လွိုင်ကော်မြို့တွင်း ရောင်းချသော ဓါတ်ဆီဆိုင်များကို အရေးယူမည်


နွေရာသီ ကာလအတွင်း မီးဘေး အန္တာရာယ် ကြိုတင်ကာကွယ်သည့် အနေဖြင့် လွိုင်ကော်မြို့ အတွင်း ရောင်းချနေသော ဓါတ်ဆီဆိုင်များကို ရောင်းချခြင်း ခွင့်ပြုတော့မည် မဟုတ်ကြောင်း လွိုင်ကော်မြို့နယ် အထွေထွေ ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ကပြောသည်။

“၁၁ ရက်နေ့ နောက်ပိုင်းမှာ ပိတ်ဖို့ပေါ့ စာထုတ်ထားတယ် မလိုက်နာရင်တော့ အရေးယူရမယ်ပေါ့ ” ဟုပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့တွင်းတွင် တပိုင်တနိုင် ရောင်းချနေသော ဓါတ်ဆီဆိုင်ပေါင်းများစွာ ရှိပြီး မတ်လ ၁၁ ရက်နေ့ မှစ၍ လွိုင်ကော်မြို့ဝင်များတွင် သတ်မှတ်ပေးထားသော နေရာများတွင် ရောင်းချသွားရန် တရားဝင်စာ ထုတ်ထားကြောင်း သိရသည်။

အစိုးရသတ်မှတ်ထားသော မြို့ပြင် နေရာများတွင် ရောင်းချပါက သာမန် တနိုင်တပိုင် စီးပွားရေးသမား များက ဆီဆိုင်ကြီးများကို မယှဉ်ပြိုင် နိုင်သော်လည်း မိမိအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းကို လိုက် နာမည်ဖြစ်ကြောင်း လွိုင်ကော်မြို့ရွှေတောင်ရပ်ကွက်တွင် ဓါတ်ဆီရောင်းချနေသူ တစ်ဦးကပြောသည်။

“မီးဘေးအတွက်ဆိုတော့လည်း လိုက်နာရမှာပေါ့ ”ဟု ပြောသည်။

လွိုင်ကော်မြို့တွင်းရှိ ဓါတ်ဆီဆိုင်များနှင့် မြို့နှင့်ဆက်စပ်နေသော ကျေးရွာ ၊ရပ်ကွက်များအထိပါ ပိတ်သိမ်းရ မည် ဖြစ်ပြီး ဆက်လက်ရောင်းချလိုပါက တရာဝင်သတ်မှတ်ပေးထားသော နေရာများတွင် သွားရောက် ရောင်းချသွားရမည်ဟု သိရသည်။

“သွားထည့်ရမှာတော့ တော်တော်ဝေးတယ် လမ်းတစ်ဝတ်လောက်မှာပဲ ငါးရာဖိုးလောက် ကုန်မှာလေ ဒါပေမယ့် ကောင်းပါတယ် စည်းကမ်းရှိရှိ ဖြစ်သွားတာပေါ့ အမြဲတမ်းလုပ်နိုင်ရင်ကောင်းတာပေါ့ ”ဟု လွိုင်ကော်မြို့မှ ကိုဖြိုးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

လွိုင်ကော်နောင်ယား (က) ရပ်ကွက်မှ ဆီဆိုင်ဖွင့်ထားသော ဦးဇော်ဝင်းနိုင်ကတော့ “ငါတို့မြန်မာပြည်မှာ ဆင်းရဲသား ပပျောက်အောင် လုပ်နေတဲ့ကိစ္စငါတို့မှာ ရှိတဲ့ဟာလေးရင်းနှီးပြီးတော့ ဒီအန္တရာယ်မဖြစ်
အောင်တော့ ငါတို့လုပ်နေကြတာပဲ။ အရောင်းအ၀ယ်မှာတော့။ ငါတို့ဒါလေး ရောင်းစားနေလို့ငါတို့ ဘ၀တွေ ရပ်တည်နေကြတာ” ဟုဆိုသည်။

လတ်တလောတွင် လမ်းဘေးဆီဆိုင်များသည် များသထက် များလာပြီး လွန်ခဲ့သော (၃)နှစ်မှာလည်း ၎င်းဆီဆိုင်တွေကြောင့် မီးလောင်မှုတွေလည်းရှိခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။

စက်သုံးဆီဆိုင်များဖွင့်မည်ဆိုလျှင် စွမ်းအင်ဝန်ကြီးဌါနမှ လျှောက်ရမည်ဖြစ်ပြီး လိုက်နာရမည့်အချက်များ၊ သတ်မှတ်ထားသောအချက်များပြည့်စုံမည်ဆိုလျှင် တရားဝင် လျှောက်နိုင်ကြောင်း သိရပါသည်။

ဓါတ်ဆီမရောင်းချရန် ကန့်သန့်သည့် နေ့ရာများမှာ လွိုင်ကော်မြို့နှင့် ဆက်စပ်နေသည့် ပန်ကန်းကျေးရွာ၊ မြေနီကုန်း၊ ချိကယ်ကျေးရွာ များပါဝင်ပြီး လတ်တလောတွင် လွိုင်ကော်မြို့ပေါ် လူစည်ကားသည့် နေရာများတွင်သာ ကန့်သန့်ထားဦးမှာ ဖြစ်ကြောင်း သိရသည်။

လမ်းဘေး ဆီဆိုင်များကို မပိတ်ပဲ ဆက်ရောင်းမည်ဆိုပါက ဒဏ်ငွေ(၅)သိန်းဖြင့်သော်လည်းကောင်း၊ ထောင်ဒဏ် (၆)လမှ (၃)နှစ်အထိ ဖြင့်သော်လည်းကောင်း အရေးယူသွားမည်ဖြစ်ကြောင်း မီးသတ်ဌာနမှ သိရသည်။

ဆန်းဖြိုးထွန်း၊ ဖြိုးဝေအောင် - ကန္တာရဝတီတိုင်း(မ်)

မှတ်ချက်များ