ကြက်ငှက် ၆ သိန်းကျော် မုံရွာတွင် သုတ်သင်




ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်မှာရှိတဲ့ ကြက်နဲ့ ငုံးတွေအားလုံးနီးပါးကို မကြာခင် သုတ်သင်ရှင်းလင်းပြီး ရောဂါထိမ်းချုပ်နိုင်တော့မယ်လို့ တိုင်းဒေသကြီး အာဏာပိုင်တွေကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာမြင့်စိုးက “ရောဂါလုံးဝထိန်းချုပ်မယ်။ အကုန် လုံးရှင်းပစ်မှာ၊ တစ်ရက်နှစ်ရက်ဆိုပြီးတော့မှာ၊ ရှင်းပစ်ပြီးရင် ပိုးသတ်ဆေးဖြန်းမယ်”လို့ ပြောပါတယ်။

မုံရွာ မြို့နယ်မွေးမြူရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ထိန်လင်းကလည်း ‘ အကုန်အပြတ်ရှင်းနေကြတာပဲ။ အကောင်ရေကတော့ ကြက်က ၁ သိန်း ၄ သောင်းလောက်ရှိတယ်။ ငုံးက ၅၁ ခြံကို ၅ သိန်းလောက် ရှိမယ်။ ကျနော်တို့ သိရသလောက်တော့ နည်းနည်းပဲကျန်တော့တယ်။ အားလုံး ကုန်တော့မယ်။ ရောဂါဖြစ်တဲ့ဟာကို အကုန်ရှင်းပြီးသွားရင်တော့ ၂၁ ရက်ကြာရင် ပြန်စစ်ရမှာပေါ့။ ပြန်စစ်လို့ မတွေ့ရင် ကင်းပြီလို့ ပြောလို့ရတာပေါ့’လို့ ပြောပါတယ်။

မုံရွာပတ်ဝန်းကျင်မြို့နယ်တွေမှာတော့ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံမှု မရှိဘူးလို့ လည်း ပြောပါ တယ်။လတ်တလော အာဏာပိုင်တွေအနေနဲ့ မန္တလေးတိုင်းအပါအ၀င် စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေဖို့ ထိန်းချုပ်စီမံဆောင်ရွက်နေသလို တိုင်း အ၀င်အထွက် ဂိတ်တွေမှာလည်း ကားတွေကို စစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ်။

H5N1 ဗိုင်းရပ်ရောဂါဟာ လူကို ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ မုံရွာမှာ လူတွေ ကို ရောဂါကူးစက်မှု ရှိတယ်ဆိုတဲ့ သတင်းတွေမကြားသိရသေးပါဘူး။

ဒုညွန်ကြားရေးမှူး ဒေါက်တာမြင့်စိုးကတော့ ‘ပြည်သူလူထုကို ပြောချင်ကတော့ ကြက်ငှက်တုပ်ကွေးရောဂါ ဟာ လူကိုကူးစက်နိုင်တဲ့ အဆင့်ရှိတော့ အားလုံးသတိထားကြဖို့ပေါ့။ ရောဂါနဲ့ သေတဲ့ကြက်သားတွေကို မစားဖို့ ကြက်ကို သေသေချာချာ ကျက်အောင် ချက်စားကြဖို့ ကြက်ဥတွေဘာတွေ အစိမ်းမသောက်ကြဖို့ ကျက်အောင် ချက်စားကြဖို့ အဲဒါဆိုရင် ကူးစက်နိုင်ဖို့ အခွင့်အလမ်းနည်းပါးပါတယ်’လို့ပြောပါတယ်။

မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန်မှာ ကြက်ခြံ ၁၂၀ ၀န်းကျင်နဲ့ငုံးခြံ ၅၀ ကျော်ရှိတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလို့ ကြက်နဲ့ငုံးတွေ စတင်သေဆုံးခဲ့တာကြောင့် ဓာတ်ခွဲခန်းကိုပေးပို့ စစ်ဆေးရာမှာ H5N1 ဗိုင်းရပ်စ်ရောဂါပိုးဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

DVB

မှတ်ချက်များ