တရုတ်နယ်မြေအသုံးပြု တိုက်ခိုက်မှုများ တရုတ်အစိုးရ ခွင့်ပြုမည်မဟုတ်
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို အမြဲလေးစား တယ်လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hong Lei က ပြောလိုက်ပါတယ်။
မြန်မာအစိုးရနဲ့ ကိုးကန့် လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားလာတာမှာ တရုတ်နိုင် ငံအနေနဲ့ ပါဝင် ပတ်သတ်တာမျိုး မရှိဘူးလို့ အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဌာနက အခုလို ပြောလိုက်တာပါ။
“တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်ရောက် မစွက်ဖက်ရေးဆိုတဲ့မူကို အမြဲကိုင်စွဲ ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အမြဲ လေးစား လိုက်နာပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးနဲ့ နယ်စပ်တလျှောက် တည်ငြိမ်ရေးကို ထိခိုက်ပျက်စီးစေမယ့် လုပ်ရပ်မျိုးကိုလုပ် ဖို့ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးတယောက်ကိုမှ တရုတ်ပိုင်နယ်မြေကို အသုံးပြုခွင့်ပြုမှာမ ဟုတ်ပါဘူး။” - လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရHong Lei က ဒီကနေ့ ပေကျင်းမြို့မှာလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။
ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့တွဲပြီးတော့ မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်နေတဲ့ထဲမှာ တရုတ်ကြေးစားစစ် သားတွေ ပါနေတယ် လို့ မြန်မာစစ်တပ်က စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် ဒီကနေ့ တရုတ်ဘက်ကတုန့်ပြန် ချက် ထွက်လာတာပါ။
မြန်မာစစ်တပ်ရဲ့အဆိုအားဖြင့် တရုတ်နယ်မြေထဲကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးရေး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ် အစိုးရကို တိုက်တွန်းထားပါတယ်။
အခုနောက်ဆုံး တိုက်ခိုက်မှုတွေမဖြစ်ခင်မှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲမှာ ရှိနေခဲ့ သလား ဒါမှမဟုတ် မြန်မာနိုင်ငံဘက်ပြန်သွားဖို့ သူ့ကိုပြောခဲ့သလားဆိုတဲ့ မေးခွန်းတွေကိုတော့ ပြောခွင့်ရ Hong က မဖြေသွားပါဘူး။ လက်ရှိအချိန်ထိတော့ ကိုးကန့်ဒေသမှာ နှစ်ဘက် တိုက်ပွဲတွေ ရှိနေတုန်းပါပဲ။
ဗွီအိုအေ (မြန်မာပိုင်း)

မှတ်ချက်များ