တပ်မတော်နှင့် ကိုးကန့် တပ်ပေါင်းစုတို့ တိုက်ပွဲဆက်လက် ဖြစ်ပွား လေယာဉ်များအသုံးပြုဟုဆို


တပ်မတော်နှင့် ကိုးကန့် MNDAA အဖွဲ့အပါဝင် တပ်ပေါင်းစု တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် တပ်မတော် ဘက်မှ ဗုံးကြဲလေယာဉ်များ ရဟတ်ယာဉ်များ အသုံးပြုခဲ့ကြောင်း ကိုးကန့် တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

"တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် အခုဖုန်းပြောနေတာ မတိုင်ခင် ၁ နာရီလောက် ကတည်းက စဖြစ်နေ တာ အခုအထိပဲ MIG 29 ၂ စီးပါတယ် ဟယ်လီကော်ပတာပါတယ် ၅ ခေါက်လောက်ရှိပြီ ဗုံးလာချသွားတာ ပုန်းဆေးရှမ်း ဘက်မှာပါ အကျဆုံးမသိရသေးဘူးတအာင်းကော ၊ ကိုးကန့်ကော ရခိုင်ကောပါတယ် အဲဒီ
နေရာ မှာ တိုက်နေတာ ‘ ဟု MNDAA ကိုးကန့်အဖွဲ့မှ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ဖောဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် ဖလားဝါးနယုးစ်သို့ ပြောသည်.။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပေ။

မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတဦးကမူ တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်း တပ်မတော်အရာရှိတဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဖလားဝါးနယုးစ်သို့ အတည်ပြု ပြောဆိုသည်။

‘ လားရှိုးကနေတော့ ရဟတ်ယာဉ်တွေကော တိုက်လေယာဉ်တွေကော ၀ဲနေတာတွေ့တယ် လောက်ကိုင် ဘက်ကို သွားမလို့များလားပဲ ‘ ဟု အမည်မဖော်လိုသူ လားရှိုးမြို့ခံ မျက်မြင် သက်သေတဦးက ပြောဆို သည်.။

တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ဖြစ် ပွားနေခြင်း ဖြစ်ပြီး တိုက်ပွဲများကြောင့် ကိုးကန့်ဒေသ မြို့တော် လောက်ကိုင်နှင့် ကုန်ကြမ်းမြို့တို့တွင် ပုဒ်မ ၁၄၄ ထုတ်ထားရပြီး ဒေသခံများမှာ တရုတ်ဘက်နှင့် သိန္ဒီ ၊ လားရှိုး အစရှိသော နယ်များသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

‘ကျန်မက တရုတ်ဘက်ကို ပြေးနေတာ မံစံဘက်ကိုရောက်နေတယ် ညဆို ညတိုင်း ပစ်ခတ်သံတွေ လက် နက်ကြိးသံတွေ ကြားနေရတယ် လောက်ကိုင်ဘက်ကနေ ညကဆိုအသံတွေအကျယ်ကြီးပဲ မီးခိုးတွေ ထွက်ထွက်လာတာလည်း လှမ်းမြင်နေရတယ’် ဟု တရုတ်နိုင်ငံ အတွင်းထွက်ပြေးတိမ်းရှောင်နေသူ မမိန်ချောရင်က ပြောသည်။

ကိုးကန့်ဒေသအတွင်း ၅ ရက်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ အရာရှိ ၅ ဦးအ ပါဝင် စစ်သည်တော် ၄၇ ဦးကျဆုံးခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။ လွန်ခဲ့သည့် သုံး ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကိုးကန့်အဖွဲ့မှ သုံး ဦးကျဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည က ဖြစ်ပွားခဲ့သော ကိုးကန့် ပြည်သူ့စစ်နှင့် MNDAA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ MNDAA ဘက်မှ ၂ ဦးကျဆုံးခဲ့ကြောင်း ဦးထွန်းမြတ်လင်းက ပြောသည်။

‘ဒီညက ဖြစ်တာက ရန်လုံကျိုင်းဘက်မှာ ပယ်စောင်ချိန်တို့ရဲ့ ပြည်သူ့စစ်တွေနဲ့ပေါ့ နောက်ပိုင်းကျန်တော်တို့ သူတို့ ခေါင်းဆောင်တဦးရဲ့ အိမ်ကို ၀ိုင်းတိုက်လိုက်တော့ အဲဒီ ပြည်သူ့စစ်တွေအကုန်လုံး ကျန်တော်တို့ ဆီ လက်နက်ချကြတယ် အခုဆိုရင် ပြည်သူ့စစ်မရှိတော့ဘူး။ တလောကလည်း အများကြီးဝင်လာတယ်။ ကျန်တော်တို့ကလည်း လူမျိုးအချင်းချင်း မသတ်ချင်ပါဘူး။ တချို့ စစ်မတိုက်ချင်သူတွေကိုတော့ လက်နက် သိမ်းလိုက်ပြီး သူတို့ နေရပ်မှာ ပြန်နေခွင့်ပေးထားတယ်’ ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

ဦးဖုန်ကြားရှင် ဦးဆောင်သည့် MNDAA ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြုနစ်ပါတီမှ ခွဲထွက်လာခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခင် တပ်မတော်အစိုးရ လက်ထက်က အပစ်ခတ်ရပ်စဲဖူးသည့် အဖွဲ့လည်း ဖြစ်သည်.။

ပြီးခဲ့သည့် ၂၀၀၉ ခုနစ်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ငြင်းဆန်ရာမှ မူးယစ်ဆေးဝါး ကိစ္စ ၊ လက်နက် မှုများဖြင့် လောက်ကိုင်ဒေသသို့ တပ်မတော်မှ ၀င်ရောက်သိမ်းပိုက်ရာတွင် အဖွဲ့မှာ ပျက်သလောက်ဖြစ် သွားခဲ့ပြီး ၂၀၁၂ ခုနစ် နှစ်ကုန်ပိုင်းမှ ပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့ သည့် တရုတ်မီဒီယာ တစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် လောက်ကိုင်ဒေသကို ပြန်လည် သိမ်းပိုက်မည် ဖြစ်ကြောင်း ဦးဖုန်ကြားရှင်က ပြောကြားခဲ့သည်။

မှတ်ချက်များ