ကက်ဂလီယာရီကို အိမ်ကွင်း၌ အနိုင်ရသည့်ပွဲတွင် အေစီမီလန် ပရိသတ်မှာ သပိတ်မှောက်
အစီမီလန် ပရိသတ် ထောင်ပေါင်းများစွာသည် အသင်းဥက္ကဌ ဘာလူစကိုနီ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး မကျေနပ်သဖြင့် အိမ်ကွင်းတွင် ကက်ဂလီယာရီကို အနိုင်ရသောပွဲ၌ သပိတ်မှောက်ခဲ့ကြ သည်။
ဘာလူစကိုနီ၏ လုပ်ကိုင်ဆောင်ရွက်ပုံများ ပိုမိုပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ကာဗာဆက်ဆိုသည့် ပရိသတ်အဖွဲ့အစည်းသည် အခြားပရိသတ်များ ပွဲတက်ရောက်မကြည့်ကြရန်နှင့် အသင်းမှ ရောင်းချသည့် ပစ္စည်းများကို မဝယ်ရန် တောင်းဆိုခဲ့သည်။ ဖိအားများနှင့် ရင်ဆိုင် နေရသည့် နည်းပြအင်ဇာဂီ၏ အေစီမီ လန်အသင်းသည် ကက်ဂလီယာရီကို မန်နက်ဇ်သွင်းယူသည့် ဂိုးနှစ်ဂိုးအပြင် မက်ဆက်သွင်းယူသည့်ဂိုး တစ်ဂိုးတို့ဖြင့် အနိုင်ရသောကြောင့် အမှတ်ပေးဇယားအဆင့် ခုနစ်နေရာသို့ တက်ရောက်နိုင်ခဲ့သည်။ ကက်ဂလီယာရီအတွက် ချေပဂိုး တစ်ဂိုးကို ဖာရီယက်စ်က ပြန်လည်သွင်းယူပေးခဲ့သည်။
ပရိသတ် ရှစ်သောင်းဆန့် ဆန်စီရိုကွင်းအတွင်းသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်အရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း ကွင်းအတွင်းနေရာ အတော်များများလွတ်နေခဲ့ပြီး လာရောက် ကြည့်ရှုသည့် အေစီမီလန် ပရိသတ်အချို့မှာလည်း 'ပွဲပြီးသွားပြီ'၊ 'အကြွေစေ့ထည့်ပြီး အေစီမီလန်ကို ကယ်ဆယ်ပါ' စသည့် စာတမ်းများ ကိုင်ဆောင်ခဲ့ကြသည်။
ဝေဘုန်းလူ - Mizzima

မှတ်ချက်များ