“နေမိဘုရင်ကြီး အကြောင်း”


သူ့အမေက ဗိုလ်တထောင်ဘုရားရောက်လို့ သခင်မမြနန်းနွယ်သိုက်နန်းဆောင်မှာ ကန်တော့ပွဲပေးတဲ့အခါ၊ သူ့အဖေက ဖေ့စ်ဘုတ်ထဲကနေ “သောင်တူးစက်နဲ့ ပိနေလို့ အာ့ လာပြောတာ”ဆိုတဲ့ နဂါးမင်းကြီး ရေထဲမှာ ဆီမီးပူဇော်နေတဲ့ ခေါင်းလောင်းကြီးအကြောင်း ဖတ်နေတဲ့အခါ ကိုယ်တို့သမီးကတော့ ငါးသလောက်ပြုံးကလေး ပြုံးနေလေ့ရှိပါတယ်။ သူက အဲ့ဒါတွေ တစ်ခုမှ အယုံအကြည်မရှိပဲကိုး။ မယုံလည်း ကိစ္စမရှိပါဘူး။

ဒါပေမယ့် သူမသိသေးတာက အခုကိုယ်တို့ပြောပြောနေတဲ့နဂါး၊ ဘုရားသွားရင် စနေထောင့်မှာ ခွေကာ ပတ်ကာနေတဲ့နဂါး၊ မုန္စလိန္ဒာအိုင်မှာ မြတ်စွာဘုရားရှင်ကို ပါးပြင်းနဲ့ အရိပ်မိုးပေးတဲ့နဂါးဟာ အင်္ဂလိပ်ကာ တွန်းကား နဲ့ ရုပ်ရှင်တွေထဲမှာ ပါတဲ့Dragon ဆိုတဲ့ နဂါး နဲ့ မတူဘူး။ နှစ်ကူးချိန်ခါမှာ တုံချန်ချန် တုံချန်ချန် နဲ့ မူးနောက်နေအောင် မွှေ့ရမ်းကပြတဲ့ လုံ လို့ ခေါ်တဲ့ တရုတ်နဂါး နဲ့ မတူဘူး လို့ သိစေချင်ပါတယ်။

သည်အကြောင်းတွေကိုတော့ ဘူရိဒတ် နဂါးမင်းအကြောင်း ပြောပြတော့မှပဲ သေသေချာချာ နားလည်အောင် ရှင်းပြတော့မယ်။ လောလောဆယ်မှာတော့ နဂါးအကြောင်း နားလည်ဖို့ထက် အဲသည် နတ် နဂါး ဂဠုန် ဂုမ္ဘဏ် ယက္ခတွေ မှီတင်းနေထိုင်ရာ ၃၁ဘုံ အကြောင်းကို ရေရေရာရာ သိစေချင်တဲ့အတွက် နေမိမင်းကြီးဇာတ်တော်ကနေ စရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်။ တခြားဟာတွေ မယုံတာက ကိစ္စမရှိဘူး။ ငရဲပြည် နတ်ပြည်ကိုပါ မယုံတော့ဘူးဆိုရင် အဲ့ဒါ ပြဿနာ အကြီးကြီး ရှိနိုင်တယ်လေ။

အခုနောက်ပိုင်းလူတွေဟာ နောင်တမလွန် သံသရာဆိုတဲ့ကိစ္စတွေ တော်တော်များများကို မယုံကြည် ကြတော့ဘူးလားမသိ။ ငရဲဆိုတာ နောက်ဘဝ နောက်ကိုယ်နဲ့ကျမှ ခံရမှာ၊ လောလောဆယ် သည်ဘဝ သည်ကိုယ်နဲ့စံရဖို့အတွက် ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ စိတ်ထားမျိုးတွေ အံ့မခန်း တွေ့မြင်လာရတယ်။ ကိုယ့်သမီးနဲ့တန်းတူအရွယ်တွေမှာ မဟုတ်ဘူး။

ကိုယ်တို့အရွယ်တွေ၊ ကိုယ်တို့ထက် အသက်ကြီးပြီး သေခါတော်တော်နီးနေတဲ့ အရွယ်တွေမှာတောင် အမျိုး ဘာသာ သာသနာကို ဗန်းပြပြီး သံသရာအရေး ဝန်လေးမယ့် အမှုကိစ္စတွေကို ပြုချင်တိုင်းပြုနေကြတာဟာ မလွှဲမရှောင်သာလို့လား၊ မသိနားမလည်လို့လား၊ စဉ်းစားလို့တောင် မရပါဘူး။ ဘယ်ဆီနေမှန်းမသိတဲ့ အသပြာထောင်ထုပ်ကြီးထက်စာရင် ကိုယ့်မျက်စိအောက် လက်တကမ်းက ဆယ်ပြားစေ့ကိုပဲ မရအရ ကလော်ထုတ်ကြတာပေါ့ လို့ အယူအဆရှိပုံရပါတယ်။ သူလည်း သူ့အထုပ်သူထမ်းရတာ၊ ကိုယ်လည်း ကိုယ့်အထုပ်ကိုယ်ထမ်းရတာ။ တစ်လမ်းစီ သွားနေကြတာပဲ။ ကြုံရဆုံရ တစ်ဘဝပေါ့။

ဒါပေမယ့် ကိုယ့်သမီးလေးကျတော့ ခုဘဝမှသာ သားအဖတော်စပ်ရတာ မဟုတ်ဘူး။ နောင်တမလွန်မှာ လည်း ရေစက်ရှိချင်တယ်။ ဒါကြောင့် သူ့ကို အယူမှားအတွေးမှား အမှတ်မှားတွေ မစွဲစေချင်ဘူး။ အထူး သဖြင့်တော့ ကိုယ်က မပြောပြလိုက်မိလို့၊ ရင်းနှီးယဉ်ပါးအောင် သင်ကြားမပေးလိုက်လို့ မြန်မာကလေးငယ် တစ်ယောက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓဘာသာ အဆုံးအမ အယူအဆကလေးတွေကို နားဝေးစိမ်းကားနေ မယ်ဆိုရင် နောင်တရလို့ဆုံးမှာ မဟုတ်ဘူး။ သူ့မှာ ကိုယ်တို့တုန်းကလို ရဟန်းသံဃာ အဆုံးအမ ကျောင်းဝန်းကျင်ကလည်း မရှိတော့ဘူးလေ။

ဒီတာဝန်တွေကို ကိုယ်မှ မယူရင် ယူမယ့်သူမရှိဘူး။ ဒါနဲ့ပဲ စာအုပ်အဟောင်းဆိုင်တန်းကိုမွှေပြီး မင်းပူးဦးသြ ဘာသရဲ့ နေမိဇာတ်တော်ကြီး စာအုပ်ကို မရအရ ရှာဝယ်ရပါတယ်။ သည်အတိုင်းတော့ သူ့ပေးဖတ်လို့ ဘယ်ရမလဲ။ ကိုယ်တွေတောင် ကျွမ်းပစ်နေတာ။ ပါဠိပါဌ်သားတွေတင် မကဘူး။ ပေါရာဏတွေကလည်း အများကြီး။ သူနားလည်အောင် ၂၀၁၅ ဘာသာဗေဒနဲ့ ဗားရှင်းအသစ်ထုတ်မှပဲ ဖြစ်တော့မယ်။ သိပြီးသား လူကြီးတွေကတော့ သည်းခံပြီး ဖတ်ကြပါနော်။ ချိန်ပစ်ရတဲ့ ပရိသတ်က ကိုယ့်သမီးနဲ့တန်းတူ မြန်မာမ ဆန်တော့သော ကြီးကောင်ဝင်စ ကလေးများအတွက် ဖြစ်ပါတယ်။

နေမိဇာတ်တော်ဟာ "တေဇသုနေမ ဘူစံနာဝိဝေ" လို့ အတိုမှတ်ထားတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ထဲက စတုတ္ထ
မြောက် ဖြစ်တော်စဉ်ဇာတ်ကြောင်း ဖြစ်ပါတယ်။ ဘုရားအလောင်းတော်ဘဝမှာ ပါရမီတွေဖြည့်ကျင့်တော်မူ ခဲ့စဉ်က အဖြစ်သနစ်တွေကို မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် နှုက္ခပတ်တော်က မြွက်ကြားတော်မူခဲ့တာမို့ စိတ်ကူးယဉ်ဖန်တီးထားတာမဟုတ်၊ အမွှန်းတင် တန်ဆာဆင်ထားတာမဟုတ်၊ စိတ်ချလက်ချ ယုံကြည်မှတ် သားဖွယ်ရာသာ ဖြစ်တယ် လို့ ပြောပြချင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအတိုင်းအတာ ချင်းတော့ မတူဘူးပေါ့။

သရဏဂုံတည်တယ်ဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်မှာ မယိမ်းမယိုင် သက်ဝင်ယုံကြည် တာကို ဆိုလိုတာ ဖြစ်တဲ့အတွက် လူတစ်ဦးချင်းစီရဲ့ ယုံကြည်မှုသဒ္ဓါတရား အတိမ်အနက်အပေါ်မှာ မူတည် ပြီး ဘယ်လောက်ထိအောင် နှစ်နှစ်ကာကာ ယုံကြည်သလဲဆိုတာ ကွာသွားမှာပဲ။ ကမ္ဘာပြားလို့ ပုဝါပါးတွေ လာလာထုပ်နေတဲ့ခေတ်မှာ ကိုယ့်ဘာသာတရားထက် မှင်သက်အံသြစရာ ဓလေ့စရိုက် ယဉ်ကျေးမှုတွေက လည်း အများကြီးဆိုတော့ ကိုယ့်သမီးလေးမှာ သဒ္ဓါတရား မပြည့်မစုံချို့တဲ့ခဲ့သည်ရှိသော် သူ့အဖေက တစ် ခါမှ ပြောမပြဖူးလို့ မကြားဖူးသေးလို့ မယုံကြည်တာတော့ အဖြစ်မခံနိုင်ပါဘူး။ အဲဒီတော့ မယုံယုံအောင် ဟောပြဖို့ပဲ ရှိတော့တယ်။

ဘုရားအလောင်းတော်နေမိမင်းကြီးဟာ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်မှာ မုဒ္ဓါဘိသေကမင်းမျိုးရဲ့ နောက် ဆုံးမင်းဆက်အဖြစ် ဗြဟ္မာ့ပြည်ကနေ စုတေ့ဝင်စားသူ မင်းဧကရာဇ် ဖြစ်ပါတယ်။ နေမိဆိုတဲ့အဓိပ္ပါယ်က အမျိုးအနွယ်ကိုအဆုံးသတ်အနားကွပ်သူ လို့ အဓိပ္ပါယ်ရပါသတဲ့။ သည်အခါမှာ ဗြဟ္မာဆိုတာ ဘာလဲလို့ အရင်စ ရှင်းပြရပါဦးမယ်။ သတ္တဝါဝေနေယျတို့ ကျင်လည်ရာ၃၁ ဘုံထဲမှာ ဗြဟ္မာ့ဘုံကချည့် ၂၀ တိတိ ပါဝင်တယ်။ ဒါပေမယ့် တော်တော်များများက အပယ် ၄ဘုံမှာသာ အဖန်တလဲလဲ ကျင်လည်နေကြတာမို့ ဗြဟ္မာတွေအကြောင်းကို ဘူးလုံးနားမထွင်း ရှိကြပါတယ်။

ဘုရားစောင်းတန်းက ဗြဟ္မာရုပ်ထုကြီးတွေဆိုလည်း နတ်ရုပ်နဲ့ ဘာမှ မထူးဘူး။ ကိုယ်တို့စိတ်ထဲမယ် ဗြဟ္မာ ဆိုတာ နတ်တွေထက် တန်ခိုးပိုကြီးတဲ့သူ လို့ မြင်မှာပေါ့နော်။ ဟိန္ဒူဘာသာနဲ့ နီးစပ်သူများကြတော့ ဗြဟ္မာ လို့ ပြောလိုက်ရင် ပိဿနိုး၊ မဟာပိန္နဲတို့လို အစဉ်ထာဝရတည်ရှိနေသူ၊ စကြာဝဠာကြီးရဲ့ဖန်ဆင်းရှင် လို့ သဘောပေါက်ကြလိမ့်မယ်။ တကယ်တော့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်တဲ့ဗြဟ္မာဆိုတာ ဖန်ဆင်းရှင် မဟုတ်ဘူး။ သူ့ကိုလည်း ဘယ်သူကမှ ဖန်ဆင်းထားတာ မဟုတ်ဘူး။ ကံ၊ ကံ၏အကျိုးဆက်အလျောက်သာ ဖြစ်တည်နေရတဲ့ ဝေနေယျသတ္တဝါထဲမှာ သူလည်းအဝင်အပါပဲ။

သို့သော်လည်း ဗြဟ္မာ့ဘုံ ၂၀ ထဲမှာအနိမ့်ဆုံးဘုံကိုတောင်မှ ပထမဈာန်ဘုံ လို့ ခေါ်တယ်။ ဆိုလိုတာက ဗြဟ္မာ့ဘုံဆိုတာ ဈာန်ဝင်စားသူတွေသာ ဖြစ်တည်ခွင့်ရတယ်လို့ သိထားသင့်တယ်။ ဈာန်လို့ ပြောလိုက်က တည်းက သမထ ဘာဝနာ ဝိပဿနာရှုမှတ်ခြင်း အလုပ်ကို အဆုံးစွန်အာရုံဝင်စားနိုင်သူတွေဖြစ်ပြီး သံသရာမှ လွတ်ရာလွတ်ကြောင်း မဂ်ဖိုလ်နိဗ္ဗာန်ကို မရောက်သေးရုံတမယ်သာ ကျန်တော့တယ်လို့သိထားရဦး မှာပေါ့နော်။

ဈာန်ဝင်စားနိုင်တဲ့ဗြဟ္မာကြီးတွေဟာ နတ်ပြည်နဲ့ အဓိက ကွာခြားသွားတာကတော့ ကာမဂုဏ်အာရုံတွေကို လုံးလုံးလျားလျား မခံစားတော့ပါဘူး။ ဈာန်အရသာနဲ့သာ မွေ့လျော်ပါတော့တယ်။ လူတွေလုပ်ပြီး ဗြဟ္မာတွေ မလုပ်တဲ့အမှုကို အဗြဟ္မစရိယာလို့ ခေါ်တယ် မဟုတ်လား။ အိပ်ခြင်း စားခြင်း မေထုံမှီဝဲခြင်းလို့ ဆိုအပ်တဲ့ တိရိစ္ဆာန်ဘုံက အလေ့အထတွေ မလိုအပ်တော့တဲ့အတွက် သူတို့မှာ ကျားမ လိင်အင်္ဂါတွေလည်း ပါစရာ မလိုဘူး။ အာရုံငါးပါးတို့ ဝင်ထွက်ထိသိရာ ဒွါရပေါက်တွေလည်း ရှိစရာ မလိုတော့ဘူး။ ဒါကြောင့် နတ်သား နတ်သမီးသာ ရှိတာ။ ဗြဟ္မာမကြီးဆိုတာ မရှိဘူး။ ဗြဟ္မာမှန်ရင် တစ်မျိုးတည်းပဲ ရှိမယ်။

အဲသည်တစ်မျိုးတည်းမှာတောင် သူတို့အချင်းချင်း မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တွေနဲ့ ဆက်သွယ်စရာ မလို တဲ့အတွက် ရုပ်ဆင်းသဏ္ဍန်အသွင်အပြင်ဆိုတာ လည်း ဘယ်ရှိမလဲ။ သူတို့ထက် နိမ့်တဲ့ သတ္တဝါတွေ မြင်စေချင်တဲ့အခါမှာသာ အများမြင်ဖူးနေကျ ပုံသဏ္ဍာန်တစ်ခုခု အသွင်ကို ဆောင်ယူလို့ မြင်စေရတယ်။ သိကြားမင်းစံရာ သုဓမ္မာနတ်သဘင်ခန်းမကို ရံဖန်ရံခါ တရားလာဟောတတ်တဲ့ သနင်္ကုမာရ ဗြဟ္မာမင်း ကြီးဟာ နတ်သဘင်အစည်းအဝေးကိုလာရင် ပဉ္စသိင်္ခနတ်သားအသွင်ကိုယူပြီး လာဟောရသတဲ့။ ဘာလို့ဆိုတော့ နတ်သားတွေထဲမှာ ပဉ္စသိင်္ခက ဖက်ရှင်အကျဆုံး၊ စမတ်အကျဆုံး၊ မြင်လေသမျှ နတ်သား နတ်သမီးတို့က မြင်ရုံမျှနဲ့ ချစ်ခင်နှစ်လိုသူ နတ်ဆယ်လီဗျစ်တီကြီး ဖြစ်လို့ပါတဲ့။

 အဲ့ဒီနတ်သားကြီး ပဲများပုံကလည်း သြချလောက်စရာဗျ။ အတိတ်ဘဝက ဥပုသ်သီတင်း မပြတ်ဆောက် တည်ခဲ့လို့ ရွှေလိုဝင်းသော အသားအရေ ရှိသတဲ့။ အမွှေးနံ့သာတွေနဲ့ အေရိုးမားစပါး တစ်ကြိမ်ဝင်ရင် ပန်းပေါင်းနံ့သာ အိုးစရည်းကြီး ကိုးလုံးကုန်သတဲ့။ ကိုယ်မှာဆင်မြန်းတဲ့အဝတ်တန်ဆာ လက်ဝတ်ရတနာ များကတော့ လူ့ပြည်ဝန်နဲ့ဆို လှည်းအစီးတစ်ထောင်တိုက်စာရှိသတဲ့။ သူ့နံမယ် ပဉ္စသိင်္ခလို့ခေါ်ရတာက ဦးခေါင်းပေါ်မှာ သျှောင်ထုံးလှလှလေး ငါးထုံးထုံးထားလို့ပါတဲ့။ ဂယ်ပဲ ဂယ်ပဲ။ ဘာပဲပြောပြောလေ။ ပုဂ္ဂိုလ်ခင်မှ တရားမင်တာမို့ ကိုယ်ဟောမယ့်တရား စိတ်ဝင်စားစေချင်ရင် နတ်တွေကိုတောင်မှ ဝိတ်ကလေး ဘာလေး သုံးတန်သုံးရသေးတယ်နော်။ (တို့တရားနာပြီးရင်တော့ တို့ဘတွေ စိုင်းစိုင်းခမ်းလှိုင်ဆီ စရံသတ် ကုန်ကြရော့မယ်)

ကဲတွေ့ပြီ မဟုတ်လား။ နတ်တွေများဆိုရင် ခရေစေ့တွင်းကျ သိကြသလောက် ဗြဟ္မာတွေအကြောင်းကျ
တော့အမည် နာမနဲ့ တိတိကျကျ ပြောနိုင်တာ ငါးပါးတောင်မပြည့်ဘူး။ ကမ္ဘာတည်စက ကြာနိမိတ်လာကြည့် တဲ့သုဒ္ဓဝါသ ဗြဟ္မာမင်းကြီးရယ်၊ (အနော်မာသောင်မှာ သင်္ကန်းလာကပ်တာလည်း သူပဲလား မသိဘူး။) အောင်ခြင်းရှစ်ပါးထဲမှာပါတဲ့ ဗကဗြဟ္မာကြီးရယ်၊ တရားဦးဟောဖို့ လာတောင်းပန်တဲ့ သဟံပတိဗြဟ္မာမင်း ကြီးရယ်။ ကုန်ပြီ။ သိတော့ဘူး။ ထူးခြားတာတစ်ခုက ၃၁ဘုံမှာ ကိုယ်တို့နေထိုင်ရာ ကမ္ဘာကြီးနဲ့ လွတ်ကင်း စွာ တည်နေနိုင်တာအထက် ၁၇ ဘုံသော ဗြဟ္မာတွေဖြစ်တယ်။

ကမ္ဘာပျက်တဲ့အခါ ပထမဈာန် ၃ ဘုံအထိ မီးဟုန်းဟုန်းတောက်လောင်ရသတဲ့။ အထက် ၁၇ ဘုံက ဗြဟ္မာ မင်းကြီးတွေဟာ ကမ္ဘာတည်စမှာ လူရယ်လို့ မဖန်ဆင်းသော်ငြားလည်း ပေါ်ဦးသစ်စ ပထဝီမြေလွှာပေါ်မှာ ဈာန်အဟုန်နဲ့ ခြေလာချရင်းကနေ စုတေဈာန်လျှောပြီး လူသားတွေ ဖြစ်လာတယ်လို့တော့ ဆိုကြတယ်။ တချစ်တည်းချစ် သီချင်းရေးတုန်းက ပြောခဲ့ဖူးတယ်လေ။ “ဗြဟ္မာကြီးတွေဟာ ကမြင်းပြီးတော့..” လို့ ဆရာမြို့မငြိမ်းက ရေးတဲ့အကြောင်း။

ဒါပေမယ့် ဗြဟ္မာ့ဘုံကိုရောက်ချင်ရင် ဗြဟ္မစိုရ်တရားလေးပါးနဲ့ ပြည့်စုံအောင် ကျင့်ကြံအပ်တယ် လို့တော့ ပြောချင်သေးတယ်။ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ နဲ့ဥပေက္ခာ တဲ့။ လူ့ပြည်မှာ ဈာန်ရတဲ့ ယောဂီပုဂ္ဂိုလ်များ သေလွန်ရင် ဗြဟ္မာ့ဘုံမှာ သူ့ဈာန်အဆင့်အလိုက်ဖြစ်ရတယ်။ အဲသည်အထဲမှာမှ နာမ်တရားရဲ့ အပြစ်တွေ ကို ကြောက်ရွံ့စက်ဆုပ်သူတွေက ရုပ်ချည့်သက်သက်သာရှိတဲ့ ရူပဘုံမှာ ဖြစ်ရပြီး ရုပ်တရားရဲ့ အပြစ်တွေ ကို ရွံရှာတဲ့သူတွေက ရုပ်တရားကင်းမဲ့ နာမ်သက်သက်သာရှိတဲ့ အရူပဘုံမှာ ဖြစ်ရတယ်။ အဲသည်ဘုံတွေ ဟာ ဘုရားပွင့်တော်မူခိုက်နဲ့ ကြုံရင်တောင် ကျွတ်တမ်းမဝင်နိုင်ဘူး။ တရားနာတယ်ဆိုတာ ရုပ်ရော နာမ်ရော ရှိမှ ဖြစ်တာလေ။

ဗြဟ္မာ့ဘုံကို အဲသလောက် တီးလို့ခေါက်လို့ဝရင် လူ့ပြည်ကို ပြန်ဆင်းကြဦးစို့ရဲ့။ နေမိမင်းကြီးဟာ ဗြဟ္မာ့ ပြည်ကစုတေ့လို့ လူ့ပြည်မှာ ဘုရင်လာဖြစ်တဲ့အခါ မြို့လယ်ခေါင်ကစလို့ အရပ်လေးမျက်နှာမှာ အလှူဇရပ် ကြီးငါးဆောင် ဆောက်ပြီး မပြတ်အောင် အလှူကြီးပေးသတဲ့။ တရားပွဲတွေလည်း အခါမလပ် ပြုလုပ်ပေးပြီး ဘာသာတရားအဆုံးအမ၌ တည်စေခြင်းကြောင့် တိုင်းသူပြည်သားများဟာ သေလွန်ပြီးတဲ့နောက် နတ်ရွာ သုဂတိချည့်ပဲ ရောက်ကုန်ပါသတဲ့။ တကာတော်ရေမြေ့ရှင် နေမိမင်းကြီးကတော့ သူ့အလှူတွေသူ ပြန်လှန် သုံးသပ်ရင်း သံသယစိတ်တစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာလိုက်တာ နတ်ပြည်က သိကြားမင်းကြီး ထိုင်နေတဲ့ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးတောင် ခါတိုင်းလို ခါးလည်ထိမြုတ်ဆင်းမသွားတော့ပဲ သားရေ ကျက်ထားတဲ့စည်မျက်နှာပြင်ပမာ တင်းမာလာပါသတဲ့။ လူကြီးဆိုတာ ကုလားထိုင်ထိခိုက်လာရင် စုံစမ်းရေးကော်မရှင်ဖွဲ့ရတဲ့ထုံးစံအတိုင်း သိကြားမင်းကြီးလည်း လူ့ပြည်ကိုဆင်းပြီး အင်ကွာရီ ဝင်ရပါတော့ တယ်။

နေမိမင်းကြီးသိချင်တာက သူဟာ ဒါနကုသိုလ်တွေကိုလည်း အသက်ထက်ဆုံး ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ တယ်။ သီတင်းသီလဆောက်တည်ခြင်း ကုသိုလ်တွေကိုလည်း နေ့ညဉ့်မပြတ် ခိုင်မာစွာ စောင့်ထိန်းခဲ့ တယ်။အဲသည်ကုသိုလ်မျိုးအစားနှစ်မျိုးမှာ ဘယ်ဟာက ပိုမြတ်သလဲ။ ဘယ်ဟာက ပိုသာသလဲလို့ အရမ်းအ ရမ်းကို သိချင်တော့တာပါပဲတဲ့။ သိကြားမင်းကြီးဖြေတာကတော့ဥပုဉ်သီလဆောက်တည်တဲ့ကုသိုလ် တစ် နည်းအားဖြင့် ကံသုံးပါးတို့ကို မကောင်းမှုမကျူးလွန်အောင်စောင့်စည်းနိုင်တဲ့ကုသိုလ်ဟာ အယုတ်ဆုံးသီလ က လူ့ပြည်မှာ မင်းအဖြစ်ကို ရစေတယ်။ အလည်အလတ်တန်းစားလောက်ဆို နတ်ပြည်မှာ သိကြားမင်း အဖြစ်ကို ရစေတယ်။

အထက်တန်းစား ဗြဟ္မာစရိယသီလမျိုးနဲ့ဆို ဗြဟ္မာ့ပြည်ကိုတောင်ရောက်စေတတ်တယ် လို့ ဆိုသတဲ့။ အဲသည် သီလကုသိုလ်ထဲက အနိမ့်ဆုံးကုသိုလ်တောင်မှ ဒါနကုသိုလ်ထဲကအမြင့်ဆုံး အလှူဒါနအကျိုး ထက်တော့ သာသတဲ့။ ဘာဖြစ်လို့ဆိုတော့ ဒါနကုသိုလ်ဟာ နတ်ပြည်မှာတင် ဂိတ်ဆုံးတော့ ကာမဂုဏ်စော်တွေနံတယ်။ မစင်ကြယ်ဘူးပေါ့နော်။ ကိလေသာ ကာမ အာရုံငါးပါးနဲ့ ခံစားထိတွေ့လို့ရတဲ့ စည်းစိမ်ချမ်းသာဆိုတာ တောင့်တခြင်း၊ ကြောင့်ကျခြင်း၊ ငတ်မွတ်ခြင်း၊ပူပန်ခြင်း မကင်းတဲ့အတွက် နတ်ပြည်ခြောက်ထပ်ဆိုတာလည်း တကယ်တမ်းကျတော့ ပြိတ္တာဘုံနဲ့ သိပ်မထူးလှပါဘူးတဲ့။

အဲသည် ကာမဂုဏ်နယ်က လွတ်ချင်ရင်တော့ ဒါနသက်သက်နဲ့ မလုံလောက်တော့ဘူး။ သီလပါမှ ရလိမ့်မတဲ့။ သက်သေအဖြစ်ပြစရာကတော့ သူများအတင်းလည်း မပြောတတ်ပါ။ သူကိုယ်တိုင်သာ သက်သေတည်ပါသတဲ့။ ဟိမဝန္တာမှာ ရသေ့တစ်သောင်းကို အနှစ်တစ်သောင်းတိုင်တိုင် တစ်ရက်မပြတ် ကြည်ညိုစွာ ဆွမ်းလုပ်ကျွေးခဲ့တဲ့ ကုသိုလ်အဟုန်ကြောင့် သိကြားမင်း ဖြစ်လာချိန်မှာ အလှူခံပုဂ္ဂိုလ် ရသေ့ရဟန်းများ အားလုံးကတော့ ဗြဟ္မာ့ဘုံမှာ ချမ်းသာစွာ ဈာန်ဝင်စားနေကြပြီတဲ့။

သိကြားမင်းကြီးရဲ့အဖြေမှာ နေမိမင်းကြီး သံသယတွေ ကြေပျက်သွားသလိုပဲ ကိုယ့်ရင်ထဲမှာ လိပ်ခဲတည်း လည်း ခံစားနေမိတဲ့ တအုံနွေးနွေးခံစားချက်တွေလည်း ပိန်းကြာဖက်ရေမတင်သလို လွင့်ပြယ်သွားတာ မင်္ဂလာတစ်ပါး လို့ဆိုရပါမယ်။ အကြောင်းကတော့ အတိတ်ဘဝက ဒါနမျိုးစေ့နည်းခဲ့တဲ့ကိုယ်ဟာ သည်ဘဝ မှာလည်း မရှိလို့မလှူမလှူလို့မရှိ သံသရာစက်ဝန်းနဲ့ သိပ်မလွတ်ချင်ပါဘူး။ လူတန်းစေ့ရုံ၊ ဟန်မပျက်ကလေး၊ မရှိမရှားသာနေနိုင်တာ။ သူများတကာတွေလို အလှူရေစက် လက်နဲ့မကွာတော့ မကြွယ်နိုင်ဘူး။

ကိုယ်ပိုင်ဝင်ငွေအားဖြင့် ဘာမှမရှိတာမို့လို့ ထွက်ငွေကိုပဲ တိုင်းတာသုံးစွဲနေရတဲ့အခါ ဒါနမျိုးစေ့ ကြဲဖို့ပက် ဖို့တော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တာ ကြာပါပြီ။ လမ်းဘေးနေလမ်းဘေးစား အတန်းအစားမို့ လမ်းလည်ဈေးဆိုင်ထိုင်စားပြီဆိုမှဖြင့် ဇွန်းချလို့မရအောင် တဖွဲဖွဲရောက်လာတဲ့ အလှူခံပုဂ္ဂိုလ်တွေကို မမြင်ချင် မကြားချင်ယောင်ဆောင်ရစမြဲ။ “ငါတော့ မလှူရက်မတန်းရက်နဲ့ နောက်ဘဝကျရင် သည့်ထက်သည် ပိုဆင်းရဲဦးမလား။ အပင်းအကန်း အဆွံ့အအကြီးများ ဖြစ်နေမလား။” လို့ တွေးမိရင် စိတ်တောင် မကောင်းဘူး။

မနက်လင်းတာနဲ့ လမ်းထဲကို လော်စပီကာကြီးနဲ့ နေ့စဉ်ရောက်လာနေကျ “အဖြူရောင်လေးကို ဆင်မြန်းလို့ ပြုံးလို့ရွှင်လို့ကလို့ခုန်လို့ အလှူခံပါဗျို့။” ဆိုတဲ့သူတွေကိုလည်း တစ်ကြိမ်တစ်ခါမှတောင် ဆင်းမလှူဘူးလေ
တော့ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်မှ ဟုတ်သေးရဲ့လား လို့ သံသယဝင်မိတယ်။ ငယ်သူငယ်ချင်းတွေ က ဆရာကန်တော့ပွဲတွေလုပ်တဲ့အခါ ဆယ်သိန်းဟဲ့။ သိန်းနှစ်ဆယ်ဟဲ့။ သိန်းတစ်ရာ၊ သိန်းနှစ်ရာဟဲ့။လှူကြတန်းကြတဲ့အခါ သာဓုအကြိမ်ကြိမ်ခေါ်ပြီး မျက်လွှာကလေးကိုတော့ အောက်ချထားမိတယ်။ ကိုယ့်တနိုင်တပိုင်ကတော့ လှူရေးတန်းရေးဆိုရင် အရင်းမစိုက် လှေထိုးလိုက်ပြီး ငွေအားထက် လူအား စိုက်ဖို့ကိုပဲ အားသန်မိတယ်။ ဘယ်သူ့အလှူဖြစ်ဖြစ် ဝေယျာဝစ္စကုသိုလ်ပါဖို့ လက်မနှေးဘူး။ သာဓုခေါ် လိုက်တော့ ကိုယ်လည်းပဲအဖို့ဘာဂ အမျှရမှာ မဟုတ်လား။ ဒါလည်းအလှူပဲပေါ့လို့ တရားနဲ့ဖြေခဲ့တယ်။

အခုတော့ ကိုယ့်မှာ စောင့်ထိန်းအပ်သော သီလကုသိုလ်တွေ ဘယ်နည်းလို့တုန်းလို့ တွေးမိပြီး ဝှက်ထားတဲ့ စု ဗူးကြီး ပွေ့ပိုက်ထားမိသလို ကျေနပ်အားရမိတယ်။ သမီးကတော့ အကြောင်းသိချင်းမို့ “သူဖြင့် ဥပုသ်စောင့်တာ သီလယူတာလည်း တစ်ခါမှ မတွေ့ဖူးပေါင်” လို့ ပြောချင်ပြောမယ်။ ကိုယ်စောင့်စည်းတဲ့ သီလကုသိုလ်ဆိုတာ ဥပေါသထသီလံ၊ သာဓုကံကတ္တဝါ၊ အပ္ပမာဒေနတွေကို မဆိုလိုပါဘူး။ လူရယ်လို့ ဖြစ်လာတဲ့ဘဝမှာ အလကားနေရင်း ဆင်ခြေမျိုးစုံနဲ့ ငါးပါးသီလ မကျိုးပေါက်မိအောင်တော့ သတိထားတယ်။ အခုဆို သူများအလကားတိုက်တိုင်းတောင် မသောက်တော့ဘူး။

 တော်တော်ကြီးကို ခင်လွန်းမှ ပျော်ချင်မှ တခါတလေ။ သည့်ထက်ပိုပြီး သေသေချာချာ aစာင့်စည်းထိန်း သိမ်းမိတာကတော့ လုပ်သင့်တာတွေ (လှူတာတန်းတာကို ပြောတာ) မလုပ်နိုင်သေးသော်ငြားလည်း မလုပ်သင့်မလုပ်ထိုက်သော အကုသိုလ်အမှုတို့ကို ဘာအကြောင်းနဲ့မှ မလုပ်မိအောင် သတိထားတာပါ။ အထူးသဖြင့် ဆရာဝန်ဖြစ်ရတဲ့ဘဝမှာ၊ ကျောင်းဆရာဖြစ်ရတဲ့ဘဝမှာ၊ စာရေးသူဖြစ်ရတဲ့ဘဝမှာ ကိုယ်တတ် ထား တဲ့ပညာကို အသုံးချပြီး ဘယ်သူဘယ်ဝါ တစ်ဦးတစ်ယောက်ကိုမှ ကိုယ်စိတ်နှလုံး ထိခိုက်နစ်နာ ဒုက္ခရောက်သွားအောင် မလုပ်ဖူးဘူး။

 (သေသွားရင်တော့ မရည်ရွယ်ပါဘူး ပြောရတာပ) ကိုယ့်ကိုယ်ကိုယ် ကောင်းလှချည်ရဲ့လို့ကြော်ငြာမဝင်ပါ ဘူး။ ဒါပေမယ့် ဒုံးပေကတ်သပ် လုံးလည်လိုက်နေမယ့်အစား ငွေများများ မရရအောင်ရှာ။ ဘိန်းကုန်ပဲကူး ကူး၊ သိုက်ပဲတူးတူး၊ ပိုက်ဆံရှိလို့ လှူနိုင်တန်းနိုင် ပေးနိုင်ကမ်းနိုင်ရင် လူရာဝင်တဲ့အပြင် ဟိုဘက်တောင် လွန်သွားဦးမယ် ဆိုတဲ့ အတွေးမျိုးတော့ ကိုယ့်မှာ ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ ကေသရာဇာမှန်လို့ မြက်မစား တာ သီလလို့ ခေါ်သလား မေးချင်မေးပေါ့။ တလောကလုံး စားချင်တဲ့သူတွေစား၊ မစားတာ ကိုယ်တစ်ကောင်တည်းပဲ။

ဒါပေမယ့် ခြင်္သေ့။ ပါးစပ်ထဲက စိမ်းစိမ်းတွေကလား။ အဲ့ဒါ စားထားတာ မဟုတ်ဘူး။ လျှာမြက်ပေါက်နေ တာ။ လုပ်သက် အနှစ် ၂၀ မှာ ပိုင်ဆိုင်မှုတွေ ကြေငြာရရင် ခါးဝတ်ခါးစားတောင် ကိုယ်ဝယ်ဝတ်တာ မရှိဘူး။ သူများဆင်ထားတာချည့်ပဲ။ လခဆိုတာ လလယ်မရောက်ခင်ကုန်ရော။ ကိုယ့်မရှိတာတွေ ကြွားလေလေ၊ ကိုယ်ကျင့်သီလ အရောင်ထွက်လေလေမှန်း အခုမှပဲ သိတော့တယ်။ သူများတွေ အထင်ကြီးတာ မကြီးတာ ကိုယ့်စိတ်ထဲ ဘယ့်နှယ့်မှ သဘောမထားပါဘူး။

ကိုယ့်သမီး နားလည်လာတဲ့တစ်နေ့မှာ ဖွတ်ကလိဒင်္ဂါး ပါးရှားတဲ့၊ ရွှေဆိုလို့ စတိတောင် ဆင်စရာမရှိတဲ့၊ သူ့အဖေက လူတစ်ကိုယ်လုံး စိန်တစ်ပြည်စာလောက် ဆင်ထားတဲ့ ဘုရားတကာအလှူရှင်ကြီးတွေထက် ကုသိုလ်တွေအများကြီးပိုရမှာ လို့ နားလည်ရင် တော်ပါပြီ။ လံဘော်ဂီနီကြီးကို လည်ပတ်လှလှလေးနဲ့ လျှာတစ်လစ်ထုတ်ပြီးတက်စီးမယ့်အစားတော့ ခြေသာလျှင် ယာဉ်အဖြစ်ရှိပါစေတော့။ နောက်တခေါက် ကျရင် နေမိမင်းကြီးနဲ့ ငရဲပြည်ကို အလည်လိုက်သွားရအောင်နော်။

Soe Min

မှတ်ချက်များ