ထောက်ခံချက်ရရှိပြီး သောက်ရေသန့်များကို သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ လေးလတစ်ကြိမ် စစ်ဆေးမည်ဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသည့် ရေသန့်ဘူးအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးကိုလည်း ကျပန်းနမူနာ ကောက်ယူ၍ ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
တင်ပြလျှောက်ထားသည့် သောက်ရေသန့် လုပ်ငန်းများနှင့် ထောက်ခံချက်ရရှိပြီး သက်တမ်းရှိ သောက်ရေ သန့်လုပ်ငန်းများ ဈေးကွက်နမူနာ စစ်ဆေးချက်အရ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိလျှင်သော် လည်းကောင်း၊ အရည်အသွေးပြည့်မီမှု မရှိလျှင်သော် လည်းကောင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ကို ဆိုင်းငံ့ကြောင်း၊
သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေး ကော်မတီမှတစ်ဆင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းကို တားမြစ်စေခြင်း၊ လုပ်ငန်းသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ပြီး ကိုက်ညီ မှုရှိမှသာ ပြန်လည်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချစေခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ပေးနေပြီး ကြီးကြပ်ကွပ်ကဲရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ အရည်အသွေး စိစစ်ထောက်ခံချက် မရှိသည့် သောက်ရေသန့်လုပ်ငန်း များပြားနေပြီး တစ်နိုင်ငံလုံး အနေဖြင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အရည်အသွေးပိုင်း ထောက်ခံချက်ပေးထားသည့် သောက်ရေသန့်လုပ်ငန်းပေါင်း ၇၁၉ ခုရှိကြောင်း သိရသည်။
ထို့ပြင် သိုလှောင်ထုတ်လုပ်မှုစနစ်နှင့် သန့်ရှင်းမှု မရှိခြင်းကြောင့် ဈေးကွက်အတွင်း ရောင်းချနေသည့် ပြည်တွင်းထုတ် သောက်ရေသန့် တံဆိပ်များတွင် ဗက်တီးရီးယားပိုးများ ပါဝင်နေသည့်အတွက် ထုတ်ပြန် ခဲ့သည်။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက် ရရှိထားသည့် သောက်ရေသန့် လုပ်ငန်းများအနက် ရန်ကုန်တိုင်းဒေသကြီး၌ ၂၅၂ ခု၊ မန္တလေးတိုင်းဒေ သကြီး၌ ၁၀၆ ခု၊ ပဲခူးတိုင်းဒေသကြီး၌ ၅၁ ခု၊ မကွေးတိုင်းဒေသကြီး၌ ၂၇ ခု၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၃ ခု၊ တနင်္သာရီ တိုင်းဒေသကြီး၌ ၁၄ ခု၊ ဧရာဝတီတိုင်းဒေသကြီး၌ ၃၆ ခု၊ မွန်ပြည်နယ်၌ ၂၆ ခု၊ ရှမ်းပြည်နယ်၌ ၈၈ ခု၊ ကချင်ပြည်နယ်၌ ၂၅ ခု၊ ကရင်ပြည်နယ်၌ ၁၆ ခု၊ ကယားပြည်နယ်၌ လေးခု၊ ချင်းပြည်နယ်၌ တစ်ခု၊ ရခိုင်ပြည်နယ်၌ ၁၃ ခု၊ နေပြည်တော်ကောင်စီနယ်မြေ၌ ၂၇ ခုရှိကြောင်း သိရသည်။
အိသဉ္ဇာကျော်
အိသဉ္ဇာကျော်

မှတ်ချက်များ