီတာ(စမ်းချောင်း) နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ခဏခဏပြောနေခဲ့တဲ့ စကားရှိပါတယ် “အနာဂါတ်ကို မျက်နှာမူချင်ရင် ကျနော်တို့ဆီမှာ စွဲကပ်နေတဲ့ အတိတ်ဟောင်းက အသိဟောင်း အမြင်ဟောင်းတွေကို မနှမြောပဲ ပယ်စွန့်ရဲတဲ့ သတ္တိလိုအပ်ပါတယ်” တဲ့။

ကြောင်အမေကြီး သင်ပေးတဲ့ ကြွက်ဖမ်းနည်းကို သင်ယူဖို့ ကြောင်သားပေါက်လေးဟာ မြန်မာစကား တတ်ဖို့မလိုအပ်ပါဘူး ဆိုတာကို အနာဂါတ်ကို မျက်နှာမူချင်ရင် ကျနော်တို့ လက်ခံရဲရပါမယ်။

Aung Zin Latt

မှတ်ချက်များ