အင်ဒိုနီးရှားအိမ်အကူအား ဟောင်ကောင် အမျိုးသမီး နှိပ်စက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ


ကမ္ဘာတစ်ဝန်းက စိတ်ဝင်စား နေသော အိမ်အကူ အမှုကို ဟောင်ကောင် တရားရုံးတွင် စစ်ဆေးခဲ့ရာ လော် ဝမ်ထောင် အမည်ရှိ ဟောင်ကောင်မှ အမျိုးသမီး တစ်ဦးသည် အင်ဒိုနီးရှား အိမ်အကူကို နှိပ်စက် ခဲ့သည်ဟု စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

လော်ဝမ်ထောင် သည် သူမ၏ နေအိမ်တွင် တာဝန် ထမ်းဆောင် ခဲ့သော အိမ်အကူ အမျိုးသမီး ကို ပြင်းပြင်း ထန်ထန် ထိခိုက်ဒဏ်ရာ ရစေခြင်း၊ ခြိမ်းခြောက်ခြင်း နှင့် လုပ်ခ လစာငွေ မပေးခြင်း စသည့် စွပ်စွဲချက် များဖြင့် တရားစွဲဆို ခံရလျက် ရှိသည်။

အင်ဒိုနီးရှား အိမ်အကူ အမျိုးသမီး ဖြစ်သူ အာဝီအာနာ ဆူလီ စတိုင်နင်စစ် သည် ပြီးခဲ့သည့် နှစ်က သူမ၏ မိခင်နိုင်ငံသို့ ပြန် သွားခဲ့ပြီး အိမ်ရှင် နှိပ်စက် ခဲ့သော ဒဏ်ရာများကို ဆေးဝါး ကုသရန် ဆေးရုံတက် ခဲ့ရာမှ ကမ္ဘာတစ်ဝန်းမှ အာရုံစူးစိုက် မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

မိမိအနေဖြင့် နေရပ်သို့ ပြန်မသွားမီ လပေါင်း များစွာကြာ အိမ်ရှင်ဖြစ်သူ လော်ဝမ်ထောင် ၏ နှိပ်စက် ညှဉ်း ပန်းမှုကို ခံခဲ့ရကြောင်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ တွင် အာဝီအာနာ က တရားရုံး၌ ထွက်ဆို ခဲ့သည်။

လော်ဝမ်ထောင် ၏ ပြစ်မှုအတွက် ယခုလ နှောင်းပိုင်းတွင် ပြစ်ဒဏ်ချမှတ် သွားမည် ဖြစ်သည်။ အိမ်ရှင် လော်ဝမ်ထောင် တွင် အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့သော သတင်းကြောင့် ဝမ်းသာ ပျော်ရွှင်မိကြောင်း အိမ်အကူ ဖြစ်သည့် အာဝီအာနာ က ပြောကြား ခဲ့သည်။

ဟောင်ကောင်မြို့ တွင် အာရှတိုက် တစ်ဝန်းမှ လာရောက် အလုပ် လုပ်ကိုင်သူ အိမ်အကူ ၃၃ဝဝဝဝ ခန့် ရှိကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ