၂၀၁၅ မေ ၃၀ တွင် နယူးဇီလန် မှာ စတင် ကျင်းပတော့မည့် အသက် ၂၀ အောက် ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် မြန်မာလူငယ် အသင်းလည်း တစ် သင်းအပါအဝင် ဖြစ်သဖြင့် ဒီ ယူ ၂၀ လူငယ်လေးများ သည် နိုင်ငံ့ဂုဏ် ကိုဆောင်နိုင်ခဲ့ကြတဲ့ သူရဲကောင်း လေးများဖြစ်တယ် ဆိုတာ မြန်မာ ပြည်သူတစ်ရပ်လုံးက လက်ခံထား ခဲ့ကြပါတယ်။
မြန်မာ လူငယ် အသင်း ကမ္ဘာ့ ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့လမ်းကြောင်းကတော့ ၂၀၁၄ ယူ ၁၉ အာရှ ချန်ပီယံဖလားပွဲမှာ ဆီမီးဖိုင်နယ် အထိ တက်ရောက် နိုင်ခဲ့သဖြင့် ဥဇဘတ်ကစ္စတန် ၊ မြောက်ကိုးရီးယား၊ ကာတာ အသင်းတို့ နှင့် အတူ ၂၀၁၅ နယူးဇီလန် မှာ ကျင်းပမည့် ကမ္ဘာ့ ဖလား ယူ ၂၀ ပွဲကို ဝင်ရောက် ယှဉ်ပြိုင် နိုင်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ အသင်းဟာ အာရှဖလား ယူ ၁၉ အုပ်စု အေ တွင် ထိုင်း၊ အီရန်၊ ယီမင် အသင်း တို့ နှင့် ယှဉ်ပြိုင် ခဲ့ကြပါတယ်။ အုပ်စုပွဲ ယီမင် နှင့် ပထမ ပွဲ မှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါပေမဲ့ ဒေသတွင်း ပြိုင်ဘက် ထိုင်း ကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အုပ်စု နောက်ဆုံး ပွဲ အီရန် နှင့် ပွဲမှာ ၂-၀ ဖြင့် ဆုံးနိမ့်ခဲ့ပေမဲ့ ယီမင် နှင့် အမှတ်တူ ဂိုးကွာခြားချက် အသာ ဖြင့် အုပ်စု ဒုတိယရရှိခဲ့ကာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။ (ယီမင် က အုပ်စု ပထမ ပါ)။
ကွာတားဖိုင်နယ် မှာ မြန်မာ ထက် အစစ အရာရာ သာလွန် တဲ့ ယူအေအီး နှင့် တွေ့ဆုံခဲ့ပြီး မြန်မာအား ကစားသမားများရဲ့ အနိုင်မခံ အရှုံး မပေးလိုတဲ့ ဇွဲ၊ စိတ်ဓါတ်၊ ကြိုးစားမှု နှင့် အိမ်ကွင်း မြန်မာ ပရိတ်သတ် များရဲ့ အားပေးမှုကြောင့် ယူအေအီး ကို ၁-၀ ဖြင့် အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ် ကို တက်ရောက်နိုင်ခဲ့ ပြီး နယူးဇီလန် မှာ ကျင်းပမည့် ယူ ၂၀ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
မြန်မာ ယူ ၁၉ အသင်း ဟာ အာရှဖလား ကို ၇ ကြိမ် တိတိ ရရှိခဲ့ဖူး တဲ့ အသင်းဖြစ်ပါတယ်။ ၁၉၇၁ မှာ တတိယ ရရှိခဲ့ပြီး အောင်မြင်မှု နှင့် အလှမ်းဝေးခဲ့ပြီး နောက်ပိုင်း ၂၀၁၄ မှာ ဆီမီးဖိုင်နယ် အထိတက်ရောက် နိုင်ခဲ့ပြီး မြန်မာ့ ဘောလုံး သမိုင်းသစ်ကို ရေးထိုးလိုက်နိုင်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် ချန်ပီယံ ၇ ကြိမ် ပိုင်ဆိုင် နိုင်ခဲ့တဲ့ မြန်မာဘောလုံး အသင်း အောင်မြင်တဲ့နေ့တွေ ပြန်လည်ရောက်ရှိလာမလား ဆိုတာ မျက်လုံးပေါင်းများစွာက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပြီဖြစ်ပါတယ်။
မြန်မာလူငယ် အသင်းရဲ့ အောင်မြင်မှု ကို အဓိက ဦးဆောင်မှုပေးခဲ့ တဲ့ ဂျာမန်သား နည်းပြ Gerd Zeisi ကိုလည်း ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ၁၉၇၁ ကတည်း က နောက်ဆုံး ၄ သင်း အထိ တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့ မြန်မာအသင်း ကို ဆီမီးဖိုင်နယ် အထိ ပို့ဆောင် ပေးနိုင်ခဲ့တာကလည်း နည်းပြ နှင့် မြန်မာ အသင်းအတွက် အဓိက အောင်မြင်မှု ပါပဲ။
မြန်မာ အသင်းဟာ ဒီ ၂၀၁၅ ယူ ၂၀ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပထမဆုံး ပါဝင်ခွင့် ရရှိခဲ့တဲ့ မျက်နှာသစ် အသင်းတစ်သင်းဖြစ်ပါတယ်။မြန်မာ အသင်း သည် ယူ၂၀ ကမ္ဘာ့ ဖလား မှာတော့ အုပ်စု အေ မှာ အိမ်ရှင် နယူးဇီလန် ၊ ယူကရိန်း၊ ယူအက်စ်အေ အသင်းတို့ နှင့် တစ်အုပ်စုထဲ ကျရောက်နေပါတယ်။ မြန်မာအသင်း ရဲ့ ပထမဆုံး အုပ်စု ပွဲ ကိုတော့ ၂၀၁၅ မေ ၃၀ မြန်မာ စံတော်ချိန် နံနက် ၁၀:၃၀ မှာ ယူအက်စ်အေ အသင်း နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။
ဒုတိယပွဲ ကိုတော့ ဇွန်လ ၂ ရက်နေ့ နံနက် ၇:၃၀ မှာ ယူကရိန်း အသင်း နှင့် ယှဉ်ပြိုင် ကစားသွား ရမှာဖြစ် ပါတယ်။ အုပ်စု နောက်ဆုံး ပွဲကို တော့ အိမ်ရှင် နယူးဇီလန် အသင်း နှင့် ဇွန်လ ၅ ရက် နေ့လည် ၁၃:၃၀ မှာ ကစားသွားမည် ဖြစ်ကြောင်းသိရပါတယ်။
ဒီအုပ်စု ထဲမှာတော့ မြန်မာ အသင်းက အင်အား အနည်းဆုံး အသင်းလို့ပြောရမှာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာ လူငယ်ကစားသမားလေးတွေရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ နှင့် ကြိုးစား မှု များနှင့် အတူ နည်းပြ Gerd Zeisi ရဲ့ ဦးဆောင်မှု အောက် မှာ နောက်တစ်ဆင့် ကို တက်လှမ်းနိုင်ခဲ့မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ ခင်ဗျာ။
Football Cafe

မှတ်ချက်များ