မီးခိုးငွေ့များကြောင့် ချင်းမိုင်လေဆိပ်တွင် လေယာဉ်အတက်အဆင်းမလုပ်နိုင်

ဓာတ်ပုံ - news.voicetv.co.th
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှာ ရက်အတန်ကြာ မှုန်မှိုင်းနေတဲ့ မီးခိုးမြူမှုန်တွေကြောင့် ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ အခြေအနေပိုမိုဆိုးရွားလာပြီး ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်တွေ အတက်အ ဆင်းတွေ မလုပ်နိုင်ဘူးလို့ သဗွိုက်စ်ထိုင်းရုပ်သံသတင်းက ထုတ်ပြန်ပါတယ်။

ချင်းမိုင်လေဆိပ်ကနေ ဒီကနေ့ မွန်းလွဲတစ်နာရီ သတင်းပေးပို့ချက်ရ ထွက်ခွာသွားရမယ့် လေယာဉ်ခရီးစဉ်
တွေ ရွှေ့ဆိုင်းထားရတဲ့အတွက် လေဆိပ်မှာ ခရီးသည်တွေ ပြည့်နှက်နေပြီး ဘန်ကောက် ဒွန်းမောင်းလေ ဆိပ်က ထွက်ခွါလာတဲ့ လေယာဉ်တွေလည်း ဆင်းသက်နိုင်ခြင်းမရှိတော့ဘဲ ဘန်ကောက်ကို လှည့်ပြန်သွား ရ တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

လေထုထဲ မီးခိုးမှုန်ထူထပ်မှု ထုတည်ပမာဏနဲ့ ပတ်သက်ပြီး ထိုင်းလေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာန က မတ်လ ၁၆ ရက် တိုင်းတာ ထုတ်ပြန်ရာမှာ မယ်ဟောင်ဆောင်ခရိုင်ဟာ ၃၀၂ မိုက်ခရိုဂရမ်နဲ့ အဆိုး ဆုံးဖြစ်နေပြီး ချင်းရိုင်ခရိုင်က ၂၉၈ မိုက်ခရိုဂရမ် နဲ့ ဒုတိယ အဆိုးရွားဆုံး၊ အဲဒီနောက် ဖယောဝ်းခရိုင်က ၂၄၆ မိုက်ခရိုဂရမ် နဲ့ ချင်းမိုင်ခရိုင်ကတော့ ၂၃၄ မိုက်ခရိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။

လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနက ညွှန်းကိန်း ၁၈၀ မိုက်ခရိုဂရမ်ကို အန္တရယ်ရှိတဲ့ စိုးရိမ်မှတ်အဖြစ် သတ်မှတ်ထားတဲ့အတွက် အဲဒီခရိုင် ၄ ခုမှာဆိုရင် စိုးရိမ်မှတ်ကို စံချိန်ချိုးသွားပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာရေးဌာနကလည်း ပြည်သူတွေ အထူးသဖြင့် သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ လူမမာတွေအနေနဲ့ လေဟာပြင်ထဲ မထွက်ကြဖို့၊ ထွက်ဖို့ လိုအပ်ရင်လည်း မျက်နှာဖုံးတွေ စွပ်ထားဖို့ သတိပေးကြေညာထားပါတယ်။

DVB

မှတ်ချက်များ