သပိတ်စစ်ကြောင်းသုံးကြောင်း ရပ်နား၊ ပင်မသပိတ်စစ်ကြောင်း မရပ်

ဓာတ်ပုံ − ကျော်ဇင်သန်း
ရန်ကုန်မြို့သို့ ချီတက် သပိတ် မှောက်နေသော ကျောင်းသားသပိတ်စစ် ကြောင်း လေးခုအနက် မြေလတ်၊ မုံရွာ၊ ထားဝယ်နှင့် ဧရာဝတီ သပိတ်စစ်ကြောင်းတို့သည် ရန်ကုန်မြို့တွင်းသို့ မ၀င်တော့ဘဲ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရပ်နားလိုက် ကြသည်။

ထားဝယ်မြို့မှ စတင်ထွက်ခွာလာသည့် ထားဝယ်စစ်ကြောင်း၊ မြေလတ်၊ မုံရွာ သပိတ်စစ်ကြောင်းတို့သည် ပဲခူးမြို့ အရောက်၌ ရပ်နားလိုက်ခြင်းဖြစ်သည်။ ၎င်းတို့တောင်းဆိုသော အဆင့်သုံးဆင့်ထဲမှ နှစ်ဆင့် အောင်မြင်ခြင်း၊ အခြေခံပညာကျောင်းသားများ စာမေးပွဲနီးကပ်လာခြင်းတို့ကြောင့် သပိတ်စစ် ကြောင်းများ ရပ်နားလိုက်ခြင်းဖြစ်ပြီး ပညာရေးဥပဒေအား အစိုးရက လွှတ်တော်သို့ တင်သွင်းပြင်ဆင်အတည်ပြုပေး မည့် ကိစ္စရပ်များကို

စာသင်ခန်းများထဲမှ စောင့်ကြည့်သွားမည်ဟု အဆိုပါ သပိတ်မှောက်ကျောင်းသားများကပြောသည်။ ‘‘ကျွန်တော်တို့ စစ်ကြောင်းဟာ ပဲခူးမြို့မှာ ရပ်နားလိုက်ပါပြီ။ ကျွန်တော်တို့ မျှော်မှန်းတဲ့ဖြစ်စဉ် သုံးခုမှာ ဖြစ်စဉ်နှစ်ခုဟာ အောင်မြင်သွားပါပြီ။ ၁၁ ချက် ဆွေးနွေးရေး အောင်မြင်သွားပါပြီ။ ပညာရေး ဆွေးနွေးပွဲ ရယ်၊ အဲဒါကို လွှတ်တော်တင်ဖို့ အတွက်ရယ်ပါ။ အဲဒါ နှစ်ခုစလုံးအောင်မြင်သွားပြီ။ နောက်အခြေခံကျောင်း သားတွေ ၁၉ ရက်မှာ စာမေးပွဲဖြေရတော့မယ်။ ကျွန်တော်တို့ကြောင့် သူတို့ စာမေးပွဲတွေ မပျက်စေချင်ဘူး။ အဲဒါကြောင့် ရပ်နားလိုက်တာပါ။ ကျွန်တော်တို့ ရပ်နားတာက သပိတ်လှန်ခြင်း၊ ပြုခြင်းမဟုတ်ဘဲ သပိတ်တွေကို ကိုယ့်မြို့ကိုယ့်ရွာစာသင်ကျောင်းတွေမှာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်’’ ဟု ထားဝယ်၊ မြေလတ်၊ မုံရွာ သပိတ်စစ်ကြောင်းများမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင် ကပြောသည်။

ထားဝယ်၊ မြေလတ်၊ မုံရွာ သပိတ်မှောက်ကျောင်းသားများသည် သပိတ်ရပ်နားမည့် အစီအစဉ်နှင့် ပတ် သက်၍ ပဲခူးမြို့ ရွှေ မော်ဓောစေတီရှေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တွေ့ဆုံဆွေးနွေးရေးလုပ်ကတည်းက နားလည်ရမှာသည် ကျွန်တော်တို့ တောင်းဆိုတဲ့ ၁၁ ချက် လုံးမ ရနိုင်ဘူး ဆိုတာကို ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်လုံး က နားလည်ရပါမယ်။ အဲဒီလို မဟုတ်ဘဲ ငါတို့တောင်း ဆိုတဲ့ ၁၁ ချက်လုံးရရမယ်ဆိုရင် ဒီမိုကရေစီဆန်ဆန်တောင်းဆိုနေတဲ့ ကျွန် တော်တို့ကိုယ်တိုင်က အာဏာ ရှင်ဆန်ဆန် ဖြစ်သွားမယ်ဆိုတဲ့ကျွန်တော်တို့ သတိပြုရမယ်။ ကျွန်တော်တို့ ကိုယ်တိုင်က အပေးအယူကို သဘောပေါက်ထားတဲ့အတွက် တောင်းဆိုတဲ့ ၁၁ ချက် ထဲက ဘယ်အချက်တွေကို သူတို့က လိုက်လျော
ပေးမလဲဆိုတာပဲ အပေါ်မှာ မူတည်တယ်။ အတည်ပြုလိုက်တဲ့ အချက်တွေသည် အမှန်တကယ်ဒီမိုကရေစီ ပညာရေးကို အာမခံနိုင်တဲ့ အချက်တွေဖြစ် ရမယ်။ ဒီမိုကရေစီစံချိန်စံညွှန်းတွေပါဝင်မှသာ ဒီသပိတ်ကို ပြန်လှန်ပြီးတော့ သပိတ်ကို ရပ်ဆိုင်းသွားရမှာဖြစ်တယ်’’ဟု သပိတ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် ကပြောသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ရပ် နားလိုက်သော ကျောင်းသားသပိတ်ခေါင်းဆောင်များသည် အစိုးရ၏ လိုက်လျောမှုကို စောင့် ကြည့်မည်ဖြစ်ပြီး လိုက်လျောမှု မရှိပါက လမ်းပေါ်ပြန်တက်မည် ဟု ၎င်းတို့ကပြော သည်။

ထားဝယ်၊ မြေလတ်၊ မုံရွာ သပိတ်စစ်ကြောင်းအပြင် ဖျာပုံ မြို့၌ ရောက်ရှိနေသော ဧရာဝတီ သပိတ်စစ်
ကြောင်းသည်လည်း ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ရပ်နားလိုက်ကြောင်း သတင်းရရှိသည်။ ဧရာဝတီ သပိတ်စစ်ကြောင်းသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးစောင့်ကြည့်ကော်မတီဖွဲ့စည်း၍ စောင့် ကြည့်သွားမည်ဟု ဧရာဝတီသပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင်များကပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၆ ရက်ညနေ ၄ နာရီတွင် ဒေးဒရဲမြို့သို့ရောက် ရှိနေပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် မအူပင်နှင့် ပုသိမ်မြို့သို့ပြန်၍ စောင့်ကြည့်ရေးသပိတ်စခန်းများ ဖွင့်လှစ်ထားမည်
ဖြစ်ကြောင်း ဧရာဝတီသပိတ်စစ်ကြောင်းကို ဦးဆောင်နေသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီဝင် ကိုနန်းလင်းကပြောသည်။

ဧရာဝတီသပိတ်စစ်ကြောင်းနှင့်အတူ ပါဝင်လာသည့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရမည့် မချောစုစံကို လည်း သပိတ်ရပ်နားထားသည့်အချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် မိဘများထံသို့ ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မန္တလေးမှ လမ်းလျှောက် ချီတက်နေသော ပင်မသပိတ်စစ်ကြောင်းသည် ရပ်နားမည်မဟုတ်ဘဲ ရန်ကုန်သို့ ဆက်လက်ချီတက်သွားမည်ဟု ပင်မ သပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင်များကပြောသည်။ ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော် ၀ါရီ ၁၆ ရက်က မင်းလှမြို့သို့ ရောက်ရှိခဲ့ပြီး ယနေ့ဖေဖော်ဝါရီ ၁၇ ရက် တွင် လက်ပံတန်းမြို့သို့ ဆက်လက်ချီတက်သွားမည်ဟု ပင်မသပိတ်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ် သူ ကိုမြတ်သူ ကပြောသည်။

ပညာရေးဥပဒေအား သပိတ်မှောက်နေသော ကျောင်းသား စစ်ကြောင်းများကို ရန်ကုန်မြို့အ တွင်းသို့ ၀င်ခွင့်ပြုမည်မဟုတ်ဟု အစိုးရက တရားဝင်အသိပေး ကြေညာထားသည်။ ပင်မ ကျောင်းသားသပိတ်စစ်
ကြောင်း ၀င်ရောက်လာမည့် ဥက္ကံမြို့အနီး ရှိ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းနယ် ကြားတွင် သပိတ်ကျောင်းသား များအား တားဆီးရန် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၄ ရက်ကတည်းက ချထားသည်။

ငြိမ်းချမ်း ၊ ဇော်မျိုးလှိုင် | 7day

မှတ်ချက်များ