Pam မုန်တိုင်း ဒုက္ခသည်ကို ကူညီဖို့ ပစ္စည်းတွေ ရောက်ပြီ


Vanuatu ​နိုင်ငံမှာ ​Pam ​လို့ခေါ်တဲ့ ​ဆိုင်ကလုန်းမုန်တိုင်းကြောင့် ​ဒုက္ခရောက်သူတွေကို ​ကူညီမယ့် ​ပစ္စည်းနဲ့ ​ရိက္ခာတွေ ​ရောက်ရှိနေပြီလို့ ​သိရပါတယ်။

မုန်တိုင်းအဆင့် ​၅ ​ရှိတဲ့ ​မုန်တိုင်းကြောင့် ​ရွာလုံးကျွတ် ​မုန်တိုင်းထဲ ​ပါသွားတာတွေလည်း ​ဖြစ်ခဲ့ပြီး ​အနည်း ဆုံး ​လူ ​၁၀ ​ဦး ​သေဆုံးခဲ့ရပါတယ်။ ​အဲဒီမုန်တိုင်းဟာ ​တစ်နာရီကို ​ကီလိုမီတာ ​၂၇၀ ​ပြင်းအားရှိပြီး ​နေအိမ်တွေ၊ ​လှေတွေ၊ ​တံတားတွေ၊ ​လမ်းတွေကိုပါ ​ဖျက်ဆီးလိုက်တာ ​ဖြစ်ပါတယ်။

သောကြာညမှာ ​ဝင်ပြီး ​စနေနေ့အထိ ​ဖြတ်သန်း ​တိုက်ခတ်ခဲ့တာပါ။ ​Vanuatu ​နိုင်ငံသာမက ​ပစိဖိတ် ​သမုဒ္ဒရာ ​ဒေသက ​ဆော်လမွန်ကျွန်းနိုင်ငံ၊ ​Kiribati, ​Tuvalu ​နဲ့ ​ဖီဂျီလို ​နိုင်ငံတွေမှာလည်း ​ထိခိုက်မှုတွေ ​ဖြစ်ခဲ့ရပါတယ်။

Vanuatu ​နိုင်ငံမှာတော့ ​အပျက်အစီးများပြီး ​တနင်္ဂနွေနေ့တုန်းကတော့ ​မြို့တော် ​Port ​Vila ​မှာ ​အရေးပေါ် ​အခြေအနေ ​ကြေညာထားပါတယ်။ ​ဝေဟင်ပေါ်ကနေ ​လေ့လာမှု ​လုပ်တဲ့အခါ ​တချို့ ​ကျေးရွာတွေမှာ ​အိုးအိမ်တွေ ​မရှိတော့ပဲ ​ပြားချပ်နေတယ်လို့ ​လေယာဉ်မှူးတစ်ဦးက ​ပြောပါတယ်။

အဲဒီလို ​ကျေးလက်ဒေသမှာ ​ပျက်စီး ​သေဆုံးမှုတွေ ​ပိုများနိုင်တယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

သြစတြေးလျနိုင်ငံက ​လေယာဉ် ​သုံးစင်းကိုလည်း ​မနေ့က ​ပို့ဆောင်ခဲ့သလို ​ဒီကနေ့မှာလည်း ​စစ်လေယာဉ် ​နှစ်စင်း ​Vanuatu ​နိုင်ငံမှာ ​ရောက်ရှိနေပြီး ​ကျန်မာရေးအမှုထမ်းတွေ၊ ​ရှာဖွေကယ်ဆယ်ရေး ​အမှုထမ်းတွေနဲ့ ​အရေးပေါ် ​အခြေအနေမှာ ​လိုအပ်တဲ့ ​ပစ္စည်းတွေကို ​တက်ဆောင်ထားပါတယ်။

အဲဒီလို ​ပစ္စည်းတွေ ​ချပြီးတာနဲ့ ​Vanuatu ​နိုင်ငံမှာ ​သောင်တင်နေတဲ့ ​သြစတြေးလျနိုင်ငံသားတွေကို ​ပြန်တင် လာမယ်လို့ ​သိရပါတယ်။

အခုလောလောဆယ် ​သြစတြေးလျ ​နိုင်ငံသား ​သုံးထောင်လောက် ​Vanuatu ​နိုင်ငံမှာ ​ရောက်ရှိနေပြီး ​သက်ကြီးရွယ်အိုနဲ့ ​ကလေးတွေကို ​ဦးစားပေးပြီး ​ပြန်ခေါ်လာမယ်လို့ ​ပြောပါတယ်။

နယူးဇီလန်နိုင်ငံက ​ဟာကျူလီ ​ရဟတ်ယာဉ်ကလည်း ​ထောက်ပံ့ရေး ​ပစ္စည်း ​၈ ​တန်ကို ​ကနဦး ​ပို့ဆောင်ပေး ပြီး ​နောက်ပိုင်းမှာ ​တဖြေးဖြေး ​ဆက်လက်ပို့ဆောင် ​သွားမှာ ​ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံနဲ့အတူ ​Vanuatu ​နိုင်ငံကို ​၁၉၈၀ ​အထိ ​အုပ်ချုပ်ခဲ့တဲ့ ​ဗြိတိန်ကတော့ ​ဒေါ်လာ ​၃.၈၆ ​သန်း ​ကူညီမှာဖြစ်ပြီး ​နယူးဇီလန်ကတော့ ​၂.၅ ​သန်းလျူဒါန်းမှာ ​ဖြစ်ပါတယ်။

သြစတြေးလျကတော့ ​၅ ​သန်း ​လျူဒါန်းဖို့ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ကတိပေးထားပါတယ်။ ​လိုအပ်ရင် ​ထပ်မံကူညီပေးသွားဖို့ ​ရှိတယ်လို့လည်း ​ဆိုပါတယ်။

ဒုက္ခရောက်နေတဲ့ ​ကာလအတွင်း ​လုယက်မှု ​တချို့လည်း ​ဖြစ်ပေါ်နေတဲ့အတွက် ​ကာဖြူးအမိန့် ​ထုတ်ပြန် မယ်လို့ ​Vanuatu ​အစိုးရက ​ပြောပါတယ်။

Pam ​ဆိုင်ကလုန်းဟာ ​ဖိလစ်ပိုင်နိုင်ငံကို ​၂၀၁၃ ​ခုနှစ်တုန်းက ​ဝင်ရောက်ခဲ့တဲ့ ​ဟိုင်ရန် ​မုန်တိုင်းလောက် ​ပြင်းထန်မှု ​ရှိတယ်လို့ ​သိရပြီး ​ဖိလစ်ပိုင်နိုင်ငံမှာတော့ ​လူပေါင်း ​၆၀၀၀ ​ကျော် ​သေဆုံးခဲ့ရပါတယ်။

ABC Radio Australia

မှတ်ချက်များ