ခွဲစိတ်ခန်းမှ နှောင်ကြိုးများ (စ - ဆုံး)


ဆရာဝန်တစ်ယောက်၏ ဘ၀တွင် အမှတ်အရဆုံး နေ့ရက်များကို ပြောရမည်ဆိုလျှင် House Surgeon ဆိုသည့် အလုပ်သင်ဆရာဝန်ဘ၀ပင် ဖြစ်သည်။ ကျောင်းသားဘ၀မှ ဆရာဝန်တစ်ယောက်အဖြစ် စတင် ကူးပြောင်းသည့် ကာလ၊ စာတွေ့မှ လက်တွေ့သို့ ကူးပြောင်းသည့် ကာလ၊ ပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့ခွင့် ရခဲ့သော ကာလ၊ လူကြီးစဖြစ်သည့် အချိန်ဟုပင် ဆိုချင်ပါတော့သည်။

ထိုနေ့ရက်များသည် ပျော်စရာ အကောင်းဆုံး၊ အပင်ပန်းဆုံး၊ အမှတ်ရဆုံးသော နေ့ရက်များပင် ဖြစ်သည်။ သူငယ်ချင်းများ အတူတူ နေ့ရောညပါ ရဲဘော်ရဲဘက်တွေလို လှုပ်ရှားခဲ့ကြသည်။ ပတ်ဝန်းကျင် အသစ်တွင် ခံစားချက်များ မျှဝေခဲ့ကြသည်။ ခွဲစိတ်ခန်းတွင်းသို့ စတင်ကာ တာဝန်နှင့်တကွ ၀င်ခဲ့ရသော နေ့ရက်များ သည်လည်း အမှတ်တရ ရှိလှပါသည်။ အေးစက်တိတ်ဆိတ်လှသော ခွဲစိတ်ခန်းထဲသို့ စတင် ၀င်ရောက် သည်နှင့် ချွေးပျံခဲ့ကြရသည်။

မျိုးဆက်သစ် ဆရာဝန်လေးများအတွက် စိတ်ဖိစီးမှု အများဆုံး အခိုက်အတန့်များပင် ဖြစ်ပေတော့သည်။ ခွဲစိတ်ခန်းဟူသည် စည်းမျဉ်းစည်းကမ်း လွန်စွာ များပြားလှသည်။ ခွဲခန်းအတွင်းသို့ ၀င်လိုက်သည်နှင့် အ၀ါမျဉ်း၊ အနီမျဉ်းများဖြင့် စည်းခြားထားသည်။ အ၀တ်အစား မှစ၍ ဖိနပ်အထိ ကန့်သတ်ချက်များဖြင့် စနစ်တကျ ရှိလှပါသည်။ မတ်တပ်ရပ်နေသည်ပင် ပုံစံကျရသည်။ ရောက်ကာစတွင် မျက်စိသူငယ်၊ နား သူငယ်နှင့် လွန်စွာ စိတ်ဖိစီးရသည်။ ဆရာကြီးများ၏ ခွဲစိတ်မှု လက်ရာများကိုလည်း အားကျခဲ့ရသည်။ မိမိရော ထိုသို့ဖြစ်နိုင့်ပါ့မလားဟု အားငယ် စိတ်ပူခဲ့ရသည်။ ရှေ့ဆက်ရေးလျှင် အလုပ်သင် ဆရာဝန် ဘ၀သို့ တမ်းချင်း ဖြစ်ပေတော့မည်။

ခွဲစိတ်ခန်းအတွင်း ဆရာဝန် ပေါက်စလေးကို ချွေးပျံစေသော အရာများစွာထဲမှ ချုပ်ကြိုးနှင့် အပ်များ အကြောင်းကို သိသလောက် မျှဝေချင်ပါသည်။ ထိုအကြောင်းအရာ များကို ကျောင်းသားဘ၀တွင် သင်ခန်းစာအဖြစ် မသင်ခဲ့ရပေ။ အလုပ်သင်ဆရာဝန်ဘ၀တွင် လုပ်ရင်းကိုင်ရင်းဖြင့်သာ တတ်မြောက် သွားကြခြင်း ဖြစ်သည်။ ကျွန်ုပ်တွင် သီးသန့်မှတ်စုဟူ၍ပင် မရှိခဲ့ကြောင်း ၀န်ခံရပေလိမ့်မည်။ ထို့အတွက် အလုပ်သင်ဆရာဝန် ဖြစ်လတ္တံသော ညီငယ် ညီမငယ်လေးများ အတွက် ရည်ရွယ်ကာ စာတစ်ပုဒ် ရေးချင် စိတ်ပေါ်မိခြင်း ဖြစ်သည်။ ရှေ့ဆက်၍ ချုပ်ကြိုးနှင့် အပ်များအကြောင်းကို ဖော်ပြပါမည်။

ခွဲစိတ်ခန်းထဲတွင် runner တစ်ယောက် အနေနှင့် အပ်ကို ဖောက်ရသည်ပင် သေချာစွာ မသိထားပါက ပြသနာတစ်ရပ်ပင် ဖြစ်နေသည်။ အပ်ကို မဖောက်ခင် အချက် ၆ ချက်ကို သေချာဖို့လိုပေသည်။ ယခုလုပ်နေသော ခွဲစိတ်မှုတွင် လိုအပ်နေသော ချုပ်ကြိုးသည် မိမိလက်ထဲတွင် ရှိနေသော ချုပ်ကြိုးနှင့် အံဝင်ဂွင်ကျဖြစ်မဖြစ် အရေးကြီးသည်။ ထိုတွင် အပိုင်း ၂ ပိုင်းပါဝင်ပေသည်။

Suture >> size, type, length
Needle >> Size, type, Curvature

စုစုပေါင်း အချက် ၆ ချက် သေချာမှသာ ဖောက်ရမည်။

တစ်ခုချင်းစီအကြောင်းကို အသေးစိတ် ဆွေးနွေးသွားပါမည်။

(၁) Suture Size (ချုပ်ကြိုး၏ လုံးပတ်အရွယ်)

ချုပ်ကြိုး၏ လုံးပတ်အရွယ်ကို . . . . . . . 4/0, 3/0, 2/0, 1/0, 0, 1, 2, 3, . . . . စသည်ဖြင့် အရွယ်အစား မျိုးစုံစွာ ရှိပါသည်။ 0 သည် အလယ်ဖြစ်သည်။ 1 သည် 0 ထက်ကြီးသည်။ 1/0 သည် 0 ထက်ငယ်ပါသည်။ ထိုကဲ့သို့ အမျိုးအစားရွေးချယ်ခြင်းသည် ခွဲစိတ်သည့် ဆရာဝန်၏ စိတ်ကြိုက်ရွေးရသည် မဟုတ်၊ ချုပ်မည့် tissue အမျိုးအစားပေါ် မူတည်ပေသည်။

ဥပမာ -Uterus ကဲ့သို့ ထူထူတုတ်တုတ် အစိတ်အပိုင်းဆိုလျှင် 1 နှင့် ချုပ်ရပေမည်။
Sheath ဆိုလျှင် မြဲမြဲမြံမြံဖြစ်စေရန် 0 နှင့် ချုပ်ရမည်။
Fascia ဆိုလျှင် 1/0
Thick Skin – 0
Thin Skin – 2/0
Cornea ဆိုလျှင် 6/0
Bladder wall ဆိုလျှင် 3/0
Rectal mucosa ဆိုလျှင် 4/0
Postmorten ဆိုလျှင် ဗိုက်ပြန်ပိတ်ရာတွင် 6 ကိုသုံးသည်။ Decomposition ၀င်လျှင် ပြန်ပွင့်မထွက်သွားစေရန် ဖြစ်သည်။

(၂) ရှေ့ဆက်ပြီး Suture type နှင့် ပတ်သက်ပြီး ဆွေးနွေးသွားပါမည်။

ချုပ်ကြိုးတစ်ခု၏ သဘောသဘာဝကို လေ့လာလျှင်
Natural လား? (or) Synthetic လား ?
Absorbable လား ? (or) Non-absorbable လား ?
Monofilament လား ? (or) Braided/ multifilament လား ?

Absorbable or Non-absorbable ကို ဗဟိုပြုကာ ဆွေးနွေးသွားပါမည်။

Absorbable Suture ၆ မျိုး ရှိပါသည်။

(1) Cutgut (plain /Chromic) >> Natural
(2) Vicryl (Polygalactin) >> Synthetic / Braided
(3) PDS (Polydioxanone) >> Synthetic / Monofilament
(4) Monocryl (Poliglecaprone) >> Synthetic / Monofilament
(5) Maxon (Polyglyconate) >> Synthetic / Monofilament
(6) Daxon (Polyglycolic acid) >> Synthetic / Braided

အထက်ပါ ပျော်ဝင်နိုင်သော ကြိုး ၆ မျိုးတွင် Cutgut တစ်မျိုးတည်းသာ Natural ဖြစ်သည်။ ကျန် ၅ မျိုးမှာ synthetic ဖြစ်သည်။ Synthetic သည် ဈေးပိုကြီးကာ ပိုကောင်းသည်။

Cutgut ကို ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသော တိရိစ္ဆာန်များ၏ collagen မှ ထုတ်လုပ်သည်။ ထို့ကြောင့် တိရိစ္ဆာန်များ၏ protein များပါဝင်သဖြင့် allergic and inflammatory reaction များဖြစ်ပေါ်နိုင်ပါသည်။ Plain cutgut သည် tissue များကို ပိုမို ယောင်ယမ်းစေကာ tensile strength ကိုလည်း လျှော့နည်းစေပါသည်။ ထိုအချက်များကို လျှော့နည်းစေရန် ရည်ရွယ်ကာ potassium dichromate ထဲတွင် ထည့်စိမ်လိုက်ပါက Chromic cutgut ကို ရရှိပါသည်။ ပိုမို သက်တမ်းကြာရှည်ခံကာ inflammation ကို လျှော့နည်းစေသည်။ tensile strength ကိုလည်း ပိုမို ကောင်းမွန်စေပါသည်။

ထို့ကြောင့် uterus ချုပ်လျှင် Chromic Cutgut ကိုသုံးသည်။ Subcutaneous layer ထဲတွင် Bleeding point ဖမ်းလျှင် Plain Cutgut ကိုသုံးသည်။ ပျော်ဝင်လွယ်သောကြောင့် ရက်အနည်းငယ်တွင် ပျော်ပျောက်သွားမည် ဖြစ်သည်။

Monofilament ဆိုသည်မှာ တစ်မျှင်တည်းဖြစ်သောကြောင့် ပိုးမွှားများ ခိုအောင်းရန် မဖြစ်နိုင်ပေ။ ပိုးမွှားများ ကူးစက်နိုင်ချေ နည်းပါးသည်။ သူ၏ အားနည်းချက်မှာ ချည်ရခက်ခြင်းပင် ဖြစ်သည်။ အထုံးများစွာနှင့် ချည်ရသည်။ ပြေလွယ်သောကြောင့် ဖြစ်သည်။ PDS, Monocryl, Maxon ၃ မျိုးသည် monofilament များဖြစ်သည်။

Braided သည် တစ်မျှင်တည်း မဟုတ်ပေ။ အမျှင်ငယ်လေးများကို ကျစ်ထားခြင်းဖြစ်သည်။ သူ၏ အားသာချက်မှာ ချည်ရလွယ်ခြင်းဖြစ်သည်။ အားနည်းချက်မှာ ပိုးမွှားများ ခိုအောင်းနိုင်ခြင်းဖြစ်သည်။ Infection ၀င်လွယ်စေပါသည်။ Daxon နှင့် Vicryl သည် Braided ဖြစ်သည်။Monofilament နှင့်သာ ချည်ရန် လိုအပ်သော အခြေအနေမှလွဲ၍ Braided ကိုသာ သုံးသင့်သည်။ Intestine ကဲ့သို့သော tissue အမျိုးအစားကို ချုပ်ရန် monofilament သာ သုံးသင့်သည်။
ဥပမာ 4thdegree perineal tear

Chromic cutgut သည် ၁၄ ရက်မှ ၂၁ ရက်အတွင်းတွင် tensile strength ပျောက်ဆုံးကာ ရက် ၉၀ ကြာလျှင် ပျော်ကာ ပျောက်ကွယ်သွားပါသည်။

Vicryl သည် ၁၄ ရက်ကြာလျှင် tensile strength 35 % လျှော့နည်းစေပါသည်။ ၂၁ ရက်ကြာလျှင် ၆၀ % ၊ ၃၅ ရက်ကြာလျှင် ၉၀% လျှော့နည်းကာ ရက်ပေါင်း ၆၀ မှ ၉၀ အတွင်းတွင် ပျော်ကာ ပျောက်ကွယ်သွားပါသည်။

PDS သည် ၁၄ ရက်ကြာလျှင် tensile strength ၃၀ % လျှော့နည်းစေပါသည်။ ၂၈ ရက်ကြာလျှင် ၅၀ % ၊ ၅၆ ရက်ကြာလျှင် ၈၆ % လျှော့နည်းကာ ရက်ပေါင်း ၁၈၀ ခန့်အကြာတွင် ပျော်ကာ ပျောက်ကွယ်သွားပါသည်။

Maxon သည် PDS ထက် tensile strength ပိုမိုလျင်မြန်စွာ ပျောက်ကွယ်ပါသည်။

Monocryl သည် ၂၁ ရက်မှ ၂၈ ရက်အတွင်းတွင် ပျော်ဝင်သွားပါသည်။

Daxon သည် ရက်ပေါင်း ၂၀ အကြာတွင် tensile strength ၅၀% လျှော့နည်းသွားကာ ရက်ပေါင်း ၁၀၀ မှ ၁၂၀ အတွင်းတွင် ပျော်ဝင်ကာ ပျောက်ကွယ်သွားပါသည်။

Non-absorbable suture ၄ မျိုးရှိပါသည်။

(1) Prolene >> Synthetic / Monofilament
(2) Polyester >> Synthetic / Braided
(3) Silk >> Natural or semi-synthetic
(4) Nylon >> Synthetic / Braided

Prolene သည် အပြာရောင် ပြောင်ချောသော ချုပ်ကြိုးဖြစ်သည်။ Body reaction အလွန်နည်းသည်။ Allargic လည်း မဖြစ်နိုင်ပေ။ ပထမကလေးမွေးစဉ်က Sheath ချုပ်ထားသော prolene ကြိုးကို နောက်တစ်ကြိမ် ကလေးမွေး၍ ဗိုက်ဖွင့်သည့် အချိန်ထိ ပုံစံမပြောင်းဘဲ ရှိနေသည်ကို အားလုံးမြင်ဖူးကြပေလိမ့်မည်။ ထို့ကြောင့် inert ဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်သည်။ Tensile strength အလွန်ကောင်းသည်။ ချုပ်ရင်း cut through ဖြစ်မှာတောင် သတိထားရသည်။ Monofilament ဖြစ်သည့်အတွက် ချုပ်ရအနည်းငယ် လက်ဝင်သည်။ အဆုံးသတ်လျှင် ကြိုးထုံးကို ၇ ချက်ချည်ပြီး sheath ထဲတွင် ပြန်မြှုပ်ရသေးသည်။ မဟုတ်လျှင် ပြေလွယ်သည်။

[ဤတွင် sheath ချုပ်ရာ၌ နည်းလမ်းတစ်ခုကို ဆရာ Htunlin Aung မှ ဖြည့်စွက်ပေးပါသည်။

Sheath မှာ ၄ ချက်လိမ် သွင်း ထုံး ကြိုးသိမ်းချည်နည်းလေးကပိုကောင်းပါသည်။
ခုနောက်ပိုင်းတွင် OG များသုံးကြသည်။
Nylon ဆိုရင် ၇ ချက်ကအထုံးကြီးနိုင်ပါသည်။
Vicryl ဆိုရင်တော့ပြသနာမရှိ။
ပျော်သွားသောကြောင့် ဖြစ်သည်။
Comment တွင် ဆရာမှ photo နှင့် ရှင်းပေးထားပါသည်။]

Polyester သည် multifilament or braided ဖြစ်သည်။ ချည်ရ ပိုကောင်းသည်။ သို့သော် ဈေးအနည်းငယ် ပိုကြီးသည်။

Silk သည် natural ဖြစ်သည်။ အကယ်၍ bee wax နှင့် အုပ်ထားပါက semi-synthetic ဟုခေါ်သည်။ Non-absorbable ဖြစ်သော်လည်း ၂နှစ်လောက်ကြာလျှင် body ထဲမှ tissue နှင့် တစ်သားတည်း ဖြစ်သွားပေသည်။

နောက်ဆုံးတစ်မျိုးမှာ Nylon ဖြစ်သည်။ ရှေးယခင်က တွင်ကျယ်စွာ သုံးခဲ့သော်လည်း ယခု အသုံးနည်းသွားပြီဖြစ်သည်။ Nylon သည် body reaction လည်း နဲသည်။ Tensile strength လည်း ကောင်းသည်။ သူ၏ ချွတ်ယွင်းချက်မှာ memory များခြင်း ဖြစ်သည်။ ခွေကာ သိမ်းထားသော nylon သည် အမြဲ ပြန်ခွေချင်နေကာ၊ ဆန့်ကာ သိမ်းထားသော nylon သည် အမြဲဆန့်နေရန် ကြိုးစားသည်။ ချုပ်ထားသော ဒဏ်ရာများသည် ပိုကွေးသွားသည်လည်း ဖြစ်နိုင်သလို ပိုဆန့်သွားသည်လည်း ဖြစ်နိုင်သည်။

ရှေ့ဆက်ပြီး ချုပ်ကြိုး၏ အရှည်ကို ဖော်ပြပါမည်။

(၃) Suture length အမျိုးအစား ၃ မျိုး ရှိသည်။

(1) 75 စင်တီမီတာ
(2) 90 စင်တီမီတာ
(3) 150 စင်တီမီတာဟူ၍ အသီးသီး ဖြစ်သည်။ မည်သည့် အမျိုးအစားကို ရွေးချယ်ရမည်နည်း။

ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်းများကို ချုပ်ရန် ကြိုးသည် ဒဏ်ရာ၏ ၄ ဆ ရှိရသည်။ အရေပြားကို ချုပ်ရန် ကြိုးသည် ဒဏ်ရာ၏ ၂ဆ ရှိရသည်။ ချုပ်ကြိုးကို အလွန်အကျွံ ကပ်စေးမနည်းသင့်ပေ။ဤတွင် ချုပ်ကြိုးနှင့် ပတ်သက်သည့် ၃ ပိုင်း ပြည့်စုံပါပြီ။ ရှေ့ဆက်ပြီး အပ်နှင့် ပတ်သက်ကာ ဆွေးနွေးပေးသွားပါမည်။

(၄) Needle type

Round - အပ်တစ်ချောင်းလုံး လုံးချောဖြစ်နေသည်ကို round ဟုခေါ်ပါသည်။ Internal organ များကို ချုပ်ရန် ရည်ရွည်သည်။ ဥပမာ Liver, bladder . . .

Cutting - အပ်၏ အတွင်းသားတစ်ဖက် ဓါးသွားကဲ့သို့ ချွန်ထက်နေခြင်းဖြစ်သည်။ ထူထဲသော ဥပမာ tendon များကို ဖောက်ရန် ရည်ရွယ်ပါသည်။

Reverse cutting - အပ်၏ အပြင်သား တစ်ဖက် ဓါးသွားကဲ့သို့ ချွန်ထက်နေခြင်းကို reverse cutting ဟု ခေါ်ပါသည်။

အပ်၏ ထိပ်ကလေးသာ ချွန်နေခြင်းကို Tail pa cut ဟု ခေါ်ပါသည်။

ချုပ်မည့် tissue အမျိုးအစားပေါ် မူတည်ကာ ရွေးချယ်သင့်သည်။ အရေပြားကို round နှင့် ချုပ်မည်ဆိုပါက အပ်ချော်ကာ လိမ့်ပြီး ခွဲစိတ်မှုတွင် ပါဝင်သူများအားလုံး ထိခိုက်စေနိုင်ပါသည်။

(၅) Needle Curvature

အပ်၏ မည်မျှကွေးသည်ကို ဖော်ပြခြင်း ဖြစ်သည်။ စက်ဝိုင်းတစ်ဝိုင်းနှင့် နှိုင်းယှဉ်ကာ ဖော်ပြသည်။

Half Cycle - စက်ဝိုင်းတစ်ခု ၏ တစ်ဝက် ကွေးသည်။

One-third Cycle - စက်ဝိုင်းတစ်ခု ၏ သုံးပုံတစ်ပုံ ကွေးသည်။

One-fourth Cycle - စက်ဝိုင်းတစ်ခု ၏ လေးပုံတစ်ပုံ ကွေးသည်။

ထိုမျှမကသေးပါ။ အရွယ်အစား မျိုးစုံစွာ ရှိပါသေးသည်။ မည်သည့် အပ်ကို ရွေးချယ်ရမည်ဆိုသည်မှာ ဘယ်လောက်ကွေးကွေး နှိုက်ကာ ချုပ်ရမည်ပေါ်တွင် မူတည်ပေသည်။

(၆) Needle size

Needle size ကို millimeter ဖြင့် ဖော်ပြသည်။ ထိုအတိုင်းအတာသည် ကွေးနေသော အပ်ကို ဆန့်လိုက်ပါက မည်မျှရှည်သည်ကို ဖော်ပြခြင်း ဖြစ်သည်။ 13mm, 18mm, 20mm, 25mm စသည်ဖြင့် အရွယ်အစား မျိုးစုံစွာ ရှိပါသည်။

ဤတွင် ချုပ်ကြိုး နှင့် အပ် တွင် စစ်ဆေးရမည့် အပိုင်း ၆ ပိုင်း ပြည့်စုံပြီ ဖြစ်သည်။

ကျွန်ုပ်တို့တွင် မလိုအပ်သော အချို့ အကျင့်ကလေးများ ရှိသည်ကို တွေ့ရပေသည်။ လူတစ်ဦးနှင့် အမြင်မတူသဖြင့် ကွဲလွဲနိုင်ပါသည်။ ချုပ်ကြိုး ကပ်စေးနည်းခြင်းပင် ဖြစ်သည်။ ကုသိုလ်ဖြစ်ဆေးရုံတွင် လုပ်အားပေး လုပ်ဖူးပါသည်။ ထိုအခြေအနေမျိုးတွင် အလှူရှင်များ၏ အလှူကို လူနာ အရေအတွက် များများကို ကူညီနိုင်ရန် ချုပ်ကြိုးချွေတာခြင်းသည် သင့်မြတ်ပေသည်။ သို့သော် ထိုသို့မဟုတ်ပါက အလွန်အကျွံ ကပ်စေး မနည်းသင့်ပေ။ လူနာ အနေနှင့်လည်း အသက်ဘေးနီးသော ခွဲစိတ်မှုတစ်ခု လုပ်နေချိန်တွင် သူ့အား ပိုက်ဆံကုန် သက်သာစေရန် ဆရာဝန်များက ချုပ်ကြိုး ချွေတာပေးနေခြင်းအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဟု မထင်ပေ။ ကျေးဇူးရှင် ဆရာသမားတစ်ယောက်၏ ဆုံးမစကားကို လက်ဆင့်ကမ်းလိုပေသည်။

“လူနာတွေဟာ ဆင်းရဲလွန်းလို့ မုန့်ဟင်းခါးတောင် ၀ယ်မစားနိုင်ရင် မစားဘဲ နေမယ်။ သူတို့ကိုယ်ထဲမှာ သူတို့နဲ့ တူတူကျန်ခဲ့မယ့် ချုပ်ကြိုးကိုတော့ အရည်အသွေးညံ့မှာ ကြောက်ကြတယ်။ ဒါကြောင့် မင်းတို့ကလည်း မလိုအပ်ဘဲ ကြိုးအတိုလေးတွေကို ဆက်ပြီး သုံးတာမျိုးကို ရှောင်သင့်တယ်။ ချုပ်ကြိုးဟာ ဆက်ထုံးတွေ များလာရင် tensile strength အားနည်းလာမယ်။ မင်းတို့လူနာတွေအတွက် ရှိတဲ့ အခြေအနေမှာ အကောင်းဆုံးကို ဖန်တီးပေးရမှာ မင်းတို့တာဝန်ပဲ။ ဒါကြောင့် မလိုဘဲ အရမ်းကပ်စေးမနည်းကြနဲ့။ ဒီချုပ်ကြိုးတစ်ချောင်း ကုန်တာ သက်သာသွားလို့လည်း ငါတို့တိုင်းပြည် မတိုးတက်လာဘူး။ တိုင်းပြည်တိုးတက်ဖို့အတွက် အခြားနည်းလမ်းတွေနဲ့ တို့တွေ ကြိုးစားကြမယ် . . . . . . .”

အထက်ပါ အကြောင်းအရာများ အားလုံးတို့သည် ကျွန်ုပ်၏ မှတ်စုမှ ဖြစ်သည်။ သဘောပေါက်သလို မှတ်ထားသည်ကို ပြန်လည်မျှဝေခြင်း ဖြစ်သည်။ ထို့အတွက် လိုအပ်ချက်များ ရှိနေနိုင်ပါသည်။ ထပ်မံဖြည့်စွက်လိုသည်ဖြစ်စေ၊ အမှားပြင်ပေးလိုသည်ဖြစ်စေ comment တွင် ရေးပေးပါ။ Edit လုပ်ကာ ဖြည့်စွက်သွားပါမည်။ ပြီးပြည့်စုံသော မှတ်စုတစ်ခု ဖြစ်သွားစေရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တွင်ရှိသော မှတ်စုကို ညီငယ်၊ ညီမငယ်များအတွက် ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်သည်။

နေခြည် (ဆေး - ၂) ကွကိုယ် ရေးသည်။

မှတ်ချက်များ