ဆိုးလ်တွင် အမေရိကန် သံအမတ်ကို တိုက်ခိုက်သူသည် မြောက်ကိုရီးယားနှင့် ဆက်နွှယ်မှု ရှိနိုင်ဟုဆို
အမေရိကန် သံအမတ်ကို ဓားဖြင့် ရမ်းကား တိုက်ခိုက်ခဲ့မှုသည် မြောက်ကိုရီးယား၏ ကြိုးကိုင်မှုနှင့် ဆက်နွှယ်နိုင်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မတ်လ ၅ ရက်က ဆိုးလ်မြို့တွင် အမေရိကန် သံအမတ် မာ့ခ်လစ်ပတ် မိန့်ခွန်းပြောနေစဉ်အတွင်း အသက်(၅၅)နှစ်အရွယ် အမျိုးသား တစ်ဦးက မျက်နှာကို ဓားဖြင့် ဝင်ခုတ်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် လစ်ပတ် အနေဖြင့် ဒဏ်ရာ ကြီးကြီးမားမား ရရှိပြီး အချက်(၈၀)မျှ ချုပ်ခဲ့ရကြောင်း သိရသည်။
တောင်ကိုရီးယား ရဲတပ်ဖွဲ့သည် ကင်မ်ကီဂျွန် အမည်ရှိ အမျိုးသားကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ သည်။ ၎င်းသည် ယခင်က မြောက်ကိုရီးယားသို့ မကြာခဏ ဝင်ရောက်ခဲ့သည့် အထောက်အထား ရှိနေကြောင်း ရဲများက ပြောကြားခဲ့သည်။ ကင်မ်သည် ယခုအခါ လူသတ်ရန် ကြံစည်မှုဖြင့် စွဲချက်တင်ခံ ထားရသည်။
တောင်ကိုရီးယား မီဒီယာများက ကင်မ်သည် ကိုရီးယား အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်ပတ်လည် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် လစ်ပတ်ကို တိုက်ခိုက်ခြင်းဟု အစောပိုင်းက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား ထောက်လှမ်းရေးက ကင်မ်သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း မြောက်ကိုရီးယား ဘက်သို့ အနည်းဆုံး (၇)ကြိမ်မျှ အလည်အပတ် သွားရောက်ခဲ့ကြောင်း ဆိုသည်။ “မြောက်ကိုရီးယားကို သူသွားခဲ့တာက အမေရိကန် သံအမတ်အပေါ် ကျူးလွန်တဲ့ ဒီရာဇဝတ်မှုနဲ့ ပတ်သက်မှု ရှိမရှိ ဆိုတာကို ကျွန်တော်တို့ စစ်ဆေးနေဆဲပါ”ဟု ဆိုးလ်မြို့လယ်၊ ဂျွန်နိုခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ယွန်းမြောင်ဆွန်က ပြောကြားခဲ့သည်။
တောင်ကိုရီးယား နိုင်ငံသား အများစုသည် ရန်သူတော် နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ရန် လက်ရှောင်လေ့ ရှိကြကြောင်း သိရသည်။ ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀ မှ ၁၉၅၃ ခုနှစ်ထိ ဖြစ်ပွားသော စစ်ပွဲအပြီး ယနေ့တိုင် တင်းမာသော အားပြိုင်မှုများ ရှိနေဆဲ ဖြစ်သည်။
7day

မှတ်ချက်များ