လားရှိုးတွင် ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက် ၅၀၀၀ နီးပါး ရောက်ရှိ
ကိုးကန့်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်း ထန် စွာ ဖြစ်ပွားနေသောကြောင့် ကိုးကန့်ဒေသမှ စစ်ဘေးရှောင် ထွက်ပြေး လွတ်မြောက် လာသူ ၅၀၀၀ နီးပါး လားရှိုး မြို့ တွင် ခိုလှုံနေကြောင်း သတင်းရရှိသည်။
ကိုးကန့်ဒေသမှ ထွက်ပြေး လာသော စစ်ဘေးရှောင် ဒုက္ခသည်များတွင် လောက်ကိုင်မြို့နှင့် ရန်လုံကျိုင်း၊ ရွှေဆင်၊ တုံချိန် ဒေသ များမှ ဒေသခံများပါဝင်ပြီး ကိုးကန့်ဒေသရှိ ရဲ စခန်း ၄ ခုမှ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစု ၁၃၀ ဦးနှင့် ရွေ့ ပြောင်း အလုပ် သမား ၁၇၀၀ ကျော်လည်း ပါဝင်ကြောင်း၊ ကိုးကန့်ဒေသရှိ တပ်ရင်းတပ်ဖွဲ့ များမှ တပ်မတော်သားများ၏ မိသား စုဝင် ၉၀၀ ကျော် မှာလည်း လားရှိုးမြို့ရှိ အမှတ်(၁) တပ်မတော် ဝန် တင်တပ်ရင်း၌ ခိုလှုံလျက်ရှိကြောင်း သိရှိ ရသည်။
လားရှိုးမြို့သို့ ဒုက္ခသည်များ တိမ်းရှောင်လာရာတွင် လုံခြုံရေး အခက်အခဲကြောင့် ဒုက္ခသည်များ ခက်ခဲစွာ
ဖြင့် ထွက်ပြေး လာရကြောင်း သိရှိရသည်။
လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသော တုံချိန်ရဲစခန်းမှ ဒုရဲအုပ်တဦး၏ ဇနီးဖြစ်သူ ဒေါ်စန္ဒာယုလွင်က “ပထမတုန်းက ယာဉ်တန်းနဲ့လာမလို့ သတင်း က အင်တာနက်ကနေ အကုန်ပေါက်ကြားနေတော့ အဆင် မပြေဘူးပေါ့။ ဒီရဲမေ (ရဲတပ်ဖွဲ့ များ၏ဇနီးများ) တွေမှာ ကလေးတွေလည်း တအားများတော့ စိတ်မချရဘူး ဆိုပြီးမှ ကြက်ခြေနီတံဆိပ် တွေကပ် ထားတဲ့ ကျောက်သယ် ကားတွေနဲ့ ထွက် လာတာ” ဟု ဧရာဝတီကို ပြောကြားသည်။
လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပုညနန္ဒက ကိုးကန့်ဒေသတွင် တိုက်ပွဲများ စတင်ဖြစ် ပွားခဲ့သည့် ဖေဖော် ဝါရီလ ၉ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အတွင်း လားရှိုးမြို့တွင် စစ်ဘေးရှောင် ဒုက္ခသည် ၄၅၀၀ ကျော်လာရောက် တိမ်းရှောင် ခိုလှုံနေကြောင်း မိန့်ကြားသည်။
စစ်ဘေးရှောင် ဒုက္ခသည် အများစု ခိုလှုံရာ မန်ဆူရှမ်း ကျောင်းတိုက်သို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် နှင့် တပ်မတော်အရာရှိကြီးများ ရောက်ရှိလာပြီး အစားအသောက်နှင့် ငွေသား ကျပ်သိန်း ၁၀၀ ထောက်ပံ့လှူဒါန်းခဲ့သည်။
စစ်ရှောင်ဒုက္ခသည်များအတွက် မြို့ခံအလှူရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဌာန ဆိုင် ရာများ အကူအညီပေးနေသည့်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့အလှူရှင်များကလည်း အဝတ်အထည်၊ အစားအသောက်၊ ဆေးဝါး နှင့် ငွေကြေးများ ထောက်ပံ့ကူညီ ပေးလျက် ရှိသည်။
လောက်ကိုင်မြို့၌ ပိတ်မိနေသည့် ဒုက္ခသည်များကို ဒေသခံစေတနာရှင်များနှင့် တပ်မတော်က ကုန်တင် ကားကြီးများဖြင့် စစ်ဘေးကင်းသော ဒေသများသို့ သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး လက်ရှိလောက်ကိုင် မြို့နှင့် အနီးဝန်ကျင်ဒေသများတွင် ပုန်းအောင်းနေရသည့် ဒုက္ခသည်များစွာ ရှိနေသေးကြောင်း၊ ဒုက္ခသည် အများစုမှာ မြန်မာပြည် အလယ်ပိုင်းဒေသများမှ လာရောက်လုပ်ကိုင်နေသည့် ကြံခုတ်အလုပ် သမား၊ လမ်း တံတားဆောက်လုပ်ရေးအလုပ်သမား၊ ပန်းရန်အလုပ် သမား များဖြစ်ကြောင်း သိရသည်။
လောက်ကိုင်မြို့နယ်၊ တာရွှေထန်ကျေးရွာတွင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ကျောင်းဆရာ၊ ဆရာမ ၁၇ ဦး ကို တပ်မ တော် က ကားဖြင့်ပြန်လည်ခေါ်ဆောင်လာရာ လမ်းတွင်ကားမှောက်ပြီး ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာမ ၂ ဦး အပါ အ၀င် လူ ၁၀ ဦးခန့် သေဆုံးကြောင်း သတင်းများထွက်ပေါ်လျက်ရှိသော်လည်း သက်ဆိုင်ရာက အဆိုပါ သတင်းကို အတည် ပြုနိုင်ခြင်းမရှိပေ။
ကိုးကန့်ဒေသတွင် ဖုန်ကြားရှင်းတပ်နှင့် အစိုးရစစ်တပ်အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပြီး တိုက်ပွဲများကြောင့် အစိုးရစစ်တပ်မှ အရာရှိနှင့် စစ်သည် ၄၇ ဦးကျဆုံးပြီး ဖုန်ကြားရှင် တပ်မှ တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံး ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။
ကျော်မျိုးထွန်း| ဧရာဝတီ


မှတ်ချက်များ