လှေခါး
တနေ့တ၌ ကျွန်ုပ်နှင့် လွန်စွာ ရင်းနှီးလှသော မိတ်ဆွေ တစ်ဦးက သူ၏ အိမ်သစ်တွင် လှေခါးတင် မင်္ဂလာ ပြုလုပ်ရာ ဖိတ်ကြားသဖြင့် သွားရောက်ရလေ၏။ ထိုမိတ်ဆွေ၏ လှေခါးတင် မင်္ဂလာ အခန်းအနားသို့ ကျွန်ုပ်နှင့် ရင်းနှီးလှသော မိတ်ဆွေများလည်း ရောက်ရှိလာရာ အိမ်ရှင်မှ ကောက်ညင်းပေါင်း အကြော်စုံ ရေနွေးကြမ်း ထန်းလျက်ခဲတို့ဖြင့် ဧည့်ဝတ်ပြုလေ၏ ။ လက်သမား ဆရာကြီးသည်လည်း ဝတ်ဖြူစင်ကြယ် ဝတ်လျက် ၉ ပါးသီလခံယူပြီးလျှင် အုံးငှက်ပျော်ပွဲစုံဖြင့် လှေခါးတင်လေရာ ရွှေမိုး ငွေမိုးများကြဲ သဖြင့် ကလေးများလည်း များစွာ ပျော်ရွှင်ကြလေတော့သည်။ ကျွန်ုပ်တို့လည်း မိတ်ဆွေများ ဆုံမိကြရာ လှေခါးအကြောင်း ပြောဖြစ်ကြလေတော့သည်။
လှေခါးဆိုသည်မှာ တက်ရသည့် သဘောဖြစ်ခြင်း အဆင့်ဆင့်သော သဘောဖြစ်ခြင်း အတက်ရှိသကဲ့သို့ အဆင်းလည်း ပြုလုပ်နိုင်ခြင်း လက်ရန်းတိုင်တို့သည် တက်သူ ဆင်သူတို့ကို မယိုင်လဲရအောင် ထိုင်းထားပေးခြင်းတည်းဟုသော သဘောများပါရှိပြီး ထိုထက် နက်နဲသော အကြောင်းအရာများ သတ်မှတ်ချက်များလည်း ရှိသေးကြောင်း သူသိသလောက် ပြောပြခြင်းဖြစ်ကြောင်း တစ်ဦးက စာကား ဝိုင်းအား စတင်ပြောလေ၏ လှေခါးသည် အထက်အထပ်မြင့် သို့မဟုတ် အပေါ်သို့ လက်လှမ်းမမှီ သောအခါ အသုံးပြုရသည်ပင်ဖြစ်ကြောင်း ပြောလေ၏
လှေခါးသည် အဆင့်တက်ရန် အပေါ်သို့ရောက်ရန် အသုံးပြုရပြီး လှေခါးလက်ရန်းမှာ အဆိုပါ လှေကား အသုံးပြုသူ မယိုင်လဲ ရအောင် အကူအညီပေးရသော အရာဖြစ်သကဲ့သို့ ဘဝတွင်လည်း လှေခါးတက်ရသ ကဲ့သို့ အဆင့်ဆင့် တစ်ထစ်ချင်း တက်ရောက်ရ မည်ဖြစ်လေ၏ ။ လှေခါးထစ်များအတိုင်း မယိုင်လဲစေဘဲ အမြင့်သို့တက်ရောက်နိုင်သကဲ့သို့ ဘဝတွင်လည်း အဆင့်ဆင့် အောက်ခြေဘဝမှ တက်ရောက်သည်က ပိုမို ရင့်ကျက်ပြီး အောက်ခြေ အခြေခံ ဘဝများကို နားလည်နိုင်မည်ဖြစ်ကြောင်း ဘဝလှေခါး ထစ်များကို ဖြည်းဖြည်း မှန်မှန် တက်လှမ်းနိုင်သူ တစ်ဦးအဖို့ မပင်မပန်းဖြင့်လိုရာ ရည်မှန်းချက်ကို တက်လှမ်းနိုင် မည်ဖြစ်သကဲ့သို့ ထိပ်ဆုံးဘဝမှ ပြန်လည်ဆင်းသက်ရသည့် ဘဝ နေဝင်ချိန်များတွင်လည်း ဖြေးဖြေးမှန်မှန် ပြန်လည် ဆင်းသက်နိုင်မည်ဖြစ်ကြောင်း ပြောပြန်လေ၏။ အချိုက လှေခါးထစ်များကို ခုံကာ ကျော်လျက် အရှင်မွေးတော့ နေချင်းကြီးသကဲ့သို့ ခုံကျော်ခဲ့သူများ အနေဖြင့် မိမိခုံကျော်ခဲ့သော အထစ်တွင် မည့်သည့်ဘဝများ ရှိသည်ကို မသိနိုင်ရာ ဘဝလှေခါးအဆင်းတစ်နေရာတွင် အခက်အခဲဖြစ်လာနိုင်ကြောင်း ပြောဖြစ်ပြန်လေသည်။
ဘဝ၏ လှေခါးထစ်များတွင် အောင်မြင် တိုးတက်သော ပန်းတိုင်သို့ တစ်ဆင့်ချင်း လျှောက်လှမ်းရမည်ဖြစ်ပြီး အဆင့်တိုင်းတွင် မိမိအတွက် လိုအပ်လှသည့် ပညာ အတွေ့အကြုံများ သင်ခန်းစာများ နောင်တ တရား များဖြင့် ပြည့်နက်နေသည်ဖြစ်ရာ နောက်အဆင့်ကို တက်ရောက်ရန်အတွက် ပထမ အဆင့်၏ ခိုင်ခန့်မှု့ အရည်အသွေး သည် ဒုတိယ အဆင့်အတွက် သင်ခန်းစာဖြစ်ပြီး ဆင်ခြင်တုံး တရားဖြင့် တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်ကြောင်း ပြောကြပြန်၏။ ဘဝသည် အဆင်းအတက်များလှသည်ဖြစ်ရာ အတက်အချိန် တွင် တစ်ဆင့်ချင်းတက်ရောက်ခြင်းသည် အဆင်းဘဝအတွက် စစ်မှန်သော သင်ခန်းစာကောင်းများဖြစ်
ကြောင်း ထောက်ခံပြောဆို ကြလေ၏
အချိန်ကား နေမွန်းတည့်တော့မည်ဖြစ်ရာ ကျွန်ုပ်တို့လည်း အဆိုပါ လှေခါးမှ တက်ခဲ့သူများဖြစ်သည့် အတိုင်း အဆိုပါ လှေခါးမှ ပြန်လည်းဆင်းသက်ရင်း အဆင်းအတက်များဖြင့် လူဘဝ၏ ဆက်စပ်နေပုံကို တွေးရင်း တွေးရင်းဖြင့် အိမ်သို့ပြန်ခဲ့လေ တော့သည်။ ။
Lazy Cat | ရိုးရာလေး

မှတ်ချက်များ