မွေးရာပါ အရေပြားရောဂါဆန်းတခု ခံစားနေရတဲ့ ကလေးနှစ်ယောက် ဆေးကုသမှု ခံယူ





ရှားပါးထူးဆန်းတဲ့ အရေပြားရောဂါတမျိုး မွေးရာပါ ခံစားနေရတဲ့ ကလေးငယ် နှစ်ယောက်ကို လူမှုအ သင်းတွေရဲ့ ကူညီမှုနဲ့ အခုလက်ရှိ မန္တလေးဆေးရုံကြီး အရေပြားဌာနက အရေပြားအထူးကု ဆရာဝန်ကြီးများနဲ့ ပြသနေပြီး ဒါဟာ မွေးရာပါ အရေပြားရောဂါဖြစ်ကာ ရေဓာတ်ချို့တဲ့မှု ချွေးထွက်ပေါက် ပိတ်ဆို့နေမှုတွေကြောင့်နဲ့ ကျောက်ကပ်ရောဂါ ပေါင်းသွားတာကြောင့် ဖြစ်တယ်လို့ ကနေဦး ဆေးစစ်ချက်တွေအရ ဆရာဝန်တွေက မှတ်ချက်ပေးပါတယ်။

မကွေးတိုင်း တောင်းတွင်းကြီးမြို့ အနောက်ဘက် ကန်တော်ကျေးရွာက မအိအိဖြိုး (၁၅နှစ်)နဲ့ မောင်ရှိုင်းဝဏ္ဍ (၁၁နှစ်)တို့ဟာ မွေးရာပါ တကိုယ်လုံးပူလောင်နေရပြီး အရေပြားမှာ အက်ကွဲကာ အမြဲတမ်း ရေစွတ်ပေး
နေရတဲ့ ရောဂါဆန်းကို ခံစားနေကြရပါတယ်။ မိခင်က ဆုံးပါးခဲ့ပြီး ဖခင်ဖြစ်သူကလဲ အိမ်ထွက်သွားခဲ့တဲ့ သူတို့ မိသားစုမှာ အကိုကြီးဖြစ်သူက ကျွေးမွေးစောင့်ရှောက်ခဲ့ရပြီး မွေးချင်းမောင်နှမ ၆ယောက်ထဲမှာ သူတို့ ၂ယောက်က အခုလိုရောဂါခံစားနေရတာပါ။

ရောဂါခံစားနေရတဲ့ ကလေးတွေကို ရွာမှာ နဂါးဝင်စားသူ အယူအဆတွေနဲ့ ပုတ်ခတ်ပြောဆိုနေကြလို့ ကလေးတွေက ကျောင်းတောင်မနေရဲပဲ အိမ်တွင်း ပုန်းအောင်းနေခဲ့ကြရတယ်လို့ ကူညီပေးနေသူတွေက ဆိုကြပါတယ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ (DVB)

မှတ်ချက်များ