ကိုးကန့်တပ်ဖွဲ့အင်အား ၅၀၀၀ ခန့်ရှိဟု ပြောခွင့်ရသူဆို

ကိုးကန့်တပ်ဖွဲ့ဝင်တဦး
လက်ရှိ တပ်မတော်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ လောက်နဲ့ ရင်ဆိုင် တိုက်ခိုက်နေတာလို့ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၉ ရက်က တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ တပ်ဖွဲ့ဝင်အင်အား ၁၀၀၀ လောက်ပဲရှိခဲ့ပြီး အခု တိုက် ပွဲဖြစ်ပွားတာ တလလောက်ကြာမြင့်ချိန်မှာတော့ အခုလို တပ်ဖွဲ့အင်အားတိုးလာတာဟာ ဒေသခံကိုးကန့် တိုင်းရင်းသားတွေလည်း တပ်ဖွဲ့ထဲ ၀င်လာတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူလူထုကထောက်ခံတာပေါ့နော်၊ သူတို့က တပ်ထဲဝင်ချင်တယ်၊ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ အမျိုးသား
ရေးကို ကာကွယ်ပေးမယ်ဆိုပြီး တပ်ထဲ ၀င်လာကြတာကြောင့်ပါ။”

တပ်ဖွဲ့ဝင်အင်အား ၅၀၀၀ မှာ တအောင်းပလောင်နဲ့ ရခိုင်အမျိုးသားတပ် အင်အားတို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်ဖွဲ့ထဲ အသစ်ဝင်ရောက်လာတဲ့ ဒေသခံတွေဟာ လောက်ကိုင်နဲ့ ကုန်ကြမ်းဒေသတို့က ဖြစ်ပါ တယ်။

မတ်လဆန်းပိုင်းက နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ တိုက်ပွဲအရှိန်လျော့ကျပြီး တိုက်ပွဲ မဖြစ်သလောက်ပဲလို့ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ရှမ်းပြည်အရှေမြောက်ပိုင်း လောက်ကိုင်ဒေသမှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၉ ရက်က စလို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်သေဆုံးမှု ရှိခဲ့သလို အရပ်သားသေဆုံးမှုလည်း ရှိခဲ့ပါတယ်။

ရွှေအောင် | DVB

မှတ်ချက်များ