၎င်း၏ လူနေမှုဘဝအပေါ် ဝေဖန်သူများကို ဘာလော့တယ်လီ တုံ့ပြန်တိုက်ခိုက်


မိမိ၏ လူနေမှုဘဝကို ဝေဖန်နေသူများအား လီဗာပူးလ် တိုက်စစ်မှူး မာရီယို ဘာလော့တယ်လီက Instagram မှတစ်ဆင့် အရွဲ့တိုက် တုံ့ပြန်သွားခဲ့သည်။

အီတလီ လက်ရွေးစင် ကစားသမားသည် နွေရာသီ ဈေးကွက်တွင် ပေါင်စတာလင် (၁၆)သန်းဖြင့် အေစီမီလန်မှ ပြောင်းရွှေ့လာပြီးနောက် လီဗာပူးလ်တွင် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသည်။ အသက်(၂၄)နှစ်ရှိ ကစားသမားသည် မန်နေဂျာ ဘရန်ဒန် ရော့ဂျာ၏ အသင်းတွင် ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့် မသေချာဘဲ ဖြစ်နေပြီး ရာသီကုန်တွင် အန်းဖီးလ်မှ ထွက်ခွာရလိမ့်မည်ဟု သတင်းကြီးလျက် ရှိသည်။ ၎င်းသည် ပြင်ပလူနေမှု ဘဝနှင့် ပတ်သက်ပြီးလည်း ဝေဖန်ခံရမှုများ ရှိနေရာ ယင်းသို့ ဝေဖန်သူများကို ဘာလော့တယ်လီက တုံ့ပြန်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

၎င်းက ဗီဒီယို ဖြတ်ပိုင်းငယ် တစ်ခုကို Instagramတွင် လွှင့်တင်ပြီး အဆိုပါ ဗီဒီယိုထဲတွင် “မင်းငါ့ကိုသိ လား။ ငါနဲ့ လူချင်းတွေ့ပြီး စကားပြောဖူးလား။ ငါ့ဘဝမှာ ဘာတွေတွေးတောနေသလဲ ဆိုတာကို မင်းသိလား။ ကွင်းထဲမှာ ငါဘောလုံး ကစားနေတာလောက်ပဲ မင်းတွေ့ဖူးတာပါ။ သေချာပါတယ်။ ပါးစပ်ပိတ်ထားစမ်းပါ ငါ့ကောင်ရာ”ဟု ပြောကြားထားသည်။ ဘာလော့တယ်လီသည် ယခင်ကလည်း Twitterပေါ်တွင် ပုံတစ်ပုံ လွှင့်တင်ရာမှ အငြင်းပွားဖွယ် အခြေအနေအချို့ ကြုံရပြီးနောက် FA၏ တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည်။

Soccer Myanmar

မှတ်ချက်များ