ယခုဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇၈၀၀ ကျော် ဝင်ရောက်


၂၀၁၄-၁၅ ဘဏ္ဍာနှစ်မကုန်မီ တစ်လအလို ဖေဖော်ဝါရီလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၈၆၁ သန်းကျော် ဝင်ရောက်ထားပြီး ယခင်နှစ်ကထက် ဒေါ်လာ သန်း ၃၀၀၀ ကျော် များပြားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်သည့် ကဏ္ဍဖြစ်ကာ ဒေါ် လာ သန်း ၃၂၂၀ အထိ ရှိကြောင်း MIC က ကြေညာသည်။

ဆက်သွယ်ရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများတွင်လည်း ဒေါ်လာသန်း ၁၆၀၀ ကျော်နှင့် ဒေါ်လာ သန်း ၁၄၀၀ ကျော်စီ အသီးသီး ဝင်ရောက်ထားကာ ယခု ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံမှာ စင်ကာပူ ဖြစ်ကြောင်း MIC ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ မြင့်တက်လာခြင်းနှင့်အတူ ပြည်ပပို့ကုန် မြင့်တက်လာရန်လည်း လိုအပ်ကြောင်း၊ ယင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရာတွင် ပြည်ပသို့ ကုန်ထုတ်လုပ် တင်ပို့မည့် လုပ်ငန်းများကို စိစစ်ခွင့်ပြုသင့်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကို က အကြံပြု ပြောကြားသည်။ 

“ပြည်ပပို့ကုန် မြင့်လာမှ နိုင်ငံခြားအရန်ငွေ ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မယ်။ ဒါကြောင့် ပြည်တွင်းရင်းနှီး
မြှုပ်နှံ မှု ကနေ ပြည်ပပို့ကုန် တိုးမြင့်အောင်လည်း အားပေးရမယ်။ ပြည်ပကနေ ဝင်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကနေလည်း ပို့ကုန်မြင့်အောင် အားပေးရမယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိမည့် လုပ်ငန်းများကိုလည်း စိစစ်ခွင့်ပြုရန် လိုကြောင်း ဒေါက်တာအောင်ကိုကိုက ထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံးနှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါး (၁၉,၉၉၈ သန်းကျော်) ဝင်ရောက်ခဲ့သည့် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်က ထုတ်ပြန်ထားသည်။

The Voice

မှတ်ချက်များ