ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်နှင့် တွေ့ဆုံခြင်း


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် မန္တလေးမြို့တော်မှ ဇန်နဝါရီလ ၂၀ ရက်က စတင်ချီတက် လာသော ဗကသ ပင်မသပိတ်စစ်ကြောင်းသည် လက်ပံတန်းမြို့တွင် မတ်လ ၃ ရက်ကစပြီး တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးမှု ခံခဲ့ရသည့်အတွက် ထိုင်သပိတ်အသွင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ရှေ့ဆက် ၍ ပင်မသပိတ်စစ်ကြောင်း လုပ်ငန်းစဉ်များနှင့် ပက်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အထွေထွေအတွင်းရေးမှူးနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မှော်ဘီနည်းပညာတက္ကသိုလ်၊ တတိယနှစ်ကျောင်းသူ မဖြိုးဖြိုးအောင်နှင့် The Voice တို့ တွေ့ဆုံမေးမြန်း ချက်များကို ဖော်ပြလိုက်ပါသည်။

Voice: ပင်မသပိတ်ကို လုံခြုံရေး ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတာ ရက်တော်တော်ကြာနေပြီ။ တကယ်လို့ ဒါက ရက်ရှည်ပုံစံမျိုးကြီး ဖြစ်သွားမယ်ဆိုရင် ကျောင်းသားတွေဘက်က ဘာဆက်လုပ်ဖို့ ရှိပါသလဲ။

PPA: ကျွန်မတို့ဘက်ကတော့ အဲဒီလို အဖြစ်ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ကလည်း ရက်ကြာရှည်ဖို့ သဘောထားမရှိဘူး။ ရက်မကြာကြာအောင် ကျွန်မတို့ကို ဒီမှာထိုင်နေတယ်လို့ မြင်ကြပါလိမ့်မယ်။ ထိုင်နေတာ မဟုတ်ပါဘူး။ တခြားအစီအစဉ်တွေလည်း လုပ်နေတာ အများကြီးပါ။ ကျွန်မတို့ အဲဒါတွေကို ထုတ်ဖော်ပြောကြားလို့ ရမှသာလျှင် ထုတ်ဖော်ပြောကြားမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာတော့ ကျွန်မတို့ အဲဒါတွေကို ပြောမှာမဟုတ်သေးပါဘူး။ ထုတ်ဖော်ပြောစရာလိုတဲ့ အချိန်မှာ ထုတ်ဖော်အသိပေးမှာ ဖြစ်ပါတယ်။

Voice: အချိန်ကြာလာတာနဲ့အမျှ ထိုင်သပိတ်ဆန္ဒပြတဲ့ ကျောင်းသားတွေမှာ ရာသီဥတုဒဏ်ကို ပိုခံရနိုင်ပါတယ်။ လောလောဆယ် ကျန်းမာရေး အခြေအနေကရော ဘယ်လိုအခြေအနေ ရှိပါသလဲဗျ။

PPA: ကျွန်မတစ်ဦးတည်း အနေအထားအရတော့ တစ်ရက်မှ ခံနိုင်ရည် မရှိဘူးလို့ မြင်ပါတယ်။ တစ်ရက် လည်း တစ်ရက်အလျှောက် အားလျော့သွားတာပဲ။ လတ်တလော အနေအထားအရ ဘာသင်္ကေတမှ မပြပေမယ့် နောင်တစ်ချိန်မှာ ဒီလိုဒဏ်ခံခဲ့တာတွေက ပြန်ပြီးတော့ ရေရှည်ကျန်းမာရေးအတွက် ထိခိုက်မယ်လို့ ကျွန်မ အမြဲတမ်း စိတ်ပူတယ်။ မူးလဲသွားမှ ရောဂါဖြစ်တာတော့ မဟုတ်ဘူး။ ဒီမှာ ထိုင်နေတဲ့သူတွေ အနှေးနဲ့အမြန်၊ အနည်းနဲ့အများတော့ ခန္ဓာကိုယ်အင်အား ဆုတ်ယုတ်တာတွေ ကိုယ်ခံအားလျော့နည်းတာတွေ သူတို့မှာ ရှိနေတယ်။ ကျွန်မ တစ်ဦးတည်း သဘောထားအရဆိုရင် တစ်ရက်မှကို ဆက်မထိုင်စေချင်တော့ဘူး။

Voice: ဒီရာသီဥတုနဲ့ဆိုရင် တစ်ရက်တောင် မခံနိုင်ဘူးဆိုရင် ဘာဖြစ်လို့ အခုလို ဆက်လုပ်နေတာလဲ မသိဘူး။ ရှင်းပြပါဦး။

PPA: ဒီလိုကျောင်းသားတွေ ခံနေရတာကို မကြည့်ရက်ဘူး။ ဒါသူတို့အတွက် အင်အားဆုံးရှုံးတယ်လို့ မြင်တယ်။ ဒါပေမဲ့ ဒီလိုမှ မလုပ်ရင် တခြားနည်းလမ်း မရှိဘူး။ လောလောဆယ် အနေအထားမှာ တခြား နည်းလမ်း မရှိဘူး။ ခုလို အပိတ်ခံထားရတာကို ဘုန်းကြီးကျောင်းထဲ ပြန်ဝင်လိုက်ရင် ကျွန်မတို့ တိုက်ပွဲကို ဘယ်တော့မှ အလျှော့ပေးတော့မှာ မဟုတ်ဘူး။ ကျွန်မတို့လည်း ရောက်ချင်တဲ့ နေရာကို ရောက်မှာ မဟုတ်ဘူး။ နဂိုကတည်းက ဒီမှာပဲ ဆက်နေပါလို့ ပြောရင်တော့ ကျွန်မတို့က ပုံစံတစ်မျိုးပေါ့။ ကျွန်မတို့ ကျောင်းသားတွေက ဘယ်တစ်ဦးတစ်ယောက်မှ နောက်ပြန်ဆုတ်ဖို့ ဆန္ဒမရှိပါဘူး။

Voice: မတ်လ ၃ ရက်နေ့ကစပြီး ဒီနေ့အချိန်ထိ ရဲတပ်ဖွဲ့ဘက်က ပိတ်ဆို့ထားတာနဲ့ ပတ်သက်လို့ လက်ရှိ အခြေအနေအပေါ်မှာရော ဘယ်လိုသုံးသပ်မိပါသလဲ။

PPA: လက်ရှိအနေအထားအရ ဘာရလဲဆိုရင် ဒုံရင်းက ဒုံရင်းပဲ။ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အစည်း အဝေးကနေ ခုချိန်ထိ ကျွန်မတို့ ဘာမှ လက်ဆုပ်လက်ကိုင် မရသေးဘူး။ ပြင်ဆင်မယ် ဆိုတာတောင်မှ ပြောလို့မရသေးဘူး။ ကျွန်မတို့ ပြင်ထားတဲ့ ဥပဒေကြမ်းကို ကိုင်ပြီးတော့မှ ပြင်ဆင်မှာလား၊ ပညာရေး ဝန်ကြီးဌာနက တင်ထားတဲ့ ဥပဒေကြမ်းကို ကိုင်ပြီး ပြင်ဆင်မှာလား ဆိုတာ ကျွန်မတို့အတွက် ဘာမှ အာမခံချက်မရှိဘူး။

 ဒီထဲမှာလည်း ဘယ်လို အရေးကြီးအချက်တွေ ဖယ်ရှားခံရမလဲ ကျွန်မတို့ မသိဘူး။ လက်ရှိအနေအထား အရ ဒုံရင်းက ဒုံရင်းပဲ၊ ဘာမှ လက်ဆုပ်လက်ကိုင် မရသေးဘူး။ အဲဒီတော့ ကျွန်မတို့သပိတ်က ဆက်ရမှာ ပဲ။ ဒါပေမဲ့ လက်ရှိက ဆက်ချီတက်ဖို့ကလည်း မဖြစ်ပြန်ဘူး။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိစ္စ။ နောက် တစ်ခုက ဆရာတော်တွေရဲ့ စာမေးပွဲတွေ။ ဒါတွေလဲ အရေးကြီးတဲ့ စာမေးပွဲတွေပဲ။ ကျွန်မတို့ တိုင်းပြည် ဘာသာရေး အနေအထားအရပေါ့။ နောက်တစ်ခုက လွှတ်တော်ရဲ့ လုပ်ငန်းစဉ်ကိုလည်း စောင့်ကြည့်ရ မယ်ဆိုတော့ ကျွန်မတို့က ဒါကိုလည်း လက်ခံရမှာ။ 

ကျွန်မတို့ကတော့ သေချာတယ်။ အိမ်ပြန်ရမယ် ဆိုတာလည်း လက်ခံရမယ့် အရှိတရားပဲ။ အိမ်ပြန်တယ် ဆိုတာ အစိုးရ လိုချင်သလို သပိတ်လှန်ပြန်ပြီး အိမ်ပြန်လို့တော့ မရဘူး။ ကျွန်မတို့ကို ပိတ်ဆို့တားဆီးဖို့ကိုပဲ အစိုးရက ကြိုးစားတယ်။ ကြိုးစားတဲ့အခါ နိုင်ငံ့ဘဏ္ဍာငွေ၊ ပြည်သူ့ဘဏ္ဍာ ငွေကြေးကုန်ကျမှု အင်မတန်များ တယ်။ ဒီလောက် လူအင်အားအများကြီးကို နေရာဒေသ အသီးသီးက ခေါ်လာတယ်။ တစ်နေ့ထက် တစ်နေ့ ကုန်ကျစရိတ်တွေ၊ နောက် ဒီနေရာတင် မဟုတ်ဘူး။ 

လမ်းတစ်ကြောလုံး ပိတ်ဆို့တားဆီးမှုတွေ တောက်လျှောက်ကို လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒါက ကျွန် မတို့ကို ဘယ်မှမထွက်နိုင်အောင် လုပ်ထားရုံနဲ့ အပြင်က လူတွေ မပေါင်းနိုင်အောင် လုပ်ထားရုံနဲ့ ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘူး။ သူတို့ဘက်မှာလည်း ကြာလာတဲ့အမျှ အခြားပြဿနာတွေ ရှိလာမယ်။ ကျွန်မတို့ ဘက်မှာလည်း ကြာလာတာနဲ့အမျှ ကျောင်းသားတွေရဲ့ ကျန်းမာရေး ပြဿနာတွေ ရှိလာမယ်။ ပြီးတော့ သူတို့နဲ့ ကျွန်မတို့ကြားထဲမှာလည်း ပဋိပက္ခတွေ၊ လက်ပံတန်းဒေသမှာ ရှိတဲ့ မိဘပြည်သူတွေ ပိတ်ဆို့တားဆီး ထားသူတွေနဲ့ ကြားထဲမှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကြာလာတာနဲ့အမျှ အဲဒီ ပြဿနာတွေ ပေါ်လာမှာ ပဲ။ ပြဿနာဇာစ်မြစ်က ဘာလဲ။ 

ကျွန်မတို့ အိမ်ပြန်ရေး အစီအစဉ်ပဲ။ အိမ်ပြန်ရေး အစီအစဉ်ကို ကျွန်မတို့ပြောတယ်။ ခက်ခက်ခဲခဲ မဟုတ် ဘူး။ အစိုးရတစ်ရပ် အနေနဲ့ ဒီဟာလေးကို အကြီးကြီးလို့ ယူဆပြီးတော့ ကိုင်တွယ်နေတာကိုက အခြား
သော ရည်ရွယ်ချက် တစ်စုံတစ်ရာ ရှိလိမ့်မယ်လို့ ကျွန်မတို့ ယူဆတယ်။ သေချာတာကတော့ ဒါလေးကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် နောက်ဖြစ်လာမယ့် ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပြီးသား ဖြစ် လိမ့်မယ်။

Voice: လတ်တလော လူမှုကွန်ရက်တချို့မှာ သပိတ်မှာ ငွေကြေးကိစ္စ အရှုပ်အရှင်းရှိတယ် ဆိုပြီး ရေးသားလာတာတွေ တွေ့ရတယ်။ အဲဒီအပေါ်မှာ ဘာများပြောချင်ပါသေးလဲ။

PPA: ကျွန်မတို့မှာ အမည်မသိတဲ့ ပိုက်ဆံတွေ မရှိပါဘူး။ ဥပမာ- အလှူရှင်မသိဆိုတဲ့ ပိုက်ဆံတွေ မရှိပါဘူး။ စာရင်းဇယားတွေနဲ့ ရှိပါတယ်။ ငွေကြေးမှန်သမျှ အလှူလာတဲ့ ငွေကြေးမှန်သမျှ လူခွဲပြီးတော့ ဒီမှာဆိုလည်း ကိုမြတ်သူပေါ့။ ဘဏ္ဍာရေးမှူး နှစ်ယောက်လုံးက မရှိဘူး။ ၁၅ ဦး ကော်မတီဘဏ္ဍာရေးမှူးက ကိုအောင်နေ ပိုင်ပါ။ သူ့ဆီမှာ သူ့ဆီရောက်လာတဲ့ စာရင်းဇယား အတိအကျ ရှိတယ်။ သူ့ဆီက ထုတ်သုံးတဲ့ စာရင်းဇ ယား အတိအကျ ရှိတယ်။ နောက် ဗကသက မဟန်နီဦးဆီမှာလည်း အလားတူပါပဲ။ 

ကိုမြတ်သူဆီမှာလည်း အလားတူပဲရှင့်။ စာရင်းဇယားတွေ အကုန်လုံး အတိအကျ ရှိပါတယ်။ ထုတ်ပြန်မယ် ဆိုရင်တော့ ခုချိန်ထုတ်ပြန်ဖို့ မဖြစ်နိုင်သေးဘူး။ ကျွန်မတို့ အားလုံးက ဒီထဲမှာ ရှိနေတဲ့အတွက်၊ ကျန်တဲ့ အလုပ်တွေ လုပ်နေရတဲ့အတွက်။ နောက်ပိုင်း လိုအပ်လာရင် ထုတ်ပြန်ဖို့ အဆင်သင့် ရှိပါတယ်။ တိတိ ကျကျ သိချင်ရင်တော့ ကျွန်မတို့ကို ဆက်သွယ်လို့ ရပါတယ်။ ပိုက်ဆံကိစ္စ အပြင် တိုက်ခန်းနဲ့ ကားကိစ္စ။ အစတုန်းကတော့ မရှင်းချင်ဘူး။

 Facebook ပေါ် ကနေ ဘယ်သူမှန်း မသိဘဲ အကောင့်အတုတွေနဲ့ တင်တဲ့ကိစ္စကို အဓိပ္ပာယ် မရှိဘူးလို့ ယူဆတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ အဲဒီလူတွေက မရှင်းတဲ့ အတွက်ကြောင့်မို့ ဟုတ်နေတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့။ ကျွန်မတို့ဆီမှာ ဘယ်သူကပေးမှန်း မသိတဲ့ အရာတွေလည်း မရှိပါဘူး။ တိုက်ခန်းလို၊ ကားလို ကိစ္စကို လက်ဆုပ်လက်ကိုင်နဲ့ အများသူငှာ သိအောင် ထုတ်ဖော်နိုင်ရင် ထုတ်ဖော်ကြပါ။ ကျွန်မ တို့ဆီမှာ အဲဒီလို တိုက်ခန်း၊ ကားဆိုတာ ဘယ်သူမှမ ပေးပါဘူး။ ဒါကိုလဲ ကျွန်မတို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်ရှင့်။

Voice: ကျောင်းသားသပိတ်ကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ထိခိုက်နိုင်တယ်ဆိုပြီး စိတ်ပူနေကြတာ ရှိပါတယ်။ အစ်မတို့အနေနဲ့ ဆယ်တန်းစာမေးပွဲရက်မှာ သပိတ်နားမှာလား။ နားဖို့ရှိလား သိချင်ပါတယ်။
PPA: ဆယ်တန်းစာမေးပွဲရက်ကို ကျွန်မအမြင်အရ ပြောမယ်ဆိုရင် တချို့ပြည်သူတွေ စိတ်ပူနေတာ ရှိ တယ်။ သပိတ်က ဆယ်တန်းစာမေးပွဲကို အနှောင့်အယှက် ပေးနိုင်မလား ဆိုတော့ အဓိက အနှောင့်အ ယှက်ပေးတာ ကျွန်မတို့ သပိတ်ကြောင့် မဟုတ်ဘူးရှင့်။ သပိတ်ကို အကြောင်းပြုပြီးတော့ အစိုးရက ရွှေ့ လိုက်မှာကို မိဘတွေက စိုးရိမ်နေတာပဲ။ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တယ်။

 သေချာတယ် ဒီကနေ ရန်ကုန်ကိုသွားပြီး ရွှေတိဂုံဘုရားမှာ အခမ်းအနားလုပ်တာ ဆယ်တန်းစာမေးပွဲကို ဘာမှ ထိခိုက်စရာ အကြောင်းမရှိဘူး။ ဒါကိုမြင်လိမ့်မယ် ထင်တယ်။ ရွှေတိဂုံဘုရားပေါ်မှာ ဆယ်တန်း
ကျောင်းသားတွေက စာလာကျက်မှာတော့ မဟုတ်ဘူး။ မိနစ်နှစ်ဆယ်၊ နာရီဝက်လောက်ပဲ။ ပြီးရင် အိမ်ပြန် မှာ။ ဒါကြောင့် သပိတ်က ဆယ်တန်းစာမေးပွဲကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ သပိတ်ကို အကြောင်းပြပြီး ဆယ်တန်းစာမေးပွဲကို ရွှေ့ဆိုင်းလိုက်မှာကို စိတ်ပူတာပါ။

Voice: သပိတ်လမ်းကြောင်းနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ထပ်လုပ်ဖို့ရော စီစဉ်နေသေးလား။
PPA: NNER မှာတော့ တောက်လျှောက်လည်း ပြောနေခဲ့ပါတယ်။ သမ္မတဆီပို့တဲ့ စာမှာလည်း ရေးထား ပါတယ်။ အဓိကတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက အမြဲတမ်း လိုအပ်နေတယ်ပေါ့။ ပြီးခဲ့တဲ့ လေး ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ရလဒ်က ဥပဒေကြမ်းပေါ့နော်။ ဒါက အစိုးရ အကောင်အထည် မဖော်နိုင် ခင်အချိန်ထိ တောက်လျှောက်ပေါ့။

 လေးပွင့်ဆိုင် ဆွေးနွေးမှုကတော့ ဥပဒေကို အတည်မပြုနိုင်ခင် အချိန်အ ထိ၊ ရလဒ်တစ်ခု မထွက်လာခင် အချိန်အထိ၊ လေးပွင့်ဆိုင် သတောတူတဲ့ ဥပဒေ အတည်မပြုနိုင်ခင်အထိ ဆက်ရှိနေသင့်တာတော့ အမှန်ပါ ပဲ။ ဒါမှ ပြဿနာကို ဖြေရှင်းရာမှာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်နဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေက ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ကြေညာချက်ထဲမှာ ပါပါတယ်။ ဥပဒေကြမ်း ဆက်လက်အတည်ပြုရေး အတွက်လည်း လေးပွင့်ဆိုင် ဆက်လက်ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ယူသွားမည် ဆိုတာမျိုးပေါ့။ ဒီလိုအ ချက်မျိုး ပါဝင်တာ ဖြစ်တဲ့အတွက် လေးပွင့်ဆိုင်တွေ့ဆုံရေး ပြီးဆုံးလို့ အစိုးရက ဆက်လက် တာဝန်မရှိတော့ ဘူးလို့ ပြောလို့မရပါဘူး။ ဥပဒေပြုရေးမှာ လိုအပ်တဲ့ အရာတွေကို အစိုးရဘက်က ဝင်ရောက် တာဝန်ခံ တာမျိုး ဖြစ်သင့်ပါတယ်။

Voice: လက်ရှိ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်မှုတွေ ဖြစ်နေသလို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရတာတွေ လည်း တွေ့လာရတယ်။ ဒါက တာဝန်ရှိသူတွေ အနေနဲ့ ပင်မသပိတ်စစ်ကြောင်းကို အကြမ်းနည်းနဲ့ ဖြိုခွင်းဖို့ စီစဉ်နေတယ်လို့ရော ထင်လား။

PPA: ကျွန်မ ပြောခဲ့ပါသေးတယ်။ ကျွန်မတို့ တိုင်းပြည်မှာက ပြဿနာတွေ အများကြီး ရှိတယ်။ ကျောင်းသားဆို လည်း ကျောင်းသားအလျောက်ပေါ့။ အလုပ်သမားဆိုလည်း အလုပ်သမား အလျောက်ပေါ့။ ပြဿနာတွေ အများ ကြီးရှိတယ်။ အဓိက ပြဿနာရဲ့ ဇာစ်မြစ်ကို ရှာပြီးတော့ ဖြေရှင်းဖို့ လိုပါတယ်။ အဲဒီလို ပြဿနာရဲ့ ဇာစ်မြစ်ကို မရှာဖွေဘူး။ အစိုးရတစ်ရပ်ရဲ့ တာဝန်ကို မခံချင်ဘူးဆိုရင် အကြမ်းဖက်တဲ့ နည်းလမ်းတို့၊ ဖမ်းဆီးထိန်းသိမ်း တဲ့ နည်းလမ်းတို့၊ လက်နက်အားကိုး နည်းလမ်းမျိုး သုံးနေမယ် ဆိုရင်တော့ ကျွန်မတို့ တိုင်းပြည်က အဖြေ မှန်ကို ဘယ်တော့မှရမှာ မဟုတ်ပါဘူး။ တကယ်တမ်း ကျွန်မတို့တိုင်းပြည် အပြောင်းအလဲကို စဖြေရှင်းဖို့ နည်းလမ်းမှန်မှန်နဲ့ အပြောင်းအလဲ စလုပ်ဖို့ လိုအပ်နေပြီ ဆိုတာ အမှန်တရားပါ။

နေဇာကျော် - the voice

မှတ်ချက်များ