လက်ပံတန်းတွင် ဆန္ဒပြကျောင်းသားတချို့ ဖမ်းဆီးခံရ




လက်ပံတန်းမြို့ မြို့မ (၁) လမ်း၊ မြို့မဈေးအနီးတွင် ယနေ့နံနက် ၉ နာရီ ၂၀ ခန့်က ကျောင်းသားသပိတ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်းသားလေးဦးနှင့် ကျောင်းသူတစ်ဦးကို ရဲတပ်ဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများက ခွင့်ပြုမိန့်တင်ရန် လာရောက်ပြောဆိုရာမှ အပြန်အလှန် အချေအ တင်ဖြစ်ခဲ့ပြီး ၉ နာရီခွဲခန့်တွင် ကျောင်းသားများကို လုံထိန်းကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

ထိုသို့ ဖမ်းဆီးစဉ် အနီး၌ သတင်းရယူနေသော ဧရာဝတီ သတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်ကိုပါ ရဲတပ်ဖွဲ့ဝင်များက ဆွဲယူဖမ်းဆီး သော်လည်း အတူ သတင်းယူနေသော သတင်းထောက် များက အတင်းပြန်လည် ဆွဲယူလိုက်သောကြောင့် ဖမ်းဆီးခေါ်ဆောင်မှု မခံခဲ့ရပေ။

“သူ့ကိုဖမ်း သူကိုဖမ်း ဆိုပြီးတော့ ရဲတွေက ဆွဲတာ။ မီဒီယာသမားတွေပါ ပစ်မှတ်ထားတဲ့ သဘောဖြစ်နေ ပြီ” ဟု ကိုစိုင်းဇော်က ဆိုသည်။

ဖမ်းဆီးခဲ့စဉ် အတူရှိနေသော သတင်းထောက်များက ကိုစိုင်းဇော်မှာ သတင်းထောက်ဖြစ်ကြောင်း အော် ဟစ်ပြောဆိုသော်လည်း သယာဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က သတင်းထောက်ဖြစ်ပါက အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ဆိုကာ လုယက်သည့် သတင်းထောက်များကို တားမြစ်ခဲ့သည်။

အဆိုပါကျောင်းသားများမှာ လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံထားရသည့် ပင်မသပိတ်စစ်ကြောင်းမှ ကျောင်း သားများ ဖြစ်ပြီး လေးဦးနှင့် ရန်ကုန်တွင် မတ်လ ၅ ရက်နေ့က အကြမ်းဖက် ဖြိုခွင်းခံရသည့် ကျောင်းသား များနှင့် လက်ပံတန်းတွင် အပိတ်ခံထားရသည့် ကျောင်းသားများအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

လတ်တလောတွင် ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူများ အပါအဝင် ရဲတပ်ဖွဲ့ဝင်များနှင့် သပိတ်စခန်း ခေါင်းဆောင်များ၊ သံဃာတော်များ သပိတ်စခန်းအနီးတွင် ဆွေးနွေးနေကြကြောင်း The Voice သတင်းထောက်က ဆက်လက်သတင်းပေးပို့သည်။

The Voice

မှတ်ချက်များ