ဆန္ဒပြကျောင်းသားများကို အကြမ်းဖက်ဖြိုခွဲခြင်းအပေါ် အမေရိကန်ပြည်ထောင်စုက ရှုတ်ချ


မတ်လ (၁၀) ရက်နေ့က လက်ပံတန်းမြို့ရှိ ပင်မကျောင်းသားသပိတ်ရှိ ဆန္ဒပြကျောင်းသားများကို ရဲတပ်ဖွဲ့ ၀င်များက နံပါတ်တုတ်များနှင့် ၀င်ရောက် အကြမ်းဖက်ဖြိုခွဲခြင်းအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Jen Psaki က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

“လွတ်လပ်စွာ စုဝေးခွင့်ဆိုတာ ဒီမိုကရတ်တစ် လူ့အဖွဲ့အစည်းတစ်ခုရဲ့ အခြေခံ အစိတ်အပိုင်းပါပဲ။ ငြိမ်း ချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲတာကို လက်မခံပါဘူး။ “ဟု ၎င်းက ပြောကြားခဲ့ သည်။


ထို့အပြင် လက်ပံတန်းမြို့တွင် ကျောင်းသားဦးရေ (၁၂၀)ကျော် ရိုက်နှက်ဖမ်းဆီးခံရမှုနှင့် ပတ်သတ်၍ စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို သင်တန်းပေးခဲ့သည့် ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်အဖွဲ့ကလည်း အဆိုပါ ကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက် ဖြိုခွင်းမှုများသည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ပြုပြင်ပြောင်းလဲမှုများ ရပ် တန့်နေကြောင်း စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာအသိုင်းအ၀ိုင်းက သုံးသပ်မှုများ ရှိနေသည်။

ကွန်ဂရက်လွှတ်တော်အတွင်း မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြောဆိုလေ့ရှိသည့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Joe Crowley နှင့် Republican ကိုယ်စားလှယ် Steve Chabot တို့က အဆိုပါ အကြမ်း ဖက်ဖြိုခွဲမှုအား လုံးဝလက်မခံနိုင်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွဲမှုများ ရပ်တန့်သင့်ကြောင်း ပြောဆိုခဲ့သည်။

” မြန်မာနိုင်ငံက ကျောင်းသားတွေဟာ မူဝါဒပြောင်းလဲဖို့ တောင်းဆိုနေကြတာပါ။ သူတို့ကို ရန်သူအနေနဲ့ သတ်မှတ်ပြီး ဆက်ဆံလို့ မရပါဘူး” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့အစည်း (Amnesty International) မှ Rupert Abbott ကလည်း လက်ရှိ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်ဖြိုခွဲမှုသည် မြန်မာနိုင်ငံတွင် တက်ကြွလှုပ်ရှားမှုများကို ဖိနှိပ်မှုများ ရှိနေသေးကြောင်း ဖော်ပြနေခြင်းဖြစ်သည်ဟု မတ်လ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။

EMG

မှတ်ချက်များ